နိုင်ငံတစ်နိုင်ငံ အေးချမ်းတည်ငြိမ်ပြီး ဖွံ့ဖြိုးတိုးတက်ရန် စီးပွားရေးဆိုင်ရာ တန်းတူညီမျှမှု ရှိရေးသည်လည်း အချက်တစ်ချက်အနေဖြင့် အဓိကအခန်းကဏ္ဍတွင် ရှိနေသည်။ စီးပွားရေးဆိုင်ရာ တန်းတူညီမျှမှုဆိုရာတွင် အခွန်ကောက်ခံခြင်းနှင့် လူမှုဖူလုံရေးဆိုင်ရာ ပြန်လည်ထောက်ပံ့ခြင်းကဲ့သို့သော အပြန်အလှန် အထောက်အကူပြုနိုင်သည့် ညီမျှသော အခွင့်အလမ်းရရှိရေး သဘောတရားများ ပါဝင်နေသည်။ တန်းတူညီမျှမှုဆိုသည်မှာ ကိုယ်ကျင့်တရားဆိုင်ရာ တရားမျှတမှုရှိရေး အခြေခံသဘောတရားအပါအဝင် စီးပွား ရေးစနစ်တစ်ခုလုံး၏ အရင်းအနှီး၊ ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုဆိုင်ရာ အခြေအနေများအား ခွဲဝေအသုံးချမှုများကို ဆန်းစစ်ကြည့်ရလေ့ ရှိသည်။
စီးပွားရေးဖွံ့ဖြိုးရန် အရင်းအမြစ်များ၏ အရည်အသွေး မြင့်တက်မှု၊ နည်းပညာပိုင်းဆိုင်ရာ တိုးတက်မှု၊ ကဏ္ဍအသီးသီးမှ ထုတ်ကုန်ပစ္စည်းများ၏ ဝန်ဆောင်မှုတန်ဖိုးများ မြင့်လာစေခြင်းများသည် ထုတ်လုပ်မှုဆိုင်ရာ၊ ရလဒ်ပိုင်းဆိုင်ရာ မြင့်တက်မှုအတွက် အရေးပါသော အချက်အလက်များ ဖြစ်လာနိုင်သည်။ ထိုမှ စီးပွားရေးနယ်ပယ်၏ ဖွံ့ဖြိုးကြီး ထွားမှုကို နိုင်ငံ၏ ဂျီဒီပီမြင့်တက်မှုအဖြစ် တိုင်းတာနိုင်မည်ဖြစ်သည်။ စီးပွားရေးဖွံ့ဖြိုးမှု ဆိုသည်မှာ စံသတ်မှတ်ချက်နှင့် စည်းမျဉ်းများအပေါ် အခြေခံထားသော သဘောတရား ပင်ဖြစ်သည်။ လူနေမှုအဆင့်အတန်း မြင့်မားခြင်း အပါအဝင် စီးပွားရေးနယ်ပယ်ဆိုင်ရာ ဖွံ့ဖြိုးမှုများ တိုးတက်လာခြင်း၊ ဖိနှိပ်ခံရမှုကင်းခြင်းအပြင် ရွေးချယ်ခွင့်ရှိခြင်းတို့သည်လည်း စီးပွားရေးဖွံ့ဖြိုးမှုအတွက် လိုအပ်သော အချက်အလက်များပင် ဖြစ်သည်။ လူသား ဖွံ့ဖြိုးမှုအညွှန်းကိန်းသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို တိုင်းတာရန် တိကျသည့် နည်း လမ်းတစ်ခုပင် ဖြစ်သည်။ စီးပွားရေးဖွံ့ဖြိုးမှုဖြင့် ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင် အခွင့်အလမ်းနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အခန်းကဏ္ဍများအတွက် ပိုမို ကောင်းမွန်သော ဖန်တီးမှုများဆီသို့ ဦးတည်စေနိုင်မည် ဖြစ်သည်။
နည်းပညာ ကျွမ်းကျင်ပြီး အသိဉာဏ်ရှိသော လုပ်သားအင်အားများသည် နိုင်ငံ၏ ကျောရိုးအဖြစ် အဓိကတာဝန်များကို ထမ်းဆောင်သူများအဖြစ် ရှိနေမည်ဖြစ်သည်။ ရိုးသားသော၊ သစ္စာရှိသော၊ အလုပ်ကြိုးစားသော၊ နှစ်မြှုပ်ထားသော၊ အသိဉာဏ်ရှိသော လုပ်သားအင်အားစုသည် နိုင်ငံဖွံ့ဖြိုးရေးလမ်းကြောင်းပေါ်တွင် များစွာအထောက် အကူပြုမည့် အင်အားစုများ ဖြစ်ပါသည်။
ဆင်းရဲမွဲတေမှု၊ အကြမ်းဖက်မှု၊ မျှတမှုမရှိခြင်းကဲ့သို့ လောဘကြီးမှု၊ ရောဂါဘယ များနှင့် သဘာဝ ဘေးအန္တရာယ်ကြောင့် ပျက်စီးစေမှုများသည် စီးပွားရေးစနစ်၌ ကမ္ဘာ့လူသားများအပေါ် ထိခိုက်စေသည့် အဓိကနည်းလမ်းများအဖြစ် ရှိနေကြောင်း ပညာရှင်များက ထောက်ပြထားသည်။ စီးပွားရေးဆိုင်ရာ သဘောတရားများနှင့် နည်းလမ်းများက မတူကွဲပြားခြားနားသည့် လူမှုရေးနှင့် စီးပွားရေးစနစ်များ၏ ဖွံ့ဖြိုးခြင်း၊ သြဇာလွှမ်းမိုးခြင်းတို့ကို လေ့လာရန် အသုံးပြုနိုင်မည်ဖြစ်သည်။ လေ့လာသူများက အများပြည်သူနှင့်ဆိုင်သော မူဝါဒများ အကောင်အထည်ဖော်ခြင်း၊ ဖန်တီးခြင်းတို့ကို လေ့လာ သုံးသပ်လေ့ ရှိကြသည်။ အပြိုင်အဆိုင်သဖွယ် ရှိနေသည့် အကျိုးစီးပွားဆိုင်ရာ အနေအထားများသည် ရှုပ်ထွေးလေ့ရှိသောကြောင့် စီးပွားရေးနယ်ပယ်ရပ်၏ ဖွံ့ဖြိုးပုံ များအတွက် မတူညီသော ကွဲပြားခြားနားသည့် အကျိုးစီးပွားများ ရှိနေသည်ကို သတိပြု ကြလေ့ရှိသည်။ နိုင်ငံရေးဆိုင်ရာ အင်စတီကျူးရှင်းများ၊ စီးပွားရေးစနစ်နှင့် နိုင်ငံရေး ဝန်းကျင်တို့ တစ်ခုနှင့်တစ်ခု သက်ရောက်မှု၊ သြဇာလွှမ်းမိုးမှုတို့ကို သတ်မှတ်ရန် လူမှုဗေဒ၊ စီးပွားရေးပညာနှင့် နိုင်ငံရေးသိပ္ပံသို့ စုပေါင်းထားသည့် ရှုထောင့်မှ ကောက်ချက်ဆွဲသော ပညာရပ်နယ်ပယ်တစ်ခုမက ရောနှောနေသည့် လေ့လာမှုများလည်း ရှိနေသည်။
ထို့ကြောင့် ကမ္ဘာတစ်လွှား၌ ပိုမိုကျယ်ပြန့်၍ ရှုပ်ထွေးလာသော စီးပွားရေးနယ်ပယ် ဆိုင်ရာ အခြေအနေရပ်များတွင် နောက်ကျမကျန်စေရေးအတွက် စီးပွားရေးဆိုင်ရာ တန်းတူညီမျှမှုသည် အရေးပါသော အခန်းကဏ္ဍတွင် ရှိနေပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။
■ (မတ်လ ၁၄ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)









