ပရီးမီးယားလိဂ်ပွဲစဉ် (၂၈) ပွဲကြိုသုံးသပ်ချက်

ပရီးမီးယားလိဂ်ပွဲစဉ် (၂၈) ပွဲကြိုသုံးသပ်ချက်
Photo: AFP
Photo: AFP
Published 1 March 2020

အဲဗာတန် - မန်ယူ (တနင်္ဂနွေည ၈:၃၀ နာရီ)

ခြေတက်လာတယ်လို့ ပြောရမယ့်  မန်ယူအသင်းရဲ့အနေအထားကို စမ်းသပ်မယ့်ပွဲဖြစ်သလို၊ မန်ယူအသင်းနဲ့ အချိန်တိုအတွင်း အထိုင်ကျခဲ့တဲ့ ဘရူနိုဖာနန်ဒက်စ်အတွက်လည်း စမ်းသပ်မှုတစ်ခုလို့ ပြောလို့ရတယ်။ အဲဗာတန်က အာဆင်နယ်ကွင်းမှာ ရှုံးပွဲတွေ့ခဲ့ပေမယ့် ကောင်းကောင်းတုံ့ပြန်နိုင်ခဲ့တာတွေ့ရတယ်။ မာကိုဆေးလ်ဗား ထွက်သွားပြီးကတည်းက ဒန်ကန်ဖာဂူဆန် ယာယီကိုင်တွယ်ချိန်မှာရော အန်ဆယ်လော့တီလက်ထက်မှာပါ တည်တည်ငြိမ်ငြိမ်နဲ့ ခြေစွမ်းပြနေတာလည်း တွေ့ရတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ရာသီတုန်းက မန်ယူကို အိမ်ကွင်းမှာ (၄)ဂိုးပြတ် အနိုင်ယူခဲ့တာလည်းတွေ့ရတယ်။ မန်ယူအတွက်တော့ ပွဲ ကျပ်ကာလ စပြီလို့ဆိုရမှာဖြစ်ပြီး ဒီပွဲပြီးရင် မန်စီးတီး၊ စပါးတို့နဲ့ ဆက်တိုက်ကစားရမှာ၊ ကြားထဲမှာ ယူရိုပါလိဂ်ပွဲစဉ်တွေလည်း ရှိနေတာတွေ့ရတယ်။ အဆင့် (၄)နေရာအတွက် မျှော်လင့်ချက် မပျက်စီးဖို့ဆိုရင် ဒီလိုပွဲမျိုးမှာ အနိုင်ကစားဖို့ လိုတယ်။ လူ အင်အားက မန်ယူသာတယ်လို့ ပြောနိုင်ပေမယ့် အရမ်းကွာတာမျိုးမရှိဘူး။ ဘရူနိုဖာနန်ဒက်စ်က မန်ယူကွင်းလယ်ကို ကောင်း ကောင်းဦးဆောင်နေသလို၊ အန်ဒရေဂိုးမက်စ် ပြန်ပါလာပြီး၊ ဆီဂတ်ဒ်ဆန် ခြေစွမ်းပြန်ပြလာတဲ့ အဲဗာတန်ကွင်းလယ်ကလည်း အားကောင်းတယ်။ မန်ယူရဲ့အဝေးကွင်းရလဒ်ကိုလည်း သိပ်မယုံလို့ အဲဗာတန်ကို ပိုကြိုက်တယ်။ 

စပါး - ဝုလ်ဗ် (တနင်္ဂနွေည ၈:၃၀ နာရီ)

နောက်ဆုံးကစားခဲ့တဲ့ပွဲမှာ စပါးက ချယ်လ်ဆီးကို ရှုံးခဲ့ပြီး အဆင့် (၄)နေရာအတွက် အိပ်မက်ကို ထိခိုက်ခဲ့ပေမယ့် အခြေအနေ လုံးဝဆိုးသွားတာတော့မဟုတ်ဘူး။ နောဝစ်ချ်၊ မန်စီးတီး၊ အက်စတွန်ဗီလာတို့ကို အနိုင်ကစားထားတဲ့ ရလဒ်ပိုင်းက အသင်းကို အကူအညီပေးပါတယ်။ ဝုလ်ဗ်ကလည်း လီဗာပူးလ်ကို ရှုံးပြီးတဲ့နောက် မန်ယူ၊ လက်စတာတို့နဲ့ပွဲတွေမှာ ပြိုင်ဘက်ကို အမှတ်မပေးရအောင် သရေပွဲတွေကစားခဲ့ပြီး နောဝစ်ချ်နဲ့ပွဲမှာတော့ အကောင်းဆုံးပုံစံနဲ့ အနိုင်ယူခဲ့တာတွေ့ရတယ်။ စပါး တိုက်စစ်ထက် ကစားပုံပိုကောင်းသလို၊ စပါးထက် ကစားကွက်ပိုခိုင်မာတဲ့အသင်းလည်းဖြစ်တယ်။ ပြီးခဲ့တဲ့ရာသီတုန်းက ပိုချက် တီနိုရဲ့စပါးအသင်းကို အဝေးကွင်းနိုင်ပွဲယူခဲ့တဲ့အသင်းလည်းဖြစ်တယ်။ မန်စီးတီးသာ UEFA ရဲ့ ပြစ်ဒဏ်ကျခဲ့ရင် အဆင့် (၅)နေရာအထိ မျှော်လင့်ချက်ရှိတဲ့အတွက် ဒီပွဲက နှစ်သင်းစလုံးအတွက် အရေးပါနေတဲ့ပွဲလည်းဖြစ်တယ်။ ဝုလ်ဗ်က သရေ ကစားချင်သလား၊ အနိုင်ကစားချင်သလားဆိုတဲ့ Game Plan အပေါ် မူတည်ပြီး စပါးကစားရမှာဖြစ်တယ်။ ဝုလ်ဗ်တိုက်စစ်က ဟီမင်နက်ဇ်၊ ယိုတာတို့က စပါးတိုက်စစ်ထက် ပိုကောင်းအောင်ကစားနိုင်သူတွေဖြစ်ပြီး ကွင်းလယ်နဲ့ ခံစစ်က သိပ်မကွာဘူး။ ဒါပေမဲ့ စပါးမှာ ဂိုးသွင်းမယ့်သူမရှိတဲ့ ပြဿနာရှိနေတယ်။ သရေကျသွားနိုင်တယ်။ 

 

Most Read

Most Recent