သက်ဦးဆံပိုင်ဘုရင်စနစ်ဖြင့် အာဏာကို သားစဉ်မြေးဆက် လက်ဆင့်ကမ်းလိုမှသာလျှင် ပုဒ်မ ၅၉ (စ) ပါကန့်သတ်ထားသောအချက်များကို ဆက်လက်ကျင့်သုံးသင့်ကြောင်း NLD ပါတီ လွှတ်တော်ကိုယ်စားလှယ် ဝေဖန်

သက်ဦးဆံပိုင်ဘုရင်စနစ်ဖြင့် အာဏာကို သားစဉ်မြေးဆက် လက်ဆင့်ကမ်းလိုမှသာလျှင် ပုဒ်မ ၅၉ (စ) ပါကန့်သတ်ထားသောအချက်များကို ဆက်လက်ကျင့်သုံးသင့်ကြောင်း NLD ပါတီ လွှတ်တော်ကိုယ်စားလှယ် ဝေဖန်
Published 27 February 2020

သက်ဦးဆံပိုင်ဘုရင်စနစ်ဖြင့် အာဏာကို သားစဉ်မြေးဆက် လက်ဆင့်ကမ်းလိုမှသာလျှင် ပုဒ်မ ၅၉ (စ) ပါ ကန့်သတ်ထားသော အချက်များကို ဆက်လက်ကျင့်သုံးသင့်ကြောင်း NLD ပါတီဝင် ပေါင်မြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မိကွန်ချမ်းက လွှတ်တော်၌ ဆွေးနွေးခဲ့သည်။

ဖေဖော်ဝါရီ ၂၆ ရက်က ပြုလုပ်သော ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်းများပါ ပုဒ်မ၊ ပုဒ်မခွဲများအပေါ် လွှတ်တော်၌ ဆွေးနွေးရာတွင် NLD ပါတီ၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မိကွန်ချမ်းက အထက်ပါကဲ့သို့ ထည့်သွင်းဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

ပုဒ်မ ၅၉(စ)နှင့်ပတ်သက်ပြီး ပယ်ဖျက်သည့် ပြင်ဆင်ချက်ကို ထောက်ခံဆွေးနွေးသွားမည်ဖြစ်ပြီး ဤပုဒ်မထဲတွင် နိုင်ငံတော်သမ္မတဖြစ်မည့်သူ၏ မိသားစုဝင်များနှင့် ဆွေမျိုးကို ကန့်သတ်ထားသော အချက်များသည် ယခုခေတ်ဒီမိုကရေစီစနစ်နှင့် မကိုက်ညီတော့ကြောင်း ဒေါ်မိကွန်ချမ်းက ဆိုသည်။

“သမ္မတဖြစ်မယ့် သူတစ်ယောက်တည်းသာ သတ်မှတ်ထားတဲ့ သမ္မတအရည်အချင်း ပြည့်မီရန်သာ လိုအပ်ပြီး အခြားမဆိုင်တဲ့ ၎င်းရဲ့မိသားစု၊ ဆွေမျိုးတွေကပါ သမ္မတအရည်အချင်း သတ်မှတ်ကန့်သတ်ထားရန် မလိုအပ်ပါဘူး။ အကယ်၍ သက်ဦးဆံပိုင်ဘုရင်စနစ်ကိုကျင့်သုံးပြီး အာဏာကို သားစဉ်မြေးဆက် လက်ဆင့်ကမ်းပြီး သွားမယ်ဆိုရင်တော့ ဤပုဒ်မကို ဆက်လက်ပြီးတော့ ကျင့်သုံးဖို့တော့ လိုအပ်ပါတယ်” ဟု ဒေါ်မိကွန်ချမ်းက ပြောကြားသည်။

ပုဒ်မ ၅၉(က)တွင် နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများသည် နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာရှိသူဖြစ်ရမည်ဟု ပြဋ္ဌာန်းထားခြင်းသည် ပြည့်စုံနေပြီဖြစ်ကြောင်း ၎င်းက ဆိုသည်။

“တိုင်းတစ်ပါးကနေ လွှမ်းမိုးခံရလို့ စိုးရိမ်လို့ ဒီဥပဒေကို ထည့်သွင်းတယ်ဆိုတာလည်း မဖြစ်သင့်ပါဘူး။ မိမိတို့ ညံ့လို့ တိုင်းတစ်ပါးရဲ့ အလွှမ်းမိုးကို ခံရတာပဲ ဖြစ်ပါတယ်။ မိမိတို့သာ အရည်အချင်းရှိမယ်ဆိုရင် တိုင်းတစ်ပါးကိုတောင် ခိုင်းစားလို့ရပါတယ်။ သမ္မတစနစ်ကို ကျင့်သုံးမယ့် ဒီမိုကရေစီခေတ်မှာတော့ သမ္မတသည် ငါးနှစ်တစ်ကြိမ်သာ ပြောင်းလဲသွားမှာဖြစ်တဲ့အတွက် ဤပုဒ်မဟာ ဆက်လက်ပြီးတော့ ထားဖို့ မသင့်တော်ပါဘူး” ဟု ဒေါ်မိကွန်ချမ်းက ဆွေးနွေးသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေသည် နိုင်ငံတော်၏ အမြင့်ဆုံးဥပဒေဖြစ်ပြီး ယင်းဥပဒေကို စံထား၍ အခြားသောဥပဒေများ ပြဋ္ဌာန်းရာတွင် ကိုက်ညီမှု ရှိ၊ မရှိ နှိုင်းယှဉ်ရခြင်းကြောင့် နိုင်ငံတကာဥပဒေနှင့်လည်း လိုက်လျောညီထွေရှိရမည်ဖြစ်ကြောင်း၊ ဥပဒေတစ်ရပ်ကို ပြဋ္ဌာန်းရာတွင် နိုင်ငံအဝှမ်းတွင်ရှိသည့် ပြည်သူများအတွက် ထည့်စဉ်းစားပြီးမှသာ ပြဋ္ဌာန်းရမည်ဖြစ်ပြီး လူတစ်ဦးအတွက်၊ အဖွဲ့တစ်ဖွဲ့အတွက် ရည်ညွှန်းပြီး ပြဋ္ဌာန်းထားခြင်းသည် မဖြစ်သင့်ကြောင်းနှင့် နိုင်ငံတော်ကို အုပ်ချုပ်ဦးဆောင်မည့် ပုဂ္ဂိုလ်များသည် ယောကျ်ား၊ မိန်းမ မခွဲခြားဘဲ အသက်အရွယ် ကြီးသည်၊ ငယ်သည်ကို မသတ်မှတ်ဘဲ အရည်အချင်းသာ ပြည့်မီပါက ခေတ်နှင့်အညီ ဉာဏ်အမြော်အမြင်ရှိသည့် နိုင်ငံသား တစ်ယောက်ကိုသာ လက်ဆင့်ကမ်းကြိုဆိုသင့်ကြောင်း ဒေါ်မိကွန်ချမ်းက ထောက်ခံဆွေးနွေးခဲ့သည်။

 

Most Read

Most Recent