ကိုရိုနာဗိုင်းရပ်စ်ပိုးအသစ် ကူးစက်ပျံ့နှံ့မှုသည် တရုတ်နိုင်ငံ ပြင်ပ၌လည်း ဆက်လက်ဖြစ်ပေါ်နေသောကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ကျန်းမာရေးဆိုင်ရာ ကမ္ဘာ့အရေးပေါ်အခြေအနေအဖြစ် ဇန်နဝါရီလ ၃၀ ရက်တွင် ကြေညာခဲ့သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က COVID-19 (ကိုရိုနာဗိုင်းရပ်စ်ပိုးအသစ်ကို နောက်ပိုင်း၌ ယင်းကဲ့သို့ အမည်ပေး) ရောဂါဖြစ်ပွားပျံ့နှံ့မှုအား ကမ္ဘာ့ကပ်ရောဂါ (Pandemic) အဖြစ် မတ် ၁၁ ရက်က သတ်မှတ်ကြေညာခဲ့ပြီးနောက် ကမ္ဘာတစ်ဝန်း၌ စိုးရိမ်မှုများ ပိုမိုမြင့်တက်လာနေသည်။ တရုတ်နိုင်ငံ ဝူဟန်မြို့ ပင်လယ်စာရောင်းချသည့် စျေးမှနေ၍ စတင်ပေါ်ထွက်လာသည်ကို အစွဲပြု၍ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးအသစ်ကို ယခင်က ဝူဟန်ဗိုင်းရပ်စ်ဟု လူအများကြား ခေါ်ဆိုခဲ့ကြသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ လေ့လာတွေ့ရှိချက်အရ ယင်းဗိုင်းရပ်စ်ပိုးသည် တိရစ္ဆာန်မှစ၍ကူးစက်ခြင်း ဖြစ်နိုင်ကြောင်း သိရသည်။ ယင်းဗိုင်းရပ်စ် စတင်ကူးစက်ခံရသူများသည် ဝူဟန်မြို့ရှိ ဟွာနန်ပင်လယ်စာ ရောင်းဝယ်ရေးစျေးကြီးနှင့် တစ်နည်းနည်းဖြင့် ပတ်သက်နေသူများဖြစ်ကြောင်း သိရှိရသည်။ ကိုရိုနာဗိုင်းရပ်စ်၌ ပိုးမျိုးကွဲများစွာ ပါဝင်ပြီး ယင်းတို့အနက် ခြောက်မျိုးကသာ လူကို ကူးစက်နိုင်ကြောင်း ယခင်က တွေ့ရှိထားသည်။ ယခု နောက်ဆုံးဗိုင်းရပ်စ်ပိုးသစ်ကို ထည့်သွင်းပါက လူကို ကူးစက်နိုင်သည့် ကိုရိုနာဗိုင်းရပ်စ်ပိုး ခုနစ်မျိုးအထိ ရှိလာပြီဖြစ်သည်။ ယင်းပိုးသည် ပြင်းထန်သော အဆုတ်ရောင်ဝေဒနာကို ဖြစ်စေလျက် နောက်ဆုံး ကျောက်ကပ်ပျက်စီးကာ အသက်ဆုံးရှုံးသည်အထိ ဖြစ်စေနိုင်ကြောင်း သိရသည်။
ယင်းသည် အဓိကအားဖြင့် အသက်ရှူလမ်းကြောင်းနှင့် ပတ်သက်သည့် ရောဂါလက္ခဏာရပ်များ ဖြစ်ပေါ်စေနိုင်သည်။ ရောဂါပိုး ကူးစက်ခံရပြီဆိုလျှင် အသက်ရှူလမ်းကြောင်းကို ထိခိုက်မှုများ စတင်တွေ့ရှိရသည်။ အဖျားတက်ခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူမဝခြင်းနှင့် အသက်ရှူရခက်ခဲခြင်း၊ အားအင်ကုန်ခန်းခြင်းတို့ ဖြစ်ပေါ်လာတတ်သည်။ အစပိုင်း၌ ခန္ဓာကိုယ်အပူချိန် မြင့်တက်ပြီး ချောင်းခြောက်များ ဆိုးကာ သီတင်းတစ်ပတ်အကြာတွင် အားအင်ကုန်ခန်းလျက် အသက်ရှူကျပ်သည်အထိ ဖြစ်ပေါ်လာတတ်သည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နှင့် မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနတို့က ထုတ်ပြန်သည့် လမ်းညွှန်ချက်များအရ အောက်ပါအချက်များကို လိုက်နာဆောင်ရွက်ပါက ရောဂါပိုးကူးစက်ခံရနိုင်ခြေကို လျှော့ချနိုင်မည်ဖြစ်သည်။ ၎င်းတို့မှာ ဖျားနာ ချောင်းဆိုး နှာချေ အစရှိသည့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာရပ်များကို ခံစားနေရသူများနှင့် အနီးကပ် နေထိုင်မှုကို ရှောင်ကြဉ်ခြင်း၊ တတ်နိုင်သမျှ လူထူထပ်သည့် နေရာများသို့ သွားလာမှု မပြုခြင်း၊ လက်ကို ဆပ်ပြာနှင့် ရေ သို့မဟုတ် အရက်ပြန်ပါသော လက်ဆေးရည်ကို အသုံးပြု၍ သန့်စင်အောင် လိုအပ်သလို မကြာခဏ ဆေးကြောပေးခြင်း၊ နှာချေ ချောင်းဆိုးလျှင် နှာခေါင်းနှင့် ပါးစပ်ကို လုံခြုံအောင်ဖုံးအုပ်ထားခြင်း၊ နှာခေါင်းစည်းများကို အသုံးပြုခြင်း (အထူးသဖြင့် အများပြည်သူသုံးယာဉ်များ စီးနင်းချိန်တို့၌ အခြားသူများထံ ရောဂါမကူးစက်စေရန် သတိပြုခြင်း)၊ နှာချေ ချောင်းဆိုးသည့်အခါ တစ်ရှူး အသုံးပြုပါက အမှိုက်ပုံးထဲသို့ သေချာစွာထည့်ခြင်း၊ လက်ကို စင်ကြယ်အောင် ဆပ်ပြာဖြင့် သေသေချာချာ ပြန်ဆေးခြင်း၊ တိရစ္ဆာန်များကို အကာအကွယ်မရှိဘဲ တိုက်ရိုက်ထိတွေ့ ကိုင်တွယ်ပွတ်သပ် နမ်းရှုံ့မှုများ မလုပ်ခြင်း၊ အသား ငါးနှင့် ဥများကို သေချာစွာ ချက်ပြုတ်စားသောက်ခြင်း၊ တစ်ကိုယ်ရေ သန့်ရှင်းရေးအား ဂရုစိုက်ခြင်းနှင့် အိပ်ရေး ၀၀ အိပ်ခြင်း၊ အာဟာရပြည့်သည့် အစားအသောက် များများစားခြင်းနှင့် ကိုယ်လက်လှုပ်ရှားမှု မှန်မှန်ပြုလုပ်ခြင်းတို့ ဖြစ်ကြသည်။ ကျန်းမာရေးဝန်ထမ်းများအနေဖြင့်လည်း လူနာကို ထိတွေ့ကိုင်တွယ်ရချိန်၌ မိမိအား မကူးစက်အောင် အထူးဂရုပြုလိုက်နာရန်နှင့် လူနာကို စမ်းသပ်ကိုင်တွယ်ပြီးတိုင်း လက်ကို နည်းလမ်းတကျ ဆပ်ပြာဖြင့် စင်ကြယ်စွာဆေးရန် လိုအပ်သည်။
မြန်မာနိုင်ငံ၌ ယနေ့အထိ ကူးစက်ခံရသူ တွေ့ရှိရခြင်း မရှိသေးသော်လည်း မိမိကိုယ်တိုင်ကိုသာမက မိမိ၏ အသိုင်းအဝိုင်းကိုပါ သေဆုံးသည်အထိ ဒုက္ခပေးနိုင်သည့် COVID-19 သို့မဟုတ် ကိုရိုနာဗိုင်းရပ်စ်ပိုးအသစ်ကို အထူးဂရုပြုကာကွယ်ရန် လိုအပ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။
■ (မတ်လ ၁၇ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)









