ကမ္ဘာ့နိုင်ငံပေါင်း ၈၀ ကျော်မှာ တွန်းလှန်နေရဆဲ ကိုရိုနာဗိုင်းရပ်စ်တိုက်ပွဲ

ကမ္ဘာ့နိုင်ငံပေါင်း ၈၀ ကျော်မှာ တွန်းလှန်နေရဆဲ ကိုရိုနာဗိုင်းရပ်စ်တိုက်ပွဲ
လားရှိုးလေဆိပ်သို့ ရောက်ရှိလာသော ခရီးသည်များကို ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးနေစဉ် (ဓာတ်ပုံ-ထွန်းနေလှိုင်)
လားရှိုးလေဆိပ်သို့ ရောက်ရှိလာသော ခရီးသည်များကို ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးနေစဉ် (ဓာတ်ပုံ-ထွန်းနေလှိုင်)
Published 9 March 2020
အိသဥ္ဇာကျော်

၂၀၁၉ ခုနှစ် ဒီဇင်ဘာက တရုတ်အလယ်ပိုင်း ဝူဟန်မြို့တွင် စတင်ဖြစ်ပွားခဲ့သော ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်နိုင်ငံ တစ်ဝန်းတွင် သေဆုံးသူ ၃၀၄၅ ဦး ရှိလာခဲ့ပြီး ယင်းတို့အနက် လူနာ ၂၀၀၀ ကျော်မှာ ဝူဟန်မြို့မှ ဖြစ်ခဲ့သည်။ ယခုနှစ် ဇန်နဝါရီ နှောင်းပိုင်းတွင် ဝူဟန်ရှိရာ ဟူပေပြည်နယ်ကို တရုတ်အစိုးရက  ပိတ်ဆို့ထိန်းချုပ်ခဲ့ပြီးနောက် မကြာသေးမီ သီတင်းပတ်များတွင် တရုတ်၌ ဗိုင်းရပ်စ်ကူးစက်ခံရမှု သိသိသာသာ လျော့ကျသွားခဲ့သည်။

လက်ရှိတွင် ယင်းဗိုင်းရပ်စ်သည် ကမ္ဘာတစ်ဝန်း နိုင်ငံ ၈၀ ကျော်သို့ ပျံ့နှံ့ရောက်ရှိခဲ့ပြီး တရုတ်ပြင်ပ၌ လူ ၁၇၀၀၀ ကျော် ကူးစက်ခံရကာ လူနာ ၃၃၀ ကျော် သေဆုံးထားသည်။ အလားတူ တောင်ကိုရီးယားတွင် ကူးစက်မှု အားလုံး၏ ရာခိုင်နှုန်း ၉၀ နီးပါးသည် ဒေဂူမြို့မှဖြစ်ပြီး ကူးစက်မှု ၄၃၀၀ ကျော် ရှိခဲ့သည်။ မကြာသေးမီက တောင်ကိုရီးယားသို့ သွားခဲ့သော နိုင်ငံခြားသားများအား ပြည်ဝင်ခွင့် ပိတ်ပင်မည်ဖြစ်ကြောင်း သြစတြေးလျက မတ် ၅ ရက်တွင်ကြေညာခဲ့ပြီး တောင်ကိုရီးယားမှ လာသူများကို ပိတ်ပင်သည့်နိုင်ငံနှင့် နယ်မြေ ၃၆ နေရာရှိပြီဖြစ်သည်။

ကမ္ဘာတစ်ဝန်း COVID-19 ဖြစ်ပွားမှု အခြေအနေ

COVID-19 ရောဂါဖြစ်ပွားသူများအနက် သေဆုံးနှုန်းမှာ ၃ ဒသမ ၅ ရာခိုင်နှုန်း အထိတိုးလာပြီး ကိုရီးယား၊ အီတလီ၊ အီရန်၊ ဂျပန်၊ ပြင်သစ်နိုင်ငံများတွင် ဖြစ်ပွားသေဆုံးနှုန်းများ မြင့်တက်နေကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့က ကြေညာထားသည်။

COVID-19 ရောဂါတွေ့ရှိသော နိုင်ငံပေါင်း ၈၈ နိုင်ငံအထိ တိုးလာပြီး ဘူတန်၊ ကင်မရွန်၊ တောင်အာဖရိက၊ ဆားဗီးယားနိုင်ငံတို့ ထပ်တိုးပါဝင်လာကြောင်း၊ အတည်ပြု လူနာအသစ် ထပ်တိုးတွေ့ရှိသည့်နိုင်ငံ၊ နေရာဒေသ၊ ပိုင်နက် ၄၂ နိုင်ငံအထိ တိုးလာပြီး ရောဂါစတင်ဖြစ်ပွားသော တရုတ်နိုင်ငံအပြင် နိုင်ငံပေါင်း ၈၈ နိုင်ငံအထိ ရောဂါကူးစက် ပျံ့နှံ့လာကြောင်း မတ် ၇ ရက် နံနက်အစောပိုင်းက ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ရရှိသည့် အချက်အလက်အရ သိရသည်။

ထိုအချိန်အထိ တစ်ကမ္ဘာလုံးတွင ်ဓာတ်ခွဲအတည်ပြုလူနာ ၉၈၁၉၂ ဦးရှိပြီး ယင်းတို့အနက် လူနာ ၈၀၇၁၁ ဦးမှာ တရုတ် နိုင်ငံမှဖြစ်ကြောင်း၊ တရုတ်နိုင်ငံပြင်ပ ဟောင်ကောင်တွင် ၁၀၄ ဦး၊ မကာအိုတွင် ၁၀ ဦးနှင့် ထိုင်ဝမ်တွင် ၄၅ ဦးအပါအဝင် ဖြစ်ကြောင်း တရုတ်နိုင်ငံပြင်ပ နိုင်ငံပေါင်း ၈၈ နိုင်ငံတွင် ဖြစ်ပွားမှုရှိနေပြီး ဓာတ်ခွဲ အတည်ပြုလူနာ ၁၇၄၈၁ ဦးရှိကြောင်း၊ ဓာတ်ခွဲအတည်ပြုလူနာအသစ် ထပ်တိုးတွေ့ရှိ သော နိုင်ငံ ၄၂ နိုင်ငံရှိပြီး တောင်ကိုရီးယား၊ ဂျပန်၊ စင်ကာပူ၊ မလေးရှား၊ ဖိလစ်ပိုင်၊ နယူးဇီလန်၊ အီတလီ၊ ပြင်သစ်၊ ဂျာမနီ၊ စပိန်၊ အင်္ဂ လန်၊ နော်ဝေ၊ ဆွစ်ဇာလန်၊ နယ်သာလန်၊ ဆွီဒင်၊ ဘယ်ဂျီယန်၊ သြစတြီးယား၊ ဂရိ၊ ဆမ် မာရီနို၊ ဒိန်းမတ်၊ အိုင်ယာလန်၊ ချက်၊ ဖင်လန်၊ ခရိုအေးရှား၊ ဂျော်ဂျီယာ၊ ရိုမေးနီးယား၊ ဆလို ဗေးနီးယား၊ ရုရှား၊ အက်စတိုးနီးယား၊ ဆားဗီး ယား၊ အိန္ဒိယ၊ ဘူတန်၊ အီရန်၊ လက်ဘနွန်၊ အိုမန်၊ ဆော်ဒီအာရေးဗီးယား၊ အီဂျစ်၊ အမေ ရိကန်၊ ကနေဒါ၊ အီကွေဒေါ၊ ဘရာဇီး၊ ကင် မရွန်နိုင်ငံတို့ ပါဝင်ကြောင်း၊ တရုတ်နိုင်ငံပြင်ပ လူနာသေဆုံးမှု အနေဖြင့် ၃၃၅ ဦးရှိကြောင်းနှင့် အာဆီယံနိုင်ငံများတွင် စင်ကာပူ၊ မလေးရှား၊ ဖိလစ်ပိုင်နိုင်ငံတွင် အတည်ပြု လူနာအသစ် ထပ်မံတွေ့ရှိရကြောင်း ဖော်ပြထားသည်။

တရုတ်နိုင်ငံပြင်ပတွင် နိုင်ငံတွင်းကူး စက်မှုဖြစ်ပွားသော နိုင်ငံပေါင်း ၃၁ နိုင်ငံရှိ ရာ အနောက်ပစိဖိတ်ဒေသတွင် ကိုရီးယား၊ ဂျပန်၊ စင်ကာပူ၊ သြစတြေးလျ၊ မလေးရှား၊ ဗီယက်နမ်နိုင်ငံ၊ ဥရောပဒေသတွင် အီတ လီ၊ ဂျာမနီ၊ ပြင်သစ်၊ စပိန်၊ အင်္ဂလန်၊ ခရိုအေး ရှား၊ ဆန်မာရီနို၊ နော်ဝေး၊ နယ်သာလန်၊ ဆွစ်ဇာလန်၊ ဂရိ၊ ဖင်လန်၊ ဒိန်းမတ်၊ ဆွီဒင်၊ အစ္စရေး၊ ရိုမေးနီးယားနိုင်ငံ၊ အရှေ့တောင် အာရှဒေသတွင် ထိုင်း၊ အင်ဒိုနီးရှားနိုင်ငံ၊ အရှေ့အလယ်ပိုင်း ဒေသတွင် အီရန်၊ ယူ အေအီး၊ လက်ဘနွန်နိုင်ငံ၊ အမေရိကဒေသ တွင် အမေရိကန်၊ ကနေဒါ၊ အီကွေဒေါနိုင်ငံ၊ အာဖရိကဒေသတွင် အယ်လ်ဂျီးရီးယားနိုင်ငံတို့ ပါဝင်နေသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ COVID-19 ရောဂါ ကူးစက်ပျံ့နှံ့အန္တရာယ်ရှိနိုင်မှု သုံးသပ်မှု အခြေအနေကို တရုတ်နိုင်ငံ အပါအဝင် ဒေသတွင်းနိုင်ငံများနှင့် ကမ္ဘာ့နိုင်ငံ အားလုံးကို အလွန်မြင့်မားသည့်အဆင့် Very High အဖြစ် တိုးမြှင့်သတ်မှတ်ထားဆဲဖြစ်သည်။

ဥရောပတွင် ဗိုင်းရပ်စ်ကူးစက်မှု အဓိကနေရာ ဖြစ်သော အီတလီက ကျောင်းများကို ပိတ်ပင်ရန် ကြေညာခဲ့ပြီးနောက် ကမ္ဘာတစ်ဝန်းမှ ကျောင်းသား သန်း ၃၀၀ နီးပါးသည် နေအိမ်တွင် နေထိုင်စောင့်ဆိုင်း ကြရဖွယ် ရှိနေသည်။ အလားတူ အီတလီတွင် ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁၄၈ ဦးအထိ မြင့်တက်ခဲ့ပြီးနောက် အီတလီက ကျောင်းများနှင့် တက္ကသိုလ်များကို မတ် ၁၅ ရက်အထိ ပိတ်ပင်ရန် အမိန့်ထုတ်ထားခဲ့သည်။ ဂျပန်နိုင်ငံဝန်ကြီးချုပ် ရှင်ဇိုအာဘေးက မတ်လတွင် ကျောင်းများ ပိတ်ထားရန် တောင်းဆိုခဲ့ပြီးနောက် ကျောင်းအားလုံး နီးပါးကို ဧပြီအစောပိုင်းအထိ ပိတ်ထားမည်ဖြစ်သည်ဟု ကြေညာထားသည်။

ဗိုင်းရပ်စ်ကြောင့် ၁၀၉ ဦးသေဆုံးထားသော အီရန်ကလည်း ကျောင်းများကို ပိတ် ထားပြီး နိုင်ငံ ၁၃ နိုင်ငံတွင် ကျောင်းများပိတ် ထားမှုကြောင့် ကျောင်းသား ၂၉၀ ဒသမ ၅ သန်းကိုသက်ရောက်ခဲ့ပြီး လက်ရှိအချိန်တွင် တရုတ်နိုင်ငံတွင်းထက် တရုတ်ပြင်ပနိုင်ငံ များတွင်ကူးစက်မှုမှာ နေ့စဉ်မြင့်တက်နေဆဲ ဖြစ်သည်။

ဓာတ်ခွဲအတည်ပြုလူနာများတွင် တွေ့ရှိရသော အဓိကရောဂါလက္ခဏာများ

ဖေဖော်ဝါရီ ၁၆ ရက်မှ ၂၄ ရက်အတွင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် တရုတ်နိုင်ငံတို့ ပူးပေါင်းဆောင်ရွက်ခဲ့သော လေ့လာဆန်း စစ်ချက်များအပေါ် ထုတ်ပြန်သော အစီရင် ခံစာအရ ဓာတ်ခွဲအတည်ပြုဖြစ်ပွားသူ ၅၅၀၀၀ ကျော်ကို လေ့လာဆန်းစစ်ချက်အရ တွေ့ရှိရသော အဓိကလက္ခဏာများမှာ ဖျားနာခြင်း ၈၇ ဒသမ ၉ ရာခိုင်နှုန်း၊ ချောင်း ခြောက်ဆိုးခြင်း ၆၇ ဒသမ ၇ ရာခိုင်နှုန်း၊ ကိုယ်လက်မအီမသာဖြစ်ခြင်း ၃၈ ဒသမ ၁ ရာခိုင်နှုန်း၊ သလိပ်ထွက်ခြင်း ၃၃ ဒသမ ၄ ရာခိုင်နှုန်း၊  မောခြင်း ၁၈ ဒသမ ၆ ရာခိုင်နှုန်း၊ လည်ချောင်းနာခြင်း ၁၃ ဒသမ ၉ ရာခိုင်နှုန်း၊ ခေါင်းကိုက်ခြင်း ၁၃ ဒသမ ၆ ရာခိုင်နှုန်း၊ ကြွက်သားကိုက်ခဲခြင်း၊ အဆစ်ကိုက်ခဲခြင်း ၁၄ ဒသမ ၈ ရာခိုင်နှုန်း၊ ချမ်းတုန်ခြင်း ၁၁ ဒသမ ၄ ရာခိုင်နှုန်း၊ မူးဝေအော့အန်ခြင်း ငါးရာခိုင်နှုန်း၊ နှာခေါင်းပိတ်ခြင်း ၄ ဒသမ ၈ ရာခိုင်နှုန်း၊ ဝမ်းလျှောခြင်း ၃ ဒသမ ၇ ရာခိုင်နှုန်း၊ ချောင်းဆိုးသွေးပါခြင်း ၀ ဒသမ ၉ ရာ ခိုင်နှုန်း၊ မျက်စိနာခြင်း ၀ ဒသမ ၈ ရာခိုင်နှုန်း ရှိသည်ဟု ဆိုသည်။

တရုတ်နိုင်ငံပြင်ပတွင် ဖြစ်ပွားလျက်ရှိသော ဓာတ်ခွဲအတည်ပြု လူနာများအနက် ရာခိုင်နှုန်း ၈၀ မှာ ကိုရီးယား၊ အီရန်နှင့် အီတလီနိုင်ငံတွင် ဖြစ်ပွားလျက်ရှိပြီး လက်ရှိအချိန်၌ ကမ္ဘာပေါ်တွင် COVID-19 ရောဂါပိုး မတွေ့ရှိရသေးသော ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံပေါင်း ၁၀၀ ကျော်ရှိပြီး ထိုနိုင်ငံများတွင် မြန်မာနိုင်ငံလည်း ပါဝင်နေသည်။

“တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံဟာ နယ်နိမိတ်ချင်း မိုင်ပေါင်း ၁၂၇၅ မိုင် ထိစပ်နေပါတယ်။ အဓိကရောဂါဖြစ်ပွားတဲ့ ဝူဟန်မြို့က ဟူပေပြည်နယ်ဟာ တရုတ်နိုင်ငံရဲ့ အရှေ့ဘက်ခြမ်းမှာ ရှိပါတယ်။ ယူနန်ပြည်နယ်နဲ့ ရောဂါဖြစ်ပွားတဲ့ ဟူပေပြည်နယ်ကြားမှာ စီချွမ်၊ ကွေကျိုး၊ ကွမ်ရှီးနဲ့ ဟူနန်ပြည်နယ်တို့ ရှိပါတယ်။ အဓိက ရောဂါစဖြစ်တဲ့ ဝူဟန်မြို့က ဟူပေပြည်နယ်နဲ့ ကပ်လျက်ရှိတဲ့ ဟူနန်ပြည်နယ်ကလွဲပြီး ကျန်ပြည်နယ် ၃၂ ပြည်နယ်မှာ ရောဂါဖြစ်ပွားမှု နည်းပါးတာကို တွေ့ရပါတယ်။ ဒါကိုက epicenter နဲ့ နီးလေလေ ကူးစက်ဖို့ အခွင့်အလမ်း များလေလေပါပဲ။ ဟူပေပြည်နယ်နဲ့ မြန်မာနိုင်ငံက မိုင်ပေါင်းများစွာ ကွာဝေးပါတယ်။ အခုအချိန်မှာ မြို့ကိုလည်း lockdown လုပ်ထားသလို လေကြောင်းလိုင်းတွေကိုလည်း ပိတ်ထားတယ်။ အဘက်ဘက်က contain လုပ်ထားတာကြောင့် ရောက်ရှိဖို့ ခဲယဉ်းပါတယ်” ဟု ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီး ဆိုသည်။

တရုတ်အလယ်ပိုင်း ဟူပေပြည်နယ်ရှိ ဝူဟန်မြို့တွင် COVID-19 ဗိုင်းရပ်စ်ကူးစက်မှုသစ်သည် ယခုလကုန်မတိုင်မီ လုံးဝကင်းစင်သွားနိုင်ခြေရှိကြောင်း ထိုဗိုင်းရပ်စ် တိုက်ဖျက်နေသည့် တရုတ်ထိပ်တန်း အဖွဲ့မှ ကျွမ်းကျင်သူ တစ်ဦးဖြစ်သူ ကျန်းပိုလီက မတ် ၅ တွင် ပြောကြားခဲ့သည်။

ဝူဟန်တွင် မတ် ၆ ရက်တွင်  ဗိုင်းရပ်စ်ကူးစက်မှုသစ် ၁၂၆ မှု ဖြစ်ပွားခဲ့သော်လည်း ထိုဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု စတင်ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဟူပေပြည်နယ်ထဲတွင် အခြားကူးစက်မှု အသစ်များ ဖြစ်ပွားခဲ့ခြင်း မရှိပေ။ ဟူပေပြင်ပတွင် ကူးစက်မှုသစ် ၁၇ မှုရှိခဲ့ပြီး တစ်နိုင်ငံလုံး၌ ကူးစက်မှုသစ် ၁၄၃ မှုအထိရှိခဲ့ရာ မတ် ၄ ရက်တွင် ကူးစက်မှုအသစ် ၁၃၉ မှုထက် များပြားခဲ့ခြင်းဖြစ်သည်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုသည် ပထဝီဝင် အနေအထားအရ ကျယ်ပြန့်လာသောကြောင့် ယင်းအတွက် စိုးရိမ်မှုများလည်း ကြီးထွားလာနေသည်။ ဗိုင်းရပ်စ်ကူးစက်မှုအများ စုသည် တရုတ်တွင် ဖြစ်သော်လည်း ယခုအခါ တရုတ်ပြင်ပတွင် နေ့စဉ်ကူးစက်မှုသည် ပိုများလာနေပြီး တောင်ကိုရီးယား၊ အီရန်၊ အီတလီတို့က အဓိက နေရာများအဖြစ် ထွက်ပေါ်လာခဲ့သည်။

မြန်မာနိုင်ငံတွင် မတ် ၇ ရက်အထိ ဓာတ်ခွဲအတည်ပြုလူနာ မတွေ့ရှိရသေးသော်လည်း သံသယနှင့် စောင့်ကြည့်လူနာ စုစုပေါင်း ၅၀ ကျော်ရှိလာပြီဖြစ်သည်။ ကျန်းမာရေး ဝန်ကြီးဌာနက နိုင်ငံအတွင်း COVID-19 ရောဂါ ရုတ်တရက် ဖြစ်လာနိုင်ခြေရှိ၍ သံသယလက္ခဏာ ရှိသူများအား ရှာဖွေဖော်ထုတ်ပြီး ရောဂါရှိ မရှိ ဓာတ်ခွဲစစ်ဆေးမှုများ၊ ရောဂါစောင့်ကြပ်ကြည့်ရှုမှုများကို လက်ရှိတွင် တိုးမြှင့်လုပ်ဆောင်နေမှုနှင့် ပတ်သက်၍ ဒေါက်တာခင်ခင်ကြီးက “လူနာနဲ့ အနီးကပ်နေထိုင်တဲ့သူတွေမှာ ရောဂါကူးစက်နိုင်ပါတယ်။ အဓိက မိသားစုဝင်တွေပါ။ အရမ်းအရေးကြီးပါတယ်။ မိသားစုဝင်တွေက ကူးစက်နိုင်တဲ့အတွက် Quarantine ကို လုပ်ဆောင်ရခြင်း ဖြစ်ပါတယ်။ တချို့က Quarantine ကိုလုပ်ခံရမှာကို စိုးရိမ်တယ်။ တကယ်က Quarantine လုပ်ခြင်းက ကာယကံရှင်အတွက် နံပါတ် (၁) အကျိုးကျေးဇူး ရှိပါတယ်။ နံပါတ် (၂) က မိသားစုပါ။ နံပါတ် (၃) ကတော့ ပြည်သူလူထု ဖြစ်ပါတယ်။ ဒါကြောင့်မို့ Quarantine လုပ်တယ်ဆိုတာက လိုအပ်လို့လုပ်တာပါ။ Quarantine ဆိုတာ သူ့ရဲ့အသွားအလာကို တားမြစ်ပိတ်ပင်ခြင်း၊ ကန့်သတ်ခြင်း လုပ်တာပါ။ Quarantine နဲ့ Isolation က မတူပါဘူး။ ရောဂါရှိတဲ့သူ ရောဂါရှိတယ်လို့ သံသယရှိတဲ့ သူကိုကျတော့ Isolation သီးခြားထားရှိ ကုသတာ ဖြစ်ပါတယ်။ Quarantine က ရောဂါမရှိသေးပါဘူး။ ရောဂါလက္ခဏာလည်း မပေါ်နေပါဘူး။ ဒါပေမဲ့ စောင့်ကြည့်ကာလ ရောဂါပျိုးရက် ၁၄ ရက်မှာ ရောဂါလက္ခဏာတွေ ပေါ်ပေါက်ကောင်း ပေါ်ပေါက်လာနိုင်တဲ့အတွက် သူ့ကိုသီးခြားထားပြီးတော့ အသွားအလာကို တားမြစ်ပိတ်ပင်တာ ဖြစ်ပါတယ်။ Quarantine လုပ်ခြင်းက ကျန်းမာရေး ဝန်ကြီးဌာန တစ်ခုတည်းရဲ့တာဝန် မဟုတ်ပါဘူး။ ဒါကို ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကလည်း အတိအလင်း ပြောကြားထားပြီး ဖြစ်ပါတယ်။ Quarantine လုပ်တာက အစိုးရနဲ့လည်း ဆိုင်ပါတယ်။ သက်ဆိုင်ရာ ဝန်ကြီးဌာနနဲ့လည်း ဆိုင်ပါတယ်။ တချို့တိုင်းပြည်တွေမှာ ဟိုတယ်တွေမှာ Quarantine လုပ်တာတွေလည်း ရှိပါတယ်။ ဒါကတော့ နိုင်ငံအပေါ် မူ တည်ပြီး လုပ်တာဖြစ်ပါတယ်။ အခုလောလောဆယ် Quarantine ကိုတော့ ဝေဘာဂီဆေးရုံမှာ ဆောင်ရွက်နေပေမယ့်လို့ မကြာခင်မှာ Quarantine Case တွေကို တောင်ဥက္ကလာ အမျိုးသမီးနဲ့ ကလေးဆေးရုံရယ်၊ လှည်းကူးမှာရှိတဲ့ ကွင်းဆင်းသင်တန်းကျောင်းရယ်၊ ဖောင်ကြီးရယ်မှာ လုပ်ဖို့အတွက် စီစဉ်ဆောင်ရွက်နေပါတယ်။ လိုအပ်တဲ့ ပြင်ဆင်မှုတွေ ဆောင်ရွက်နေပါတယ်” ဆိုသည်။

ရောဂါမကူးဖို့ နှာခေါင်းစည်း Mask မဖြစ်မနေတပ်ဖို့ လိုသလား

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို စိုးရိမ်သဖြင့် အထိတ်တလန့်နှင့် ပစ္စည်းများ ဝယ်ယူစုဆောင်းခြင်း မြင့်တက်လာခဲ့သည့်အပြင် အကာအကွယ် နှာခေါင်းစည်းများ စုဆောင်းထားမှု အလျင်အမြန် ကျဆင်းလာနေသဖြင့် ကမ္ဘာ့နိုင်ငံများသည် နှာခေါင်းစည်းများ ပြတ်လပ်မှုကို ကာကွယ်ကြရန်နှင့် ကျန်းမာရေး ဝန်ထမ်းများ အသုံးပြုနေသော နှာခေါင်းစည်းများ၊ အကာမျက်မှန်နှင့် အခြားအကာအကွယ် ပစ္စည်းများ ပြတ်လပ်သွားနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က သတိ ပေးထားသည်။

“Mask တပ်ရမယ့် အခြေအနေတွေကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့က တိတိကျကျကို ပြောထားပြီး ဖြစ်ပါတယ်။ တပ်ရမယ့်အခြေအနေက မိမိကိုယ်တိုင်နှာစည်း၊ ချောင်းဆိုး ဖြစ်နေရင် တပ်ရပါမယ်။ နံပါတ် (၂) ကတော့ နှာစည်း၊ ချောင်းဆိုး၊ ဖျားနာနေတဲ့ သူတွေကို ကုသနေတဲ့သူတွေ တပ်ရပါမယ်။ နှာစည်း ချောင်းဆိုး ဖျားနာနေတဲ့ သူတွေကို ကုသမှုပေးနေတဲ့ ကျန်းမာရေး ဝန်ထမ်းတွေ တပ်ရမှာ ဖြစ်ပါတယ်။ ဒီသုံးချက်မှတစ်ပါး ကျန်တဲ့ ပြည်သူလူထုက Mask တပ်ဖို့မလိုဘူးလို့ ပြောထားပြီး ဖြစ်ပါတယ်။ Mask တပ်ရင်ရော မကောင်းဘူးလားဆိုတော့ ကောင်းပါတယ်။ ဒါပေမဲ့ တပ်သင့်တပ်ထိုက်တဲ့အချိန် ဖြစ်ဖို့တော့ လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ တစ်ကမ္ဘာလုံးမှာ ရောဂါတွေ ဖြစ်နေတဲ့အချိန်မှာ မလိုအပ်ဘဲနဲ့ Mask တပ်ခြင်းက တကယ်လိုအပ်တဲ့အခါ ကျန်းမာရေးဝန်ထမ်းတွေ၊ လူနာကို ပြုစုစောင့်ရှောက်ရတဲ့ သူတွေမှာ Mask လုံ လောက်မှုရှိဖို့က အရေးကြီးပါတယ်။ အခု တခြားနိုင်ငံတွေမှာ ကျန်းမာရေးဝန်ထမ်းတွေ ပြုစုကုသရင်း သေနေတယ် ဆိုတာလည်း သိမှာပါ။ အရေးကြီးဆုံးကတော့ လူနာကို ကိုင်တွယ်ကုသနေရတဲ့ ကျန်းမာရေး ဝန်ထမ်းတွေ၊ ဓာတ်ခွဲခန်းမှာ လုပ်နေတဲ့သူတွေက အရေးကြီးပါတယ်။ ဒါကြောင့် မလိုအပ်ဘဲနဲ့ Mask တပ်တာမျိုးတွေ မလုပ်သင့်ပါဘူး” ဟု ဒေါက်တာခင်ခင်ကြီးက အကြံပြုထားသည်။

ကိုရိုနာဗိုင်းရပ်စ်ပိုးသည် လူမှလူသို့ အသက်ရှူလမ်းကြောင်းမှတစ်ဆင့် အဓိက ကူးစက်ခြင်းဖြစ်သည်။ ရောဂါပိုးရှိသူ နှာချေချောင်းဆိုးရာမှတစ်ဆင့် အနီးရှိ အရာဝတ္ထုများပေါ် တင်ကျန်ပြီး ထိုအရာဝတ္ထုများကို ကိုင်တွယ်မိသည့် လက်နှင့် မျက်နှာ၊ နှာခေါင်း၊ ပါးစပ်တို့ကို ပွတ်သပ်မိခြင်းမှ အသက်ရှူလမ်းကြောင်းအတွင်း ရောဂါပိုး ဝင်ရောက်ကာ ကူးစက်ခြင်းဖြစ်၍ လက်ကို မကြာခဏ ဆေးကြောရန်သာ ကျန်းမာရေး ပညာရှင်များက တိုက်တွန်းကြသည်။ Mask တပ်ဖို့ကိုမူ အဓိက ကာကွယ်ရေး နည်းလမ်းအဖြစ် ထည့်သွင်း ဖော်ပြထားခြင်း မရှိသေးပေ။

ရောဂါကာကွယ်ရေးအတွက် Mask တပ်ဆင်ခြင်းသည် အပြည့်အဝ ကာကွယ်ပေးနိုင်ခြင်း မရှိဘဲ Mask တပ်ဆင်မှု မမှန်ကန်ခြင်း၊ အသုံးပြုပြီးသော Mask များကို စနစ်တကျမဖြုတ်ခြင်း၊ နည်းမှန်လမ်းမှန် မစွန့်ပစ်ခြင်းများက ငွေကုန်ကြေးကျများပြီး ရောဂါပိုး ကူးစက်ဖြစ်ပွားမှုကိုသာ မြင့်တက်လာစေသည်ဟု ဆိုထားသည်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု တိုက်ဖျက်ရေးအတွက် နိုင်ငံများကို ကူညီပေးနိုင်ရန် ရန်ပုံငွေများ အလျင်အမြန် ထောက်ပံ့ပေးမည့် ဒေါ်လာ ၁၂ ဘီလျံ အကူအညီပေးရေး အစီအစဉ်ကို ကမ္ဘာ့ဘဏ်က မတ် ၃ က ထုတ်ပြန်ခဲ့သည်။ ထိုရန်ပုံငွေကို အကူအညီ လိုအပ်နေသော နိုင်ငံများ လျင်လျင်မြန်မြန်နှင့် ထိထိရောက်ရောက် တုံ့ပြန်နိုင်ရေးအတွက် ရည်ရွယ်ကြောင်း ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ David Malpass က ပြောကြားထားသည်။ COVID-19 ဗိုင်းရပ်စ်ပျံ့နှံ့မှုကို ကြိုတင်ကာကွယ်နိုင်ရေးတွင် ရုန်းကန်နေရသော အထောက်အကူ ပစ္စည်းများ နည်းပါးသည့် ဆင်းရဲသော နိုင်ငံများသည် ပုံမှန်ထက် ဝန်ထုပ်ဝန်ပိုး ပိုမိုခံစားရဖွယ် ရှိနေသည်။

ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံများအား ပစ်မှတ်ထား၍ ကူညီပေးမည့် ငွေကြေးအချို့လည်း ပါဝင်သည့် ထိုရန်ပုံငွေများကို ဆေးဘက်ကိရိယာများ သို့မဟုတ် ကျန်းမာရေး စောင့်ရှောက်မှုများအတွက် အသုံးပြုနိုင်မည် ဖြစ်ကြောင်းနှင့် ကျွမ်းကျင်ပညာရှင်နှင့် မူဝါဒဆိုင်ရာ အကြံဉာဏ်ပေးမှုများလည်း ပါဝင်မည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်က ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ဒေါ်လာရှစ်ဘီလျံ ထပ်တိုးရန်ပုံငွေပါဝင်သော ထိုငွေများအား အကူအညီတောင်းသော နိုင်ငံများထံ ပေးသွားမည် ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ David Malpass က ပြောကြားထားသည်။ ကမ္ဘာ့ဘဏ်သည် အဖွဲ့ဝင်နိုင်ငံ အများအပြားနှင့် အဆက်အသွယ် ရှိသော်လည်း မည်သည့်နိုင်ငံက အကူအညီ ပထမဆုံး ရရှိနိုင်ခြေ ရှိမှုကိုမူ ၎င်းကအသေးစိတ် မပြောကြားခဲ့ပေ။

ဖွံ့ဖြိုးဆဲနိုင်ငံများသို့ ကူညီမည့် ထိုအစီအစဉ်တွင် လိုအပ်ချက်များစွာ ရှိနေဆဲဖြစ်သည့် မြန်မာနိုင်ငံအတွက် အကူအညီများ ရရှိနိုင်ရန် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ကမ္ဘာ့ကျန်းမာရေး အဖွဲ့မှတစ်ဆင့် အကြောင်းကြား ညှိနှိုင်းဆောင်ရွက်ရန် ကြိုတင်ပြင်ဆင်နေပြီ ဖြစ်သည်။

COVID-19 ရောဂါသည် ရာသီတုပ်ကွေးရောဂါထက် ရောဂါလက္ခဏာ ပိုမိုပြင်းထန်ပြီး ရာသီတုပ်ကွေး ရောဂါသည် ကာကွယ်ဆေး ရှိသော်လည်း COVID-19 ရောဂါသည် ကာကွယ်ဆေးနှင့် ကုသရန်ဆေး ယနေ့အချိန်အထိ မတွေ့ရှိရသေးပေ။ လက်ရှိအချိန်တွင် လူနာအခြေအနေပေါ် မူတည်ကာ ကုသပေးနေရသည်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကလည်း ကုသသည့် ကုထုံးများကို စမ်းသပ်ဖော်ထုတ်လျက်ရှိပြီး  မကြာမီ အချိန်အတွင်း ဖြစ်လာနိုင်ဖွယ်ရှိသည်ဟု ဆိုထားရာ ကာကွယ်ကုသဆေးများ ထွက်ပေါ်လာရန်သာ မျှော်လင့်ရတော့မည်ဖြစ်သည်။

 

Most Read

Most Recent