တရုတ်နိုင်ငံသားနှစ်ဦး အလုပ်လုပ်နေသည့် ချောင်းဦးမြို့နယ်ရှိ ရွှေသုံးလုံးဂျပ်ပုံးစက်ရုံကို ၁၀ ရက်ကြာ ပိတ်မည်ဖြစ်ပြီး တရုတ်နိုင်ငံသား နှစ်ဦးကို သီးခြားခွဲထား၍ ကျန်းမာရေး စောင့်ကြည့်မည်

တရုတ်နိုင်ငံသားနှစ်ဦး အလုပ်လုပ်နေသည့် ချောင်းဦးမြို့နယ်ရှိ ရွှေသုံးလုံးဂျပ်ပုံးစက်ရုံကို ၁၀ ရက်ကြာ ပိတ်မည်ဖြစ်ပြီး တရုတ်နိုင်ငံသား နှစ်ဦးကို သီးခြားခွဲထား၍ ကျန်းမာရေး စောင့်ကြည့်မည်
Published 22 March 2020
ကောင်းခန့်လင်း (မုံရွာ)

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ချောင်းဦးမြို့နယ်ရှိ ရွှေသုံးလုံးဂျပ်ပုံးစက်ရုံကို ၁၀ ရက်ကြာ ပိတ်မည်ဖြစ်ပြီး ယင်းစက်ရုံတွင် အလုပ်လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား နှစ်ဦးကိုလည်း သီးခြားခွဲထား၍ ကျန်းမာရေး စောင့်ကြည့်သွားမည် ဖြစ်ကြောင်း ချောင်းဦးမြို့နယ် လူငယ်ကွန်ယက်အဖွဲ့မှ ကိုမာန်ဇာမြေမွန်၏ ပြောကြားချက်အရ သိရသည်။

အဆိုပါ တရုတ်နိုင်ငံသားနှစ်ဦးကို ချောင်းဦးမြို့နယ်ရှိ ရွှေသုံးလုံးဂျပ်ပုံး စက်ရုံတွင် သီးခြားခွဲ၍ ထားရှိသွားမည် ဖြစ်ကြောင်း ယင်းစက်ရုံတွင် အလုပ်လုပ်ကိုင်နေသည့် အလုပ်သမား ၃၀ ကျော်ကို အလုပ်မှ ယာယီရပ်နား ပေးထားကြောင်း ၄င်းကဆိုသည်။

"ကျွန်တော်တို့ ချောင်းဦးမြို့နယ် ရွှေသုံးလုံးဂျပ်ပုံးစက်ရုံမှာ တရုတ်နိုင်ငံသား နှစ်ယောက်က အလုပ်လုပ်နေတာ။ အခုလ ၁၉ ရက်နေ့ကလည်း သက်ဆိုင်ရာက တရုတ်နိုင်ငံသား နှစ်ယောက်ရဲ့ ကျန်းမာရေးကို စစ်ဆေးတယ်တဲ့။ ဒါနဲ့ပက်သက်လို့ ကျနော်တို့ အရပ်ဖက် အဖွဲ့အစည်းတွေက ထွေအုပ်ရုံးမှာ သူတို့နှစ်ယောက်ကို ကျန်းမာရေးအရ သီးခြားခွဲပြီးတော့ စောင့်ကြည့် မကြည့် ဆိုတာမျိုးကို ဒီကနေ့ပဲ အစည်းအဝေးလုပ်တယ်။ အဖြေကတော့ တရုတ်နိုင်ငံသား နှစ်ယောက်ကို အဲဒီစက်ရုံမှာ သီးခြားခွဲထားပြီးတော့ စောင့်ကြည့်မယ်။ ပြီးတော့ စက်ရုံကိုလည်း ၁၀ ရက်ပိတ်မယ်။ အလုပ်သမားတွေကတော့ လစာမဖြတ်ပဲ အလုပ်ကနေ ယာယီရပ်နား ခိုင်းလိုက်တယ်" ဟု ချောင်းဦးမြို့နယ် လူငယ်ကွန်ယက်အဖွဲ့မှ ကိုမာန်ဇာမြေမွန်က ပြောကြားသည်။

အဆိုပါ တရုတ်နိုင်ငံသား နှစ်ယောက်သည် တရုတ်နိုင်ငံ မန်စီမြို့ကနေ ချောင်းဦးမြို့နယ်ရှိ ရွှေသုံးလုံးဂျပ်ပုံး စက်ရုံတွင် အလုပ်လုပ်ရန် ယခင်ကတညည်းက ရောက်ရှိနေသူ နှစ်ဦးဖြစ်ကြောင်း မတ်လ ၁၈ ရက်နေ့က ယင်းနှစ်ယောက်သည် ယာယီနေရပ်ပြန်သွားကာ ဗီဇာအသစ်ပြုလုပ်၍ မတ်လ ၁၉ ရက်နေ့တွင် ထပ်မံပြန်လည် ရောက်ရှိလာကြောင်း ၄င်းကဆက်လက် ပြောကြားသည်။

COVID-19 နှင့်ပက်သက်၍ လက်တလောတွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၊ တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာန၊ တိုင်းဒေသကြီး အတွင်းရှိ ဌာနဆိုင်ရာများ၊ အရပ်ဖက် အဖွဲ့အစည်းများက အသိပညာပေး လုပ်ငန်းများကို အရှိန်အဟုန်မြင့် လုပ်ဆောင်နေကြောင်း သိရသည်။