"စန်းစန်းမော်ရဲ့ ကိစ္စမှာ တတ်နိုင်သလောက် ဖြေရှင်းပေးမှာပါ"

"စန်းစန်းမော်ရဲ့ ကိစ္စမှာ တတ်နိုင်သလောက် ဖြေရှင်းပေးမှာပါ"
Photo: Nyi Nyi Soe Nyunt
Photo: Nyi Nyi Soe Nyunt
Published 6 March 2020

■ MFF အမျိုးသမီးဘောလုံးကိုယ်စားလှယ် ဒေါ်မြတ်မြတ်ဦးနှင့် တွေ့ဆုံခြင်း

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းခေါင်းဆောင်ဟောင်း စန်းစန်းမော်ဟာ သူမရင်ဆိုင်နေရတဲ့အခက်အခဲတွေကို ဖြေရှင်းဖို့ သုဝဏ္ဏဘောလုံးကွင်းထဲ အကြော်ရောင်းနေရပါတယ်။ ဒါပေမဲ့ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားဖြစ်ခဲ့တဲ့အတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က သူ့အခက်အခဲတွေကို တတ်နိုင်သလောက်ဖြေရှင်းပေးဖို့ ဆောင်ရွက်နေကြောင်း သိရပါတယ်။ MFF အမျိုးသမီးဘောလုံးကိုယ်စားလှယ် ဒေါ်မြတ်မြတ်ဦးနဲ့ တွေ့ဆုံပြီး ကူညီပေးမယ့်အစီအစဉ်တွေနဲ့ပတ်သက်လို့ Eleven Sports က မေးမြန်းခဲ့ပါတယ်။

မေး - အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့ စန်းစန်းမော်နဲ့ ပတ်သက်ပြီး ဘာများပြောချင်ပါသလဲ။

ဖြေ - စန်းစန်းမော်နဲ့က ကာလရှည် လက်တွဲခဲ့တဲ့သူဖြစ်ပါတယ်။ သူ့မှာ မိသားစုလိုအပ်ချက်များပါတယ်။ အငယ်ဆုံးဖြစ်ပေမယ့် အရာအားလုံးကို ဖြေရှင်းပေးခဲ့တယ်။ ပြီးတော့ သူ့ရဲ့လုပ်ဆောင်ချက်တွေ မှားခဲ့တယ်။ မဲစုရာမှာလည်း ဆုံးရှုံးမှုတွေ များခဲ့ပါတယ်။ ကိစ္စတွေကို ဖြေရှင်းဖို့ ပိုက်ဆံကို အတိုးတွေနဲ့ ချေးယူခဲ့ပြီး နောက်ပိုင်းမှာ အတိုးပေါ် အတိုးဆင့်သွားတဲ့ အနေအထားဖြစ်သွားတာပါ။ သူရနေတဲ့ လစာနဲ့ဆိုရင် အမျိုးသမီးဘောလုံးသမားတစ်ယောက်အတွက် သုံးဖို့လောက်ငပါတယ်။ ဒါပေမဲ့ လစာက သူမသုံးရဘဲ အတိုးပေးနေရတာပါ။ ဌာနကရတဲ့လစာဆိုရင် လကုန်တာနဲ့ သိမ်းသွားတာပါ။ သူ့ရှေ့မှာ ရိုးသားစွာပြောရမယ်ဆိုရင် လွန်ခဲ့တဲ့ (၄)နှစ်လောက်တုန်းကလည်း ဒါမျိုး ဖြေရှင်းပေးခဲ့ဖူးပါတယ်။ အရင်က သုဝဏ္ဏကွင်း အပြင်မှာရောင်းနေရလို့ အတွင်းရေးမှူးကို အကူအညီတောင်းပြီး အခုရောင်းနေတဲ့နေရာမှာ ယာယီဆိုင်ဖွင့်ခွင့်ပေးခဲ့တာပါ။ စန်းစန်းမော်အနေနဲ့ ပိုက်ဆံတွေကို အတိုးနဲ့ယူထားတာကို ကျွန်မတို့က အချိန်လွန်မှသိလိုက်ရတဲ့အတွက် နောက်ကျသွားပါတယ်။ အခုတော့ တတ်နိုင်သလောက် ဖြေရှင်းပေးသွားမှာပါ။

မေး - MFF အနေနဲ့ စန်းစန်းမော်နဲ့ပတ်သက်ပြီး ဘယ်လိုအကူအညီတွေ ပေးသွားဖို့ရှိမလဲ။

ဖြေ - သူ့ဆီက ပိုက်ဆံရစရာရှိတဲ့သူတွေကို ပြောချင်ပါတယ်။ စန်းစန်းမော်ယူထားတဲ့ ပိုက်ဆံတွေကို အထောက်အထားတွေယူပြီး လာခဲ့ပါ။ သူ့ကိစ္စကို အကောင်းဆုံး ညှိနှိုင်းပြီး ဖြေရှင်းပေးမှာပါ။ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်အနေနဲ့လည်း စန်းစန်းမော်ကို အမြဲကူညီပေးခဲ့ပါတယ်။ ဦးဇော်ဆိုရင်လည်း တတ်နိုင်သလောက် ပံ့ပိုးပေးခဲ့ပါတယ်။ သူက ဝီရိယရှိတယ်၊ ရိုးသားတယ်၊ ကြိုးစားတယ်။ ဒါပေမဲ့ စီးပွားရေး အမြင်အားနည်းတယ်။ ပြီးခဲ့တဲ့ သွေးချင်းပွဲတော်မှာ ဆိုင်ငှားခတစ်ရက် (၁)သိန်းနဲ့ စျေးသွားရောင်းတယ်။ အမြတ်က အရမ်းနည်းပြီး (၇)သိန်းဝန်းကျင်လောက် ရှုံးသွားတယ်။ ဒါမျိုးတွေ အများကြီးရှိပါတယ်။ သူ့ကို ကူညီခဲ့တဲ့သူတွေကိုလည်း ကျေးဇူးတင်ပါတယ်။ ကလေးကို ငဲ့ညှာပြီး အတိုးတွေ အရမ်းမယူဖို့ မေတ္တာရပ်ခံချင်ပါတယ်။

မေး - မြန်မာ ယူ-၁၈ အမျိုးသမီးအသင်းက မေလမှာ စခန်းဝင်လေ့ကျင့်ဖို့ရှိတာကြောင့် စန်းစန်းမော်ကို ဘယ်လိုဆောင်ရွက်သွားမလဲ။

ဖြေ - စခန်းဝင်လေ့ကျင့်တဲ့အချိန်မှာ သူ့အနေနဲ့ နောက်ဆံတင်းစရာမရှိမှ ဘောလုံးမှာ စိတ်ပါဝင်စားစွာနဲ့ လုပ်ဆောင်နိုင်မှာပါ။ ဒါကြောင့် မေလမတိုင်ခင် ဖြေရှင်းပေးမှာပါ။ သူ့ဆီက ပိုက်ဆံရစရာရှိတဲ့ သူတွေအနေနဲ့ စန်းစန်းမော်နဲ့အတူ ကျွန်မဆီကို လာခဲ့ပေးပါ။ ကိစ္စအားလုံးကို ဖြေရှင်းပေးမှာဖြစ်ပေမယ့် တရားနည်းလမ်းကျဖို့တော့ လိုပါတယ်။ ကူညီပေးတဲ့သူတွေအနေနဲ့လည်း စန်းစန်းမော်ဘက်ကို ကြည့်ပေးဖို့ အနူးအညွတ် မေတ္တာရပ်ခံချင်ပါတယ်။

မေး - MFF ဥက္ကဋ္ဌ ဦးဇော်ဇော်ကရော စန်းစန်းမော်ကိစ္စနဲ့ပတ်သက်ပြီး ဘာများညွှန်ကြားထားပါသလဲ။

ဖြေ - ဥက္ကဋ္ဌနဲ့တော့ မတွေ့ရသေးပါဘူး။ စန်းစန်းမော်ကိုခေါ်ပြီး သွားတွေ့ဖို့တော့ ရှိပါတယ်။ သူ့အခက်အခဲတွေကို ပြောပြရမှာပါ။ ကစားသမားတွေဆိုတာ ဥက္ကဋ္ဌရဲ့ သား၊ သမီးတွေလိုပါပဲ။ အခက်အခဲရှိတိုင်းလည်း ဥက္ကဋ္ဌပဲ ဖြေရှင်းပေးခဲ့တာပါ။ ဥက္ကဋ္ဌက အပြင်မှာမသိတဲ့သူကိုတောင်မှ အခက်အခဲရှိတယ်ဆိုရင် ကူညီဖို့ ဝန်မလေးတဲ့သူပါ။ ကျန်းမာရေးကိစ္စနဲ့ တခြားအခက်အခဲတွေဆိုရင် ကူညီဖို့ လက်မနှေးတဲ့သူပါ။ ဒါပေမဲ့ အခုကိစ္စက တခြားအကြောင်းအရာတွေဖြစ်နေပါတယ်။ ဒါကြောင့် စန်းစန်းမော်ရဲ့ ကိစ္စတွေအားလုံးကို ဥက္ကဋ္ဌဆီကို တင်ပြပေးသွားမှာပါ။

Close

 

 

Most Read

Most Recent