ပညာရေးမြင့်မားရန် အရေးကြီးခြင်း

ပညာရေးမြင့်မားရန် အရေးကြီးခြင်း
Published 11 March 2020

ဆင်းရဲသော တိုင်းပြည်နှင့် တိုးတက်ဖွံ့ဖြိုးသော တိုင်းပြည်တို့အကြားတွင် ပညာရေး၏ ကွာဟမှုမြင့်မားခြင်းကို တွေ့ရပေလိမ့်မည်။ နိုင်ငံတစ်နိုင်ငံ တိုးတက်ရေးအတွက် အဓိက လုပ်ဆောင်ကြရသောကဏ္ဍများတွင် ပညာရေးကဏ္ဍသည် ထိပ်ဆုံးမှ ပါဝင်သည်ဖြစ်ရာ ပညာရေးကဏ္ဍကို ပြုပြင်ပြောင်းလဲရသည့်အခါ ရေတိုပြုပြင်ပြောင်းလဲမှုနှင့် ရေရှည်ပြုပြင် ပြောင်းလဲမှုတို့ကို ချိန်သားကိုက်လုပ်ဆောင်နိုင်မှသာ သိသာသော ရလဒ်ကိုရပေလိမ့်မည်။ ပညာရေးကဏ္ဍကို ပြောင်းလဲရာ၌ အတိမ်းအစောင်း အနည်းငယ်သည်ပင်လျှင် ကြီးစွာသောသက်ရောက်မှုမျိုးကို ဖြစ်စေနိုင်သည်။ နိုင်ငံရေးသည် ကျောင်းခန်းထဲမှ လာသည်။ တိုင်းပြည်၏ အနာဂတ်ခေါင်းဆောင်များသည် စာသင်ခန်းများအတွင်းမှ ထွက်ပေါ်လာကြသည်။

ပညာတတ်များ နေရာရနေသော၊ ပညာရှင်များပေါများသောနိုင်ငံသည် ချမ်းသာကြွယ်ဝလေ့ ရှိသည်။ ဆင်းရဲသော တိုင်းပြည်များအနေဖြင့် အနာဂတ်အတွက် ရည်မျှော်၍ ပညာတတ်များကို များနိုင်သမျှများများ ပေါ်ထွက်စေရန် မွေးမြူတတ်ကြသည်။ အဘယ့်ကြောင့်ဆိုသော် ပညာမဲ့များသော ပညာသင်ကြားခွင့်ရရှိမှု အခြေအနေ နိမ့်ပါးသောနိုင်ငံသည် ဆင်းရဲမွဲတေသည်။ ယူနက်စကို၏ လေ့လာချက်တစ်ရပ်တွင် ဆင်းရဲမွဲတေမှုနှင့် ပညာသင်ကြားခွင့်ရရှိမှုတို့အကြား ဆက်နွှယ်မှုစစ်ဆေးချက် ပါရှိခဲ့သည်။ ယင်းစစ်ဆေးချက်တွင် ကလေးများနှင့် မြီးကောင်ပေါက်အရွယ်တို့ ပညာရေးမပြီးဆုံးခင် ကျောင်းမှ ထွက်ရသည့်နှုန်း မြင့်မားသောကြောင့် ကမ္ဘာ့ဆင်းရဲမွဲတေမှုနှုန်းသည်လည်း ကျဆင်းရန် လမ်းမမြင်ဖြစ်ရသည်ဟု ဆိုထားသည်။

ဆင်းရဲသော တိုင်းပြည်နိုင်ငံများကို ကြည့်လျှင် ခေတ်မမီသော ပညာစနစ်နှင့် လုံးချာလိုက်နေကြရပေသည်။ ပညာရေးအားနည်းချိနဲ့သောအခါ ၎င်း၏အကျိုးဆက်အဖြစ် တိုင်းပြည်သည်လည်း ဆင်းရဲတွင်းမှ ရုန်းမထွက်နိုင်တော့ပေ။ ယင်းကြောင့် တိုင်းပြည်စီးပွားရေးနှင့် အနာဂတ်ရှင်သန်ရေးတို့အတွက် ပညာရေးတွင် ရင်းနှီးမြှုပ်နှံမှု ပြုကြသည်။ ပညာရေးတွင် မြှုပ်နှံခြင်းသည် တန်ဖိုးရှိသော ရင်းနှီးမြှုပ်နှံမှုတစ်ရပ် ဖြစ်သည်။

လက်ရှိအချိန်တွင် လူငယ်များအကြား အလုပ်အကိုင်အခွင့်အလမ်းနှင့် အနာဂတ်သည် မရေမရာဖြစ်မှုများနှင့် ရင်ဆိုင်ကြုံတွေ့နေကြရသည်။ တိုင်းပြည်တိုးတက်ဖွံ့ဖြိုးမှု ရှိမလာခြင်းနှင့်အတူ လူငယ်များအတွက် ရွေးချယ်ခွင့်များ၊ အခွင့်အလမ်းများသည်လည်း ပျောက်ဆုံးလျက်ရှိနေပေသည်။ ထိုသို့ဖြစ်ရခြင်းမှာ စီးပွားရေးကျဆင်းမှုကြောင့်ဟု ဆိုရမည်ဖြစ်သကဲ့သို့ပင် တိုင်းပြည်၏ပညာရေး နိမ့်ဆင်းသွားခြင်းကြောင့်လည်း ကဏ္ဍအသီးသီးသို့ သက်ရောက်သွားခဲ့ပြီး နိုင်ငံရေးစီးပွားရေးအဘက်ဘက်တွင် နိမ့်ကျနေရသည်ဟု သုံးသပ်ရမည်ဖြစ်သည်။ ပညာခေတ်ကြီးတွင် လူငယ်များအနေဖြင့် ခေတ်အတွေးအမြင်အတတ် ပညာတို့နှင့် အလှမ်းဝေးသွားသည့်အခါ အနာဂတ်သည်လည်း ပျောက်ဆုံးသွားသကဲ့သို့လည်း ဖြစ်ရသည်။

ပညာခေတ်ကြီးတွင် လူငယ်များအနေဖြင့် အခက်အခဲများကြားမှ အနာဂတ်မျှော်မှန်းချက်များအတွက် အရေးကြီးသည့်ပညာရပ်များကို အလေးဂရုပြုရှာဖွေရန် လိုအပ်သကဲ့သို့ပင် တာဝန်ရှိသူများအနေဖြင့်လည်း တိုင်းပြည်အတွက် မှန်ကန်သောပညာရေး ပြုပြင်ပြောင်းလဲမှုနှင့် ပညာခေတ်တွင် နောက်ကျမကျန်ခဲ့စေရန်အတွက် အပူတပြင်းလုပ်ဆောင်ရန် လိုနေပေသည်။

 သေချာသည်မှာ ပညာရေးကဏ္ဍ တိုးတက်ဖွံ့ဖြိုးမှုမရှိလျှင် ဆင်းရဲမွဲတေမှု လျှော့ချရေးကို အောင်မြင်အောင် လုပ်ဆောင်နိုင်မည် မဟုတ်ပေ။ ဖွံ့ဖြိုးမှု နှောင့်နှေးနေသည့် မြန်မာနိုင်ငံတွင်လည်း ပညာရေးကဏ္ဍကို မလွဲမသွေပြုပြင်ရန် လိုအပ်နေပေရာ မြန်မာနိုင်ငံအနေဖြင့်လည်း အရေးကြီးသော ပညာရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှု လုပ်ဆောင်ရာ၌ စမ်းသပ်ခံကာလများမှ လွန်မြောက်၍ ရေတိုရေရှည် စီမံကိန်းများဖြင့် မှန်ကန်သောမူဝါဒများ ချမှတ်ဆောင်ရွက်နိုင်မှုသည် အရေးကြီးပြီဖြစ်ပါကြောင်း The Daily Eleven သတင်းစာက တိုက်တွန်းရေးသားအပ်ပါသည်။

 

■ (မတ်လ ၁၂ ရက်ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်)

Most Read

Most Recent