မန်စီးတီး၏ ပြည်တွင်းဖလားအောင်မြင်မှုကို ပြိုင်ဘက်အသင်းများ လိုက်မီရန်မလွယ်ဟု ဂွါဒီယိုလာ ဝင့်ကြွား

မန်စီးတီး၏ ပြည်တွင်းဖလားအောင်မြင်မှုကို ပြိုင်ဘက်အသင်းများ လိုက်မီရန်မလွယ်ဟု ဂွါဒီယိုလာ ဝင့်ကြွား
Published 3 March 2020

 

လိဂ်ဖလားပြိုင်ပွဲ၌ သုံးကြိမ်ဆက် ချန်ပီယံဆုရရှိခဲ့ပြီးနောက် မိမိတို့အသင်း၏ ပြည်တွင်းဖလားအောင်မြင်မှုကို ကိုယ်တိုင်အပါအဝင် အခြားပြိုင်ဘက်အသင်းများ လိုက်မီ ရန်မလွယ်ကြောင်း မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက ဝင့်ကြွားခဲ့သည်။

မန်စီးတီးအသင်းသည် လိဂ် ဖလားပြိုင်ပွဲတွင် ၂၀၁၈ မှ ၂၀၂၀ အထိ သုံးနှစ်ဆက်တိုက် ဗိုလ်စွဲခြင်းဖြစ်ပြီး စုစုပေါင်းချန်ပီယံဆု ခုနစ်ကြိမ်ဖြင့် လီဗာပူးလ်အသင်း (ရှစ်ကြိမ်) ပြီးလျှင် ပြိုင်ပွဲသမိုင်း၌ ဒုတိယအအောင်မြင်ဆုံးအဖြစ် ရပ်တည်လျက်ရှိသည်။ 

ထို့ပြင် မန်စီးတီးအသင်းသည် ၁၉၈၁ မှ ၁၉၈၄ ခုနှစ်အထိ လေးနှစ်ဆက်တိုက်ဗိုလ်စွဲခဲ့သည့် လီဗာပူးလ်အသင်းပြီးလျှင် အကြိမ်အများဆုံး ဆက်တိုက်အနိုင်ရသည့် အသင်း အဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။ 

မန်စီးတီးအသင်းသည် ဂွါဒီယိုလာလက်ထက် လေးရာသီအတွင်း ပရီးမီးယားလိဂ်ချန်ပီယံ နှစ်ကြိမ်၊ FA ဖလား တစ်ကြိမ်၊ လိဂ်ဖလား သုံးကြိမ်နှင့် ကွန်မြူနတီဒိုင်း နှစ်ကြိမ် ရယူထားနိုင်ပြီဖြစ်ရာ ၎င်းက '' ပြိုင်ပွဲကိုးခုမှာ ဆုဖလား ရှစ်လုံးရယူနိုင်တယ်ဆိုတာ အရမ်းထူးခြားမယ်လို့ ကျွန်တော်ထင်တယ်။ အဲဒီလိုထပ်လုပ်နိုင်ဖို့ဆိုတာ ကျွန်တော်တို့မှမဟုတ်ဘဲ တခြားပြိုင်ဘက်တွေအတွက်လည်း တော်တော်ခက် ခဲမှာပါ။ ဆုဖလားတွေ ဆက်တိုက်ရယူနိုင်တဲ့ အဓိပ္ပာယ်က တစ်သမတ်တည်းဖြစ်ခြင်းပါပဲ။ ဒီကစားသမားအစုအဖွဲ့က အရမ်းထူးခြားတယ်ဆိုတာ ခင်ဗျားလည်းသိပါတယ်။ အဲဒီ အချက်က ကျွန်တော်တို့အနေနဲ့ ပွဲစဉ်အားလုံးမှာ အသင်းအတွက် အကောင်းဆုံးပေးဆပ် နေတယ်ဆိုတာ ပြနေပါတယ်''ဟု ပြောကြားသည်။

မန်စီးတီးအသင်းသည် ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့တွင် ရီးယဲလ်မက်ဒရစ်အသင်းကို အဝေးကွင်း၌ အနိုင်ရထားသော်လည်း နောက်တစ်ဆင့်တက်ရန် မသေချာသေးဘဲ အိမ်ကွင်းပွဲတွင် အနိုင်ရလဒ်ထပ်မံရယူနိုင်ရန် လိုအပ်ကြောင်း ဂွါဒီယိုလာက ဆက်လက်ပြောကြားသည်။

■ ဂွါဒီယိုလာလက်ထက် မန်စီးတီးအသင်း ဆုဖလားရရှိမှု

ပရီးမီးယားလိဂ် -  ၂၀၁၇-၂၀၁၈၊ ၂၀၁၈-၂၀၁၉

င်္FA ဖလား - ၂၀၁၈-၂၀၁၉

လိဂ်ဖလား - ၂၀၁၇-၂၀၁၈၊ ၂၀၁၈-၂၀၁၉၊

                  ၂၀၁၉-၂၀၂၀

ကွန်မြူနတီဒိုင်း - ၂၀၁၈၊ ၂၀၁၉

 

Most Read

Most Recent