ကျောက်ဆည်မြို့နယ်၊ မဟာရွှေသိမ်တော်ဘုရားသို့ တက္ကသိုလ်ဝင်တန်း စာမေးပွဲမဖြေမီ ရက်ပိုင်းအတွင်း မြန်မာပြည်အနှံ့အပြားမှ လာရောက်ကြပြီး နေ့စဉ်လူဦးရေ တစ်သောင်းကျော် လာရောက်အဓိဋ္ဌာန်ပြု ဆုတောင်းမှုများ ပြုလုပ်နေ

ကျောက်ဆည်မြို့နယ်၊ မဟာရွှေသိမ်တော်ဘုရားသို့ တက္ကသိုလ်ဝင်တန်း စာမေးပွဲမဖြေမီ ရက်ပိုင်းအတွင်း မြန်မာပြည်အနှံ့အပြားမှ လာရောက်ကြပြီး နေ့စဉ်လူဦးရေ တစ်သောင်းကျော် လာရောက်အဓိဋ္ဌာန်ပြု ဆုတောင်းမှုများ ပြုလုပ်နေ
မဟာရွှေသိမ်တော်ဘုရားတွင် ကန့်တော့ပွဲထိုးကာ လာရောက်ဆုတောင်းကြသူများကို တွေ့ရစဉ် (ဓာတ်ပုံ-မင်းလတ်)
မဟာရွှေသိမ်တော်ဘုရားတွင် ကန့်တော့ပွဲထိုးကာ လာရောက်ဆုတောင်းကြသူများကို တွေ့ရစဉ် (ဓာတ်ပုံ-မင်းလတ်)
Published 2 March 2020
မင်းလတ်

ကျောက်ဆည်မြို့နယ်၊ မဟာရွှေသိမ်တော်ဘုရားသို့ တက္ကသိုလ်ဝင်တန်း စာမေးပွဲမဖြေမီ ရက်ပိုင်းအတွင်း မြန်မာပြည်အနှံ့အပြားမှ လာရောက်ကြပြီး နေ့စဉ်လူဦးရေ တစ်သောင်းကျော်လောက် လာရောက်အဓိဋ္ဌာန်ပြု ဆုတောင်းမှုများ ပြုလုပ်နေကြောင်း မဟာရွှေသိမ်တော်ဘုရား ဂေါပကဥက္ကဋ္ဌ ဦးကျော်ဆွေက ပြောကြားသည်။

ရန်ကုန်-မန္တလေးကားလမ်း (လမ်းဟောင်း) ဘေးရှိ ကျောက်ဆည်မြို့နယ်၊ အနော်ရထာမင်း တည်ထားခဲ့သော ရှေးဟောင်း မဟာသိမ်တော်ဘုရားသို့ ယခုရက်ပိုင်းအတွင်း အနယ်နယ်အရပ်ရပ်မှ တက္ကသိုလ်ဝင်တန်း ဖြေဆိုမည့် ကျောင်းသူကျောင်းသားများ၊ အခြားကိစ္စများ အဓိဋ္ဌာန်ပြုဆုတောင်းလာသူ ဘုရားဖူးများဖြင့် များပြားလာကြောင်း သိရသည်။

ဘုရားကြီးမှာ စနေ၊ တနင်္ဂနွေ ဥပုဉ်နေ့ အဲဒီရက်တွေက အင်မတန် စည်းကားတယ်။ လူဦးရေသောင်းချီ လာရောက်ကြတယ်။ အခုရက်ပိုင်း ဘာလို့ဆို ဆယ်တန်းစာမေးပွဲ ဖြေဆိုမယ့် ကျောင်းသားတွေ လာရောက်ကြတာများတယ်။ မနှစ်ကဆို ကျောင်းသားတွေ စာမေးပွဲမဖြေခင်ရက်အထိ လာရောက်ကြတယ်” ဟု မဟာရွှေသိမ်တော်ဘုရား ဂေါပကဥက္ကဋ္ဌ ဦးကျော်ဆွေက ပြောကြားသည်။

လာရောက်သည့် ဘုရားဖူးများနှင့် အဓိဋ္ဌာန်ပြု ဆုတောင်းကြသူများမှာ မြန်မာနိုင်ငံ အနှံ့အပြားမှဖြစ်ကြောင်း၊ မြန်မာနိုင်ငံ အောက်ပိုင်းဒေသများမှလည်း လာရောက်ကြကြောင်း သိရသည်။

“အခုဆို ရန်ကုန်။ ဟိုးအောက်ပိုင်း ရေး၊ မြိတ်တို့ကတောင် လာကြတယ်။ ကလေး၊ ကျိုင်းတုံ၊ တာချီလိတ်တို့ကလည်း လာကြပါတယ်။ ၁၀ တန်း စာမေးပွဲအတွက် လာကြတာ။ တစ်နိုင်ငံလုံး နေရာအနှံ့အပြား လာကြပါတယ်။  ... ။ ၁၀ တန်းအောင်မြင်ချင်တဲ့သူ၊ တချို့ကလည်း ရာထူးတိုးချင်တဲ့သူ၊ တချို့ကလည်း အရွှေ့အပြောင်း ကိစ္စတွေ၊ ကျန်းမာရေး ကောင်းမွန်ချင်တဲ့သူ အမျိုးမျိုးပေါ့။ သူတို့လိုရာ ဆုတောင်းပြည့်ဖို့ ကန်တော့ပွဲပေးပြီး ဆုတောင်း အဓိဋ္ဌာန်ပြုကြပါတယ်။ ခုရက်ပိုင်းကတော့ များတယ်။ တစ်ရက်ကို ကန်တော့ပွဲ ငါးထောင်ခန့် ရှိပါတယ်” ဟု မဟာသိမ်တော်ဘုရား ဂေါပကဥက္ကဋ္ဌ ဦးကျော်ဆွေက ပြောကြားသည်။

မဟာရွှေသိမ်တော်ဘုရားသို့ ကျောက်ဆည်မြို့နှင့် အနီးဝန်းကျင် မြို့များသာမက ရန်ကုန်နှင့် ဧရာဝတီ တိုင်းဒေသကြီးမြို့များမှ ယခုနှစ်တွင် လာရောက်ဆုတောင်း အဓိဌာန် ပြုမှုများပြုလုပ်လာကြောင်း၊ ကန်တော့ပွဲ တစ်ပွဲလျှင် ကျပ် ၄၀၀၀ မှစကာ ကျပ်တစ်သိန်းသုံးသောင်း အထိရှိကြောင်း စျေးသည်များထံမှ သိရသည်။

ကျောက်ဆည်မြို့မြောက်ဘက်၊ သင်တောင်ကြီးရွာအနီးရှိ မဟာရွှေသိမ်တော် ဘုရားအား အနော်ရထာမင်းကြီးက တည်ထားခဲ့သည်။

ရွှေသိမ်တော် မြတ်စွာဘုရားစေတီတော်ကို အနော်ရထာမင်းကြီး တည်ထားခဲ့စဉ်က ဉာဏ်တော် ကိုးတောင်မျှသာရှိပြီး သက္ကရာဇ် ၁၃၀၉ ခုနှစ်တွင် ရွာသူရွာသားများ ကောင်းမှုဖြင့် ဉာဏ်တော် ၁၅ တောင် အထိ မြှင့်တင်ကာ ပြုပြင်ခဲ့သည်။

သက္ကရာဇ် ၁၃၅၆ ခုနှစ်တွင် သင် တောင်းရွာသူရွာသားများ ကျောက်ဆည် နယ်သူနယ်သားများ အခြားဒေသမှ ပုဂ္ဂိုလ်များ အပါအဝင် အများကောင်းမှုဖြင့် ဉာဏ်တော် ၁၅ တောင်ကိုငုံကာ ဉာဏ်တော် ၃၄ တောင်အမြင့်သို့ မြှင့်ကာ ပူဇော်ခဲ့သည်။

ပထမမြန်မာနိုင်ငံတော်ကို အောင်မြင်စွာ တည်ဆောက်နိုင်သူ အနော်ရထာမင်းသည် အရည်းကြီး သာသနာကို ဖယ်ရှား၍ ထေရဝါဒ ဗုဒ္ဓသာသနာကို ထွန်းကားစေခဲ့သူဖြစ်ပြီး မဟာရွှေသိမ်တော် စေတီသည် ရှင်အရဟံနှင့် အနော်ရထာမင်းကြီး ပုဂ္ဂိုလ်ထူးနှစ်ဦး ကိုးကွယ်ခဲ့သော သိမ်တော်ဖြစ်ကာ ဆုတောင်းအဓိဋ္ဌာန်ပြည့်သော စေတီတစ်ဆူဖြစ်ကြောင်း သမိုင်းမှတ်တမ်းအရ သိရသည်။

 

Most Read

Most Recent