ICJ သို့ တက်ရောက်ရှင်းလင်းသည့်ကိစ္စ၊ မြောက်ပိုင်းမဟာမိတ် အဖွဲ့များ၏ အကြမ်းဖက် တိုက်ခိုက်မှုများ၊ AA အဖွဲ့၏ အကြမ်းဖက် သောင်းကျန်းမှုများနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတသည် ကာ/လုံနှင့် ညှိနှိုင်းဆောင်ရွက်မှု မရှိခဲ့ကြောင်း တပ်မတော်သား ကိုယ်စားလှယ် ပြောကြား

ICJ သို့ တက်ရောက်ရှင်းလင်းသည့်ကိစ္စ၊ မြောက်ပိုင်းမဟာမိတ် အဖွဲ့များ၏ အကြမ်းဖက် တိုက်ခိုက်မှုများ၊ AA အဖွဲ့၏ အကြမ်းဖက် သောင်းကျန်းမှုများနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတသည် ကာ/လုံနှင့် ညှိနှိုင်းဆောင်ရွက်မှု မရှိခဲ့ကြောင်း တပ်မတော်သား ကိုယ်စားလှယ် ပြောကြား
Published 28 February 2020
အောင်မင်းသိန်း၊ ပြည့်ဖြိုးအောင်

ICJ သို့ တက်ရောက်ရှင်းလင်းသည့်ကိစ္စ၊ မြောက်ပိုင်းမဟာမိတ်အဖွဲ့များ၏ အကြမ်းဖက်တိုက်ခိုက်မှုများ၊ AA အဖွဲ့၏ အကြမ်းဖက် သောင်းကျန်းမှုများနှင့် ပတ်သက် ၍ နိုင်ငံတော်သမ္မတသည် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာ/လုံ) နှင့် ညှိနှိုင်းဆောင်ရွက်မှု မရှိခဲ့ကြောင်း တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး မိုးမြင့်အောင်က လွှတ်တော်၌ ဆွေးနွေးခဲ့သည်။

ဖေဖော်ဝါရီ ၂၇ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်းများပါ ပုဒ်မ၊ ပုဒ်မခွဲများနှင့် စပ်လျဉ်း၍ တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး မိုးမြင့်အောင်က အထက်ပါအတိုင်း ထည့်သွင်းဆွေးနွေး ခဲ့ခြင်းဖြစ်သည်။

“ကောင်စီနဲ့ ဆက်စပ်တဲ့ ပုဒ်မများကို လေ့လာသုံးသပ်ရာမှာ ပုဒ်မ ၂၁၃ ၌ နိုင်ငံတော်သမ္မတသည် နိုင်ငံတော်အား ကျူးကျော်တိုက်ခိုက်ခြင်းခံရလျှင် ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့အညီ ဖွဲ့စည်းထားသော ကောင်စီနဲ့ ညှိနှိုင်းလျက် စစ်ရေးအရ လိုအပ်သလို ဆောင်ရွက်ပိုင်ခွင့်ရှိသည်ဟု ပြဋ္ဌာန်းထားသော်လည်း ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ARSA အဖွဲ့၏ ကျူးကျော်တိုက်ခိုက်ခံခဲ့ရမှုနဲ့ ပတ်သက်ပြီး ကောင်စီနဲ့ ညှိနှိုင်းဆောင်ရွက်မှု မရှိခဲ့တာကို တွေ့ရပါတယ်” ဟု ဒုတိယဗိုလ်မှူးကြီး မိုးမြင့်အောင်က ပြောကြားသည်။

ထို့ပြင် ရခိုင်အရေးကိစ္စ ဖြေရှင်းရန် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို ဖွဲ့စည်းခဲ့ရာတွင်လည်း ကောင်စီနှင့် ညှိနှိုင်းခဲ့ခြင်း မရှိသည်ကို တွေ့ရပြီး ၂၀၁၇ ခုနှစ် ဇန်နဝါရီတွင် ပြည်ထောင်စု အစိုးရအဖွဲ့၏ အမျိုးသား လုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ခန့်အပ်ခြင်းနှင့် ပတ်သက်ပြီး ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၂၀၁ ကို ကျော်လွန်ဆောင်ရွက်နေသည်ဟု မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သည့် South Asia Analysis Group က သုံးသပ်တင်ပြ ထားသည်ကို တွေ့ရကြောင်း ဒုတိယဗိုလ်မှူးကြီး မိုးမြင့်အောင်က ပြောကြားသည်။

မြန်မာနိုင်ငံ အချက်အလက်ရှာဖွေရေး အဖွဲ့၏ အစီရင်ခံစာများ၊ ရခိုင်ပြည်နယ် အရေးကိစ္စကို ICC မှ တရားစီရင်ရေးနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ၏ ရပ်တည်ချက်ကို ကုလသမဂ္ဂ အထွေထွေညီလာခံ၌ တင်ပြခဲ့သည့်ကိစ္စ၊ ICJ သို့ မြန်မာနိုင်ငံဘက်မှ တက်ရောက် ရှင်းလင်းသည့်ကိစ္စ စသည့်နိုင်ငံအတွက် အလွန်အရေးပါသည့် ကိစ္စများမတိုင်ခင်တွင် ကောင်စီနှင့် ညှိနှိုင်းဆွေးနွေး သင့်သော်လည်း လုပ်ဆောင်မှု မရှိခဲ့သည်ကို တွေ့ရကြောင်း ဒုတိယဗိုလ်မှူးကြီး မိုးမြင့်အောင်က ဆွေးနွေးခဲ့သည်။

“မြောက်ပိုင်းမဟာမိတ် အဖွဲ့များ၏ အကြမ်းဖက်မှုများကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်း ကုန်သွယ်ရေး လမ်းကြောင်း တစ်လျှောက် နယ်စပ်ကုန်သွယ်မှု ပြတ်တောက်ပြီး ဆုံးရှုံးမှုကြီးမားခဲ့တဲ့ အခြေအနေ၊ AA အကြမ်းဖက် သောင်းကျန်းသူများကြောင့် ရခိုင်ပြည်နယ်အတွင်းရှိ ပြည်သူများ၏ အသက်အိုးအိမ်ကို ထိပါးအန္တရာယ်ပြုသည့် အခြေအနေများအား နိုင်ငံတော်သမ္မတသည် ပုဒ်မ ၄၁၂(က)အရ ကောင်စီနဲ့ ညှိနှိုင်းဆောင်ရွက်ရမှာ ဖြစ်သော်လည်း လိုက်နာကျင့်သုံးမှု မရှိခဲ့ကြောင်း တွေ့ရပါတယ်” ဟု ဗိုလ်မှူးကြီး မိုးမြင့်အောင်က ဆွေးနွေးခဲ့သည်။

ထို့အတူ ကောင်စီ၏ တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်စေရန် ပုဒ်မ ၂၀၁(ခ) ပုဒ်မခွဲငယ် (၁)(၂) များကို ထည့်သွင်းပြဋ္ဌာန်းသင့်ပြီး နိုင်ငံတော်နှင့် အမျိုးသား အကျိုးစီးပွားအတွက် အရေးကြီးသည့် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကိစ္စရပ်များကို ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များအရ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီတွင် ညှိနှိုင်းဆောင်ရွက် ကြစေရန်အတွက် ပုဒ်မ ၂၀၁ ၏ ခေါင်းစဉ်၊ ပုဒ်မခွဲ(က)နှင့် ပုဒ်မခွဲ(ခ) အသစ်ဖြည့်စွက်ချက်များအား ပြင်ဆင်ထည့်သွင်း ပြဋ္ဌာန်းသင့်ကြောင်း ဒုတိယဗိုလ်မှူးကြီး မိုးမြင့်အောင်က ဆွေးနွေးခဲ့သည်။

ဒီမိုကရေစီနှင့် ဖက်ဒရယ်အရ နိုင်ငံတော်အကြီးအကဲနှင့် အုပ်ချုပ်ရေး အကြီးအကဲဖြစ်သည့် နိုင်ငံတော် သမ္မတက ဦးဆောင်ထားသည့် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ လက်ရှိဖွဲ့စည်းမှုသည် သိမ်မွေ့ရင့်ကျက်မှုနှင့် ချိန်ဆမှု မှန်ကန်သည့် ဖွဲ့စည်းထားမှုဖြစ်ပြီး ချိန်ဆမှုနှင့် အခင်းအကျင်းကို မှန်ကန်စွာ မချိတ်ဆက်နိုင်ပါက အခြားသော ပယောဂများ ပါဝင်လာကာ ဆိုးကျိုးကို သက်ရောက်စေမည် ဖြစ်ခြင်းကြောင့် လက်ရှိ အသင့်လျော်ဆုံး ဖွဲ့စည်းမှုမှ သွေဖည်သွား၍ မရနိုင်ကြောင်းနှင့် ဖွဲ့စည်းမှုမှားလျှင် လုပ်ငန်းစဉ်ကို ထိခိုက်နိုင်ကြောင်း တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးကြီးမြင့်ဟန်က ဆွေးနွေးခဲ့သည်။

အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီတွင် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌများကို ပြင်ဆင်ထည့်သွင်း ထားမှုသည် လိုအပ်မှုမရှိကြောင်းနှင့် လက်ရှိ ပြည့်စုံကောင်းမွန်ပြီး ဖြစ်သည့် ဖွဲ့စည်းထားမှုမှ နယ်စပ်ရေးရာ ဝန်ကြီးဌာန ဝန်ကြီးအား ဖွဲ့စည်းထားမှု ပယ်ဖျက်ခြင်းသည်လည်း မဆီလျော်သော ပယ်ဖျက်မှုဖြစ်ပြီး အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးအတွက် မှားယွင်းသော ရလာဒ်များဆီသို့ ဦးတည်သွားနိုင်၍ ပယ်ဖျက်ရန် မသင့်ကြောင်း ဗိုလ်မှူးကြီးမြင့်ဟန်က ဆွေးနွေးခဲ့သည်။