မြန်မာနိုင်ငံ၏ ပြည်ပပို့ကုန် တင်ပို့မှုတွင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း အမေရိကန်ဒေါ်လာ ၁၇ ဘီလျံအထိ ရှိခဲ့ကြောင်း စီးပွား/ကူးသန်း ဒုတိယဝန်ကြီး ပြောကြား

မြန်မာနိုင်ငံ၏ ပြည်ပပို့ကုန် တင်ပို့မှုတွင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း အမေရိကန်ဒေါ်လာ ၁၇ ဘီလျံအထိ ရှိခဲ့ကြောင်း စီးပွား/ကူးသန်း ဒုတိယဝန်ကြီး ပြောကြား
မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်ရှိ သစ်သီးဝလံစျေးကွက်သို့ လာရောက်ရောင်းချသည့် ဖရဲ၊ သခွားတင် ယာဉ်များကို ယခုရက်ပိုင်းအတွင်း တွေ့ရစဉ်
မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်ရှိ သစ်သီးဝလံစျေးကွက်သို့ လာရောက်ရောင်းချသည့် ဖရဲ၊ သခွားတင် ယာဉ်များကို ယခုရက်ပိုင်းအတွင်း တွေ့ရစဉ်
Published 1 March 2020
ပြည့်ဖြိုးအောင်၊ အောင်မင်းသိန်း

မြန်မာနိုင်ငံ၏ ပြည်ပပို့ကုန်တင်ပို့မှုတွင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း အမေရိကန်ဒေါ်လာ ၁၇ ဘီလျံအထိရှိခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ပို့ကုန်ပိုမို တင်ပို့နိုင်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောကြားသည်။

ဖေဖော်ဝါရီ ၂၈ ရက်က ပြုလုပ်သည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ပြည်ထောင်စုဝန်ကြီးဌာန၊ အဖွဲ့အစည်းများ၏ ဒုတိယခြောက်လပတ် အခွန်ရငွေ စာရင်းများနှင့် စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ (၂/၂၀၂၀) နှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအပေါ် ပြန်လည်ရှင်းလင်းရာတွင် ဒုတိယဝန်ကြီး ဦးအောင်ထူးက ယင်းကဲ့သို့ ထည့်သွင်းပြောကြား ခဲ့ခြင်းဖြစ်သည်။

“မြန်မာနိုင်ငံရဲ့ ပြည်ပပို့ကုန်တင်ပို့မှာ ၂၀၁၆-၂၀၁၇ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၁၂ ဘီလျံခန့်ရှိခဲ့ရာမှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှာ အမေရိကန်ဒေါ်လာ ၁၇ ဘီလျံအထိ ဆောင်ရွက်နိုင်ခဲ့ပြီး တစ်နှစ််ထက်တစ်နှစ် ပို့ကုန် ပိုမိုတင်ပို့လာနိုင်တာကို တွေ့ရှိရမှာ ဖြစ်ပါတယ်” ဟု ဒုတိယဝန်ကြီးက ဆိုသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး အနေဖြင့် ပို့ကုန်အမျိုးအစားနှင့် ပို့ကုန််ပမာဏ တိုးချဲ့တင်ပို့ နိုင်ရေးအတွက် အမျိုးသားပို့ကုန် မဟာဗျူဟာ ၂၀၁၅-၂၀၁၉ ကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း၊ ဆက်လက်၍ အမျိုးသားပို့ကုန် မဟာဗျူဟာ ၂၀၂၀-၂၀၂၅ ကို ပို့ကုန်အမည်စုံ တင်ပို့နိုင်ရေး ရည်မှန်းလျက် စိုက်ပျိုးရေး ကုန်ထုတ်ရေး ကဏ္ဍများတွင် တီထွင်ဆန်းသစ်မှုနှင့် နည်းပညာမြှင့်တင် ဆောင်ရွက်နိုင်ခြင်းတို့ဖြင့် ဟန်ချက်ညီစွာ ဖွံ့ဖြိုးတိုးတက်လာရေးကို ဦးတည်အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။

“အမျိုးသားပို့ကုန် မဟာဗျူဟာ ၂၀၂၀-၂၀၂၅ မှာ ဦးစားပေးကဏ္ဍ ကုန်စည်ငါးမျိုး၊ ဝန်ဆောင်မှုတစ်မျိုး၊ ဖွံ့ဖြိုးရန် အလားအလာရှိတဲ့ တစ်မျိုး၊ ဦးစားပေးကဏ္ဍများကို အထောက်အကူပြု လေးမျိုးတို့ကို ရွေးချယ်ထားပြီး ပို့ကုန်မြှင့်တင်ရေးကို အကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ဒုတိယဝန်ကြီးက ပြောကြားသည်။

ပြည်တွင်း ထုတ်ကုန်တင်ပို့မှုတွင် ကုန်ကြမ်းတင်ပို့မှုအစား တန်ဖိုးမြင့်ထုတ်ကုန် တင်ပို့နိုင်ရေးသာမက ပို့ကုန်အမျိုးအစား တိုးမြှင့်တင်ပို့နိုင်ရေးအတွက် ကဏ္ဍအလိုက် ဆက်စပ်ဌာနများနှင့် မိတ်ဖက် အဖွဲ့အစည်းများကြား ပေါင်းစပ်ညှိနှိုင်း၍ ကုန်သွယ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ် Trade Development အစီအစဉ်ကို ကာလလတ် အစီအစဉ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ဝန်ကြီးဌာန အနေဖြင့် ကုန်သွယ်မှု မူဝါဒကို ချမှတ်ဆောင် ရွက်ရာတွင် နိုင်ငံ၏ ကုန်သွယ်နှင့် ဆက်နွှယ်နေသည့် ဥပဒေများ၊ လုပ်ထုံးလုပ်နည်းများကို အခြေခံကာ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ သဘောတူညီချက်များ၊ ဒေသဆိုင်ရာ ကုန်သွယ်ရေး သဘောတူညီချက်များနှင့် လိုက်လျောညီထွေစွာဖြင့် အကောင်အထည် ဖော်လျက်ရှိကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။

“ပို့ကုန်သွင်းကုန်များ အပေါ်မှာ ပိတ်ပင်တားမြစ်ခြင်းထက် ပြည်တွင်းလိုအပ်သော ကုန်ကြမ်းများအပေါ်မှာ အကောက်ခွန် လျှော့ချခြင်း၊ ပြည်တွင်းထုတ်လုပ်နိုင်တဲ့ ကုန်ချောပစ္စည်းများအပေါ် အခွန်တိုးမြှင့် သတ်မှတ်ခြင်းများအပြင် အကောက်ခွန် မဟုတ်သော အစီအမံများနဲ့ ရေတိုရေရှည် စီမံချက်များ ချမှတ်ဆောင်ရွက်လျက် ရှိပါတယ်” ဟု ဒုတိယဝန်ကြီးက ပြောကြားသည်။

 

Most Read

Most Recent