ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်းတွင် ပုဒ်မ ၂၆၂ (ဋ) ပြင်ဆင်ချက်၌ စာသားကျန်ခဲ့မှုအပေါ် ဥပဒေကြမ်း လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီမှ တာဝန်ရှိသူများအား ထိရောက်စွာ အရေးယူပေးရန် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့က တိုင်ကြားထားကြောင်းသိရ

ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်းတွင် ပုဒ်မ ၂၆၂ (ဋ) ပြင်ဆင်ချက်၌ စာသားကျန်ခဲ့မှုအပေါ် ဥပဒေကြမ်း လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီမှ တာဝန်ရှိသူများအား ထိရောက်စွာ အရေးယူပေးရန် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့က တိုင်ကြားထားကြောင်းသိရ
ဖေဖော်ဝါရီ ၂၅ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကို တွေ့ရစဉ်
ဖေဖော်ဝါရီ ၂၅ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကို တွေ့ရစဉ်
Published 29 February 2020
ကျော်ဇင်ဝင်း

တပ်မတော်သားအမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးချုပ်အောင်စန်းချစ်အပါအဝင် တပ်မတော်သားလွှတ်တော်ကိုယ် စားလှယ် ၁၄၄ ဦးလက်မှတ်ရေးထိုး၍ တင်ပြခဲ့သော  ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၂ ပုဒ်မခွဲ(ဋ)ပြင်ဆင်ချက်စာသားကျန်ခဲ့သည့်အတွက် ဥပဒေကြမ်းလေ့လာစိစစ်ရေးပူး ပေါင်းကော်မတီမှ တာဝန်ရှိသူများအား ထိရောက်စွာ အရေးယူပေးရန် ပြည်ထောင်စု လွှတ်တော်နာယကထံ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့က တိုင် ကြားထားကြောင်း သတင်းရရှိသည်။

ထိုသို့တိုင်ကြားရာတွင် ဖက်ဒရယ်ဒီမို ကရေစီကို အခြေခံသောပြည်ထောင်စုဖွဲ့ စည်းတည်ထောင်ရန်အတွက် တိုင်းရင်းသား ပြည်သူလူထု၏ အခွင့်အရေးကိုပိတ်ပင်ခြင်း၊ ဗဟိုချုပ်ကိုင်မှုလျှော့ချ၍ ဒီမိုကရေစီအနှစ် သာရဖြစ်မှုကို တားဆီးခြင်း၊ ယင်းသို့ဆောင် ရွက်မှုသည် ပြည်သူလူထုကိုလှည်စားသောလုပ်ရပ်ဖြစ်ခြင်း၊ ရည်ရွယ်ချက်ရှိစွာ မရိုး ဖြောင့်သောသဘောဖြင့် ပြင်ဆင်ချက်ကို ချန်လှပ်တင်ပြခဲ့ခြင်း စသည့်အချက်များကို ထောက်ပြခဲ့သည်ဟု စုံစမ်းသိရှိရသည်။

တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့က တိုင်ကြားထားမှုနှင့် ပတ်သက်၍ တပ်မတော်သတင်းမှန်ပြန်ကြား ရေးအဖွဲ့အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်း ထွန်းက “တိုင်ကြားထားတယ်လို့တော့ သိရ ပါတယ်။ အသေးစိတ်အခြေအနေတော့ မသိပါဘူး”ဟု ပြောကြားသည်။

ဖေဖော်ဝါရီ ၂၅ ရက်ကပြုလုပ်သည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်း များပါ ပုဒ်မ၊ ပုဒ်မခွဲများအပေါ် စတင်ဆွေးနွေး ခဲ့ပြီး ထိုသို့ဆွေးနွေးခြင်းအစီအစဉ်မစတင်မီ အချိန်တွင် တပ်မတော်သားလွှတ်တော်ကိုယ် စားလှယ် ဗိုလ်မှူးချုပ်အောင်စန်းချစ်က ၎င်းင်း တင်သွင်းထားသည့် ဥပဒေမူကြမ်းတွင် ပါ ဝင်သော အချက်များအနက် အချက်တစ်ချက် ပါဝင်လာခြင်းမရှိသည်ကို လွှတ်တော်၌ တင် ပြခဲ့သည်။

ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၂၆၂ (ဋ) မူလပြဋ္ဌာန်းချက် “နိုင်ငံတော်သမ္မတသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီး ချုပ် ခန့်အပ်တာဝန်ပေးခြင်းများကို သက်ဆိုင် ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ် တော်သို့လည်းကောင်း၊ ပြည်ထောင်စုလွှတ် တော်သို့လည်းကောင်း အကြောင်းကြားရ မည်”စာသားအစား “ နိုင်ငံ တော်သမ္မတသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်ခန့်အပ်တာဝန်ပေးခြင်းကို ပြည်ထောင်စု လွှတ်တော်နှင့် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်များသို့  အ ကြောင်းကြားရမည်။ တိုင်းဒေသကြီး သို့မ ဟုတ် ပြည်နယ်ဝန်ကြီးချုပ်သည် တိုင်းဒေသ ကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးများ ခန့်အပ် တာဝန်ပေးခြင်းကို သက်ဆိုင်ရာတိုင်းဒေသ ကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်သို့ အ ကြောင်းကြား၍ နိုင်ငံတော်သမ္မတထံသို့ လည်း တင်ပြရမည်”ဟု ဗိုလ်မှူးချုပ်အောင် စန်းချစ်က ပြင်ဆင်ချက် တင်သွင်းထားခြင်း ဖြစ်သည်။

ယင်းပြင်ဆင်ချက်၌ “တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်သည် တိုင်း ဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်းကို သက်ဆိုင်ရာတိုင်း ဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်သို့ အကြောင်းကြား၍ နိုင်ငံတော် သမ္မတထံသို့ လည်း တင်ပြရမည်”ဆိုသည့်စာသားသည် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်းတွင်ပါဝင်လာခြင်းမရှိသဖြင့် ထိုသို့ သေချာစွာမစိစစ်ဘဲ ပြုလုပ်ထားခြင်းကို ကန့် ကွက်ကြောင်းနှင့် ဥပဒေမူကြမ်းများကို မှန် ကန်မှု ရှိ မရှိ ပြန်လည်စိစစ်သင့်ကြောင်း ဖေ ဖော်ဝါရီ ၂၅ ရက်က လွှတ်တော်၌ ဗိုလ်မှူးချုပ် အောင်စန်းချစ်က တင်ပြခဲ့သည်။

ထိုကဲ့သို့ ကျန်ရှိခဲ့မှုအပေါ် ပြည်ထောင် စုလွှတ်တော်နာယကဦးတီခွန်မြတ်က ရိုးရိုး မှားယွင်းမှုသာဖြစ်မည်ဟုထင်ကြောင်းနှင့် ဥပဒေကြမ်းလေ့လာစိစစ်ရေးပူးပေါင်း ကော်မတီအတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးက ပုဒ်မ ၂၆၂ ပုဒ်မခွဲ(ဋ)နှင့်ပတ်သက်၍ တစ်လုံးတစ်ပါဒမျှ ပြင်ဆင်ထားခြင်းမရှိဘဲ ဥပဒေရေးထုံးပိုင်ဆိုင်ရာ ပြင်ဆင်ချက်များက လွဲ၍ ပြင်ဆင်ခွင့်မရှိကြောင်းပြောကြားသည်။

ဒေါက်တာမြတ်ဉာဏစိုး၏ ရှင်းလင်းတင်ပြမှုအပြီးတွင် အခြားတပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက လွှတ်တော်နာယကထံ တင်ပြခွင့်တောင်းခံခြင်း မရှိ ဘဲ လွှတ်တော်အတွင်း၌ အော်ဟစ်ပြောဆို ကန့်ကွက်မှုပြုလုပ်ခဲ့သဖြင့် ပြည်ထောင်စု လွှတ်တော်နာယကက ဟန့်တားသတိပေးခဲ့ရပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဆွေက လည်း တပ်မတော်သားလွှတ်တော်ကိုယ်စား လှယ်၏ အော်ဟစ်ပြောဆိုမှုအပေါ် မတ်တတ် ရပ်၍ ကန့်ကွက်တင်ပြမှုအထိ ပြုလုပ်ခဲ့သည်။

ထို့နောက်  ဗိုလ်မှူးချုပ်အောင်စန်းချစ် တင်ပြသည့်ကိစ္စသည် မှန်ကန်ကြောင်း၊ ရုံးအပိုင်းတွင် လိုအပ်သွားသည့် အပိုင်းများရှိ ခြင်းကြောင့် ကျန်ခဲ့သည့်ကိစ္စဖြစ်ကြောင်း၊ ပြန်လည်ဖြည့်စွက်ပြီး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယက က လွှတ်တော်သို့ပြောကြားခဲ့သည်။