ချင်းအမျိုးသားလုံခြုံရေးသည် အရေးပေါ်အခြေအနေသို့ ရောက်ရှိနေပြီး ချင်းအမျိုးသားလုံခြုံရေးနှင့် ချင်းအမျိုးသားတည်ဆောက်ရေးကို အမြင့်ဆုံးအဆင့်သို့ မြှင့်တင်ဆောင်ရွက်ရန် ချင်းလူထုသို့ CNF အသိပေးပန်ကြား

ချင်းအမျိုးသားလုံခြုံရေးသည် အရေးပေါ်အခြေအနေသို့ ရောက်ရှိနေပြီး ချင်းအမျိုးသားလုံခြုံရေးနှင့် ချင်းအမျိုးသားတည်ဆောက်ရေးကို အမြင့်ဆုံးအဆင့်သို့ မြှင့်တင်ဆောင်ရွက်ရန် ချင်းလူထုသို့ CNF အသိပေးပန်ကြား
မတ် ၁၆ ရက်မှ ၁၉ ရက်ထိ ပြုလုပ်ခဲ့သော CNF ၏ ၇ ကြိမ်မြောက်ညီလာခံအား တွေ့ရစဉ် (Photo: CNF)
မတ် ၁၆ ရက်မှ ၁၉ ရက်ထိ ပြုလုပ်ခဲ့သော CNF ၏ ၇ ကြိမ်မြောက်ညီလာခံအား တွေ့ရစဉ် (Photo: CNF)
Published 21 March 2020
မင်းနိုင်စိုး

ချင်းအမျိုးသားလုံခြုံရေးသည် လက်ရှိအချိန်တွင် အရေးပေါ်အခြေအနေသို့ ရောက်ရှိနေပြီး ချင်းအမျိုးသားလုံခြုံရေးနှင့် ချင်းအမျိုးသား တည်ဆောက်ရေးကို အမြင့်ဆုံးအဆင့်သို့ မြှင့်တင်ဆောင်ရွက်ရန် ချင်းလူထုသို့ ချင်းအမျိုးသားတပ်ဦး (CNF) က မတ် ၂၀ ရက်တွင် ကြေညာချက်ထုတ်ပြန်ကာ အသိပေးပန်ကြားသည်။

၂၀၂၀ ပြည့်နှစ် မတ် ၂၀ ရက်တွင် ကျရောက်သည့် (၃၂) နှစ်မြောက် ချင်းတော်လှန်ရေးနေ့တွင် CNF က ထိုသို့ အသိပေးပန်ကြားခဲ့ခြင်းဖြစ်ပြီး ချင်းအမျိုးသားလုံခြုံရေး (Chin Nation Security) သည် ယနေ့ကာလ၌ အရေးပေါ်အခြေအနေသို့ ရောက်ရှိနေကြောင်း၊ ချင်းအမျိုးသားလုံခြုံရေးကို တာဝန်ယူဆောင်ရွက်ရန် လိုအပ်နေသကဲ့သို့ ချင်းအမျိုးသားတည်ဆောက်ရေး (Chin Nation Building) ကိုလည်း အမြင့်ဆုံးအဆင့်သို့ မြှင့်တင်ဆောင်ရွက်ရန် လိုအပ်နေကြောင်း CNF က အသိပေးပန်ကြားခြင်းဖြစ်သည်။

CNF အနေဖြင့် ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများ အပြည့်အဝရှိပြီး နိုင်ငံရေးအရ တန်းတူမှုရှိသော အမျိုးသားပြည်နယ်များနှင့် ပထဝီအခြေခံ ပြည်နယ်များဖြင့် စုဖွဲ့ထားသည့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေကြောင်း အဆိုပါပန်ကြားချက်တွင် ဖော်ပြခဲ့သည်။

ထို့ပြင် CNF အနေဖြင့် ချင်းအမျိုးသား စည်းလုံးညီညွတ်ရေး၊ ချင်းအမျိုးသားများ ပြန်လည်သင့်မြတ်ရေးနှင့် ချင်းအမျိုးသား နိုင်ငံရေး ပိုမိုအားကောင်းလာစေရေးတို့ကို ရှေးရှု၍ သေဒဏ်နှင့် အခြားပြစ်ဒဏ်များ စီရင်ခြင်း ခံရသူများအားလုံးကို ၂၀၂၀ ပြည့်နှစ် မတ် ၂၀ ရက်တွင် ကျရောက်သော (၃၂) နှစ်မြောက် ချင်းတော်လှန်ရေးနေ့တွင် လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်ကြောင်းလည်း CNF က ကြေညာသည်။

CNF ၏ သတ္တမအကြိမ်မြောက် ညီလာခံသက်တမ်း၏ ကြွေးကြော်သံအဖြစ် “ ချင်း အချင်းချင်း သွေးစည်းညီညွတ်ကြလော့” ဟူသည့် ကြွေးကြော်သံကို သတ်မှတ်ထားသည့်အတွက် ချင်းအမျိုးသားလုံခြုံရေးနှင့် ချင်းအမျိုးသား တည်ဆောက်ရေးအတွက် ချင်း အမျိုးသားများအားလုံးသည် အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကိုလည်း CNF က ဖော်ပြခဲ့သည်။

အဆိုပါ လုပ်ငန်းစဉ်များတွင် ချင်းအမျိုးသားတည်ဆောက်ရေးနှင့် ချင်းအမျိုးသား လုံခြုံရေးအတွက် ချင်းအမျိုးသားတိုင်းတွင် တာဝန်ရှိကြောင်း၊ ယင်းလုပ်ငန်းစဉ်နှစ်ရပ်အတွက် ဒေသ၊ မြို့နယ်အဆင့်များကို ကျော်လွန်၍ အမျိုးသားတစ်ရပ်အဆင့်ဖြင့် ဆောင်ရွက်ကြရမည်ဟု CNF က တိုက်တွန်းသည်။

ပြည်တွင်းပြည်ပရှိ ချင်းဘာသာရေး ခေါင်းဆောင်များသည် ချင်းအမျိုးသားတည်ဆောက်ရေးနှင့် ချင်းအမျိုးသားလုံခြုံရေးအတွက် အသီးသီးတာဝန်ရှိပြီး ယင်းလုပ်ငန်းစဉ်နှစ်ရပ်အတွက် ချင်းအမျိုးသားတိုင်းသည် သင့်လျော်သည့် ရန်ပုံငွေပမာဏဖြင့် ပါဝင်ရမည်ဖြစ်ကြောင်း၊ ပြည်တွင်းပြည်ပရှိ ချင်း စီးပွားရေးလုပ်ငန်းရှင်များသည်လည်း ယင်းလုပ်ငန်းစဉ်နှစ်ရပ်အတွက် ဝိုင်းဝန်းပံ့ပိုးရန် တာဝန်ရှိကြောင်း CNF က အသိပေးပန်ကြားခဲ့သည်။

ထို့ပြင် လက်ရှိအချိန်သည် ချင်းလူမျိုးများ ရှင်သန်ရပ်တည်နိုင်ရေးအတွက် ရုန်းကန်လှုပ်ရှားနေရသော အချိန်ကာလဖြစ်သည့်အတွက် ချင်းအမျိုးသားတစ်ရပ်လုံး စည်းလုံးညီညွတ်ရေး အထူးလိုအပ်နေသော အချိန်အခါဖြစ်ကြောင်းလည်း ၃၂ နှစ်မြောက် ချင်းတော်လှန်ရေးနေ့ အခမ်းအနားတွင် CNF ဥက္ကဋ္ဌ ပူးဇင်ကျုံးက ပြောကြားသည်။

လက်ရှိအချိန်သည် ချင်းလူမျိုးများအတွက် အရေးကြီးသော အချိန်ကာလဖြစ်သကဲ့သို့ အဆုံးအဖြတ်ပေးမည့် ကာလလည်းဖြစ်ကြောင်း၊ ချင်းလူမျိုးများအနေဖြင့် သူတစ်ပါး၏ အုပ်ချုပ်မှုအောက်တွင် သက်သောင့်သက်သာနေ၍ ချင်းလူမျိုးဖြစ်မှုကို အဆုံးရှုံးခံမည်လား၊ ကမ္ဘာတည်သရွေ့ ချင်းအမျိုးသားများ ရှင်သန်ရပ်တည်ရေးအတွက် စည်းစည်းလုံးလုံးဖြင့် အတူတကွ ရပ်တည်ကြမည်လားဆိုသည်ကို ရွေးချယ်ရမည့်အချိန်ဖြစ်သည်ဟု CNF ဥက္ကဋ္ဌက ဆိုသည်။

Most Read

Most Recent