ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံစီမံကိန်းပဋိပက္ခနှင့် ပတ်သက်၍ ပုဒ်မ သုံးခုဖြင့် ဖမ်းဆီးတရားစွဲဆိုခံထားရသည့် ဒေသခံ ငါးဦးကို ပုသိမ်ကြီးမြို့နယ်တရားရုံးက အလုပ်နှင့် ထောင်ဒဏ် ငါးနှစ်ချမှတ်

ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံစီမံကိန်းပဋိပက္ခနှင့် ပတ်သက်၍ ပုဒ်မ သုံးခုဖြင့် ဖမ်းဆီးတရားစွဲဆိုခံထားရသည့် ဒေသခံ ငါးဦးကို ပုသိမ်ကြီးမြို့နယ်တရားရုံးက အလုပ်နှင့် ထောင်ဒဏ် ငါးနှစ်ချမှတ်
ပုံစာ- ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံစီမံကိန်း ပဋိပက္ခနှင့်ပတ်သက်၍ အလုပ်နှင့်ထောင်ဒဏ် ငါးနှစ်ချမှတ်ခံခဲ့ရသည့် အောင်သပြေကျေးရွာဒေသခံများကို တွေ့ရစဉ်
ပုံစာ- ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံစီမံကိန်း ပဋိပက္ခနှင့်ပတ်သက်၍ အလုပ်နှင့်ထောင်ဒဏ် ငါးနှစ်ချမှတ်ခံခဲ့ရသည့် အောင်သပြေကျေးရွာဒေသခံများကို တွေ့ရစဉ်
Published 20 March 2020
ဌေးလှအောင်

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်ရှိ ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံစီမံကိန်း ပဋိပက္ခနှင့် ပတ်သက်၍ ရာဇသတ်ကြီးပုဒ်မ ၄၃၆၊ ၄၄၀၊ ၁၁၄ တို့ဖြင့် ဖမ်းဆီး တရားစွဲဆိုခြင်းခံထားရသည့် အောင်သပြေကျေးရွာမှ ဒေသခံ ငါးဦးတို့ကို မတ် ၂၀ ရက် ညနေပိုင်းတွင် ပုသိမ်ကြီးမြို့နယ်တရားရုံးက အလုပ်နှင့်ထောင်ဒဏ် ငါးနှစ်အား တစ်ပေါင်းတည်းကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပုသိမ်ကြီးမြို့နယ်ရှိ ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံစီမံကိန်းပဋိပက္ခနှင့် ပတ်သက်၍ အောင်သေပြေကျေးရွာမှ ရာအိမ်မှူးဟောင်း ကိုမိုးလင်းနှင့် ကိုကျော်ဇေယျပါ ငါးဦးတို့အား စက်ရုံစီမံကိန်းဝန်းအတွင်းရှိ အဆောက်အအုံများအား မီးရှို့ဖျက်ဆီးခဲ့သည်ဟုဆိုကာ ရာဇသတ်ကြီးပုဒ်မ ၄၃၆/၁၁၄ ဖြင့် အလုပ်နှင့်ထောင်ဒဏ် ငါးနှစ်၊ ပုဒ်မ ၄၄၀/၁၁၄ ဖြင့် အလုပ်နှင့်ထောင်ဒဏ် နှစ်နှစ်ချမှတ်ခဲ့ပြီး ပြစ်ဒဏ်များအား တစ်ပေါင်းတည်းကျခံစေရန် အမိန့်ချမှတ်ခဲ့သဖြင့် အမြင့်ဆုံး ပြစ်ဒဏ်အဖြစ် အလုပ်နှင့် ထောင်ဒဏ် ငါးနှစ် ကျခံသွားရမည်ဖြစ်ကာ ချုပ်ရက်များကို ထုတ်နုတ်ခံစားခွင့်ရရှိမည် ဖြစ်ကြောင်း အဆိုပါအမှုကို အခမဲ့လိုက်ပါ ဆောင်ရွက်ပေးခဲ့သည့် တရားလွှတ်တော်ရှေ့နေ ဦးစည်သူက ပြောကြားသည်။

“ဒီကနေ့ အပြီးသတ် အမိန့်ချမှတ်လိုက်တဲ့ အမှုဟာဆိုရင် ကုမ္ပဏီဘက်က တာဝန်ရှိတဲ့ ဦးဟန်ဇော်လင်းက တရားလိုပြုလုပ်ပြီးတော့ ဒေသခံ ခြောက်ဦးတို့အပေါ်မှာ ရာဇသတ်ကြီး ပုဒ်မ ၄၃၆၊ ၄၄၀ အရ စွဲဆိုထားတဲ့ အမှုဖြစ်ပါတယ်။ အဲဒီ ခြောက်ဦး စွဲဆိုထားတဲ့အမှုမှာ ဦးမြင့်ခိုင်ကတော့ စွဲချက်မတင်မီ တရားရှင် လွတ်သွားပါတယ်။ ကျန်တဲ့ ငါးဦးကိုတော့ ပုဒ်မ ၄၃၆၊ ၄၄၀၊ ၁၁၄ တို့နဲ့ စွဲချက်တင်ခဲ့ပါတယ်။ အဲဒီလို စွဲချက်တင်ထားတဲ့ ပုဒ်မ သုံးခုနဲ့ပဲ ဒီကနေ့ အပြီးသတ်အမိန့်ချမှတ်လိုက်တာပါ။ အမိန့်ချမှတ်တဲ့နေရာမှာ ရာဇသတ်ကြီး ပုဒ်မ ၄၃၆/၁၁၄ အရ အလုပ်နဲ့ထောင်ဒဏ် ငါးနှစ် ချလိုက်ပါတယ်။ ပုဒ်မ ၄၄၀/၁၁၄ အရ အလုပ်နဲ့ ထောင်ဒဏ် နှစ်နှစ် ချမှတ်လိုက်ပါတယ်။ ပြစ်ဒဏ်တွေကို တစ်ပေါင်းထဲ ကျခံစေဆိုပြီးတော့ အမိန့်ချမှတ်ခဲ့ပါတယ်။ အဲဒီအခါမှာ အမြင့်ဆုံး ပြစ်ဒဏ်ဖြစ်တဲ့ ငါးနှစ် ပြစ်ဒဏ် ခံစားရမှာ ဖြစ်ပါတယ်။ ချုပ်ရက်တွေကိုတော့ အသီးသီးထုတ်နုတ် ခံစားခွင့်ရရှိမှာ ဖြစ်ပါတယ်။ ဒီလိုချမှတ်လိုက်တဲ့ အမိန့်အပေါ်မှာ အထက်တရားရုံးအဆင့်ဆင့်ကို အယူခံတက်သွားခွင့် ရှိပါသေးတယ်။ ဒါကြောင့် အယူခံဆက်တက်ဖို့က ဆက်လက် ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်”ဟု အောင်သပြေကျေးရွာ ဒေသခံများဘက်မှ အခမဲ့ အမှုလိုက်ပါ ဆောင်ရွက်ပေးခဲ့သည့် တရားလွှတ်တော်ရှေ့နေ ဦးစည်သူက ပြောကြားသည်။

အဆိုပါ အပြီးသတ် အမိန့်ချမှတ်ခဲ့ပြီးနောက် ထောင်ဒဏ်ချမှတ်ခြင်း ခံခဲ့ရသည့် ဒေသခံများက ယင်းကဲ့သို့ ပြစ်ဒဏ်ချမှတ်မှုမှာ တရားမျှတမှု မရှိကြောင်း ပြောကြားခဲ့ကြသည်။ ထို့ပြင် အဆိုပါ အမှုရုံးချိန်းသို့ လာရောက်ခဲ့သည့် ထောင်ဒဏ် ချမှတ်ခံခဲ့ရသော ဒေသခံများ၏ မိသားစုဝင်များကလည်း မတရားလုပ်ခံရခြင်း ဖြစ်ကာ တရားမျှတမှု မရှိကြောင်း ပြောဆိုခဲ့ကြသည်။ အပြီးသတ် အမိန့်ချမှတ်ခဲ့သည့် အမှုရုံးချိန်းသို့ ထောင်ဒဏ်ချမှတ်ခံခဲ့ရသည့် ဒေသခံများ၏ မိသားစုဝင်များ၊ ဒေသခံ ရွာသားများက လာရောက် ဝန်းရံပေးခဲ့ကြသည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် မေလက ဖြစ်ပွားခဲ့သည့် ပုသိမ်ကြီးမြို့နယ်၌ တည်ဆောက်လျက်ရှိသည့် တစ်နေ့ တန် ၅၀၀၀ ကျ ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံစီမံကိန်း ပဋိပက္ခနှင့် ပတ်သက်၍ ကုမ္ပဏီ၊ ရဲတပ်ဖွဲ့နှင့် မြို့နယ်ထွေအုပ်တို့က ဒေသခံများအပေါ် ပုဒ်မမျိုးစုံတို့ဖြင့် အမှုအသီးသီးခွဲကာ တရားစွဲဆိုထားခြင်းဖြစ်ပြီး ထိုသို့ တရားစွဲဆိုထားမှုများအနက် ကုမ္ပဏီအတွင်းရှိ အဆောက်အအုံများကို ပဋိပက္ခဖြစ်စဉ်အတွင်း ဖျက်ဆီးမီးရှို့ခဲ့သည်ဟုဆိုကာ အောင်သပြေကျေးရွာမှ ဒေသခံ ခြောက်ဦးတို့ကို ကုမ္ပဏီဘက်က တရားလိုပြုလုပ်၍ ရာဇသတ်ကြီး ပုဒ်မ ၄၃၆၊ ၄၄၀ တို့ဖြင့် ဖမ်းဆီးတရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ ပုဒ်မနှစ်ခုဖြင့် ဒေသခံ ခြောက်ဦးတို့ကို တရားစွဲဆိုထားမှုတွင် ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၂၀ ရက် ရုံးချိန်း၌ ဒေသခံတစ်ဦးကို ပုသိမ်ကြီးမြို့နယ်တရားရုံးက ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၂၅၃(၁) အရ စွဲချက်မတင်မီ တရားရှင် လွှတ်ပေးခဲ့ပြီး ကျန်ငါးဦးကို ပုဒ်မ ၄၃၆၊ ၄၄၀၊ ၁၁၄ တို့ဖြင့် စွဲချက်တင်ခဲ့ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးစည်သူက ပြောကြားသည်။

အဆိုပါ အမှုနှင့်ပတ်သက်ပြီး ဒေသခံတစ်ဦးမှာ စွဲချက်မတင်မီ တရားရှင် လွတ်မြောက်သွားခဲ့သော်လည်း ပုဒ်မ သုံးခုဖြင့် စွဲချက်တင်ခံခဲ့ရသည့် ဒေသခံ ငါးဦးတို့ကို ပုသိမ်ကြီးမြို့နယ် တရားရုံးက မတ် ၂၀ ရက်တွင် အလုပ်နှင့်ထောင်ဒဏ် ငါးနှစ်ကို တစ်ပေါင်းတည်း ကျခံစေရန် အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

ပုသိမ်ကြီးမြို့နယ်၊ အောင်သပြေကျေးရွာအနီး တည်ဆောက်လျက်ရှိသည့် တစ်နေ့ တန် ၅၀၀၀ ကျ ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံစီမံကိန်းပဋိပက္ခနှင့် ပတ်သက်၍ အလွတ်တန်း သတင်းထောက်တစ်ဦး အပါအဝင် ဒေသခံ ရှစ်ဦးတို့ကို ရာဇသတ်ကြီး ပုဒ်မ ၅၀၅(ခ)၊ ၃၃၃၊ ၁၁၄၊ ၄၄၀၊ ၄၃၅၊ ၄၃၆၊ လက်နက်မှုပုဒ်မ ၁၉(င) အစရှိသည့် ပုဒ်မများဖြင့် အမှုအသီးသီးခွဲ၍ ကုမ္ပဏီ၊ ရဲတပ်ဖွဲ့နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး အစရှိသည်တို့က တရားလိုပြုလုပ်ကာ အမှုဖွင့်တရားစွဲဆိုခဲ့ပြီး ယင်းအမှုများအနက် ပုဒ်မ ၅၀၅(ခ)၊ ပုဒ်မ ၄၃၆၊ ၄၄၀ အမှုတို့မှာ အပြီးသတ်အမိန့်များ ချမှတ်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံစီမံကိန်းပဋိပက္ခနှင့် ပတ်သက်၍ ဒေသခံ ရှစ်ဦးတို့မှာ အချုပ်ဖြင့် အမှုရင်ဆိုင်နေရဆဲဖြစ်ကြောင်း သိရသည်။ ထို့ပြင် စီမံကိန်းပဋိပက္ခနှင့် ပတ်သက်၍ ဖမ်းဆီးခံခဲ့ရသည့် အောင်သပြေရွာသား ကိုထွန်းမြင့်ဝင်းမှာ ၂၀၁၉ ခုနှစ် ဇွန်လအတွင်းက ဖမ်းဆီးခံရပြီး ရက်ပိုင်းအကြာတွင် မန္တလေး ဗဟိုအကျဉ်းထောင်အတွင်း ရိုက်နှက်နှိပ်စက်ခံရပြီး သေဆုံးသွားခဲ့သည်။

စီမံကိန်းပဋိပက္ခနှင့် ပတ်သက်၍ အောင်သပြေကျေးရွာဒေသခံ ၅၀ ဝန်းကျင်ခန့်ကို ရဲတပ်ဖွဲ့က အမှုဖွင့် ဖမ်းဝရမ်းထုတ်ထားသဖြင့် ဒေသခံအချို့မှာ ထွက်ပြေးတိမ်းရှောင်နေရဆဲ ဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent