အိမ်ထောင်ဖက်ရွေးချယ်မှုမှား၍ နိုင်ငံ့အကြီးအကဲမဖြစ်ခြင်းကို ပုဒ်မ ၅၉ (စ) ကြောင့်ဟူ၍ လက်ညှိုးထိုး ဝေဖန်ပြောဆိုသံများအား စိတ်မကောင်းဖြစ်မိကြောင်း ပြည်ခိုင်ဖြိုးပါတီ လွှတ်တော်ကိုယ်စားလှယ် ပြောကြား

အိမ်ထောင်ဖက်ရွေးချယ်မှုမှား၍ နိုင်ငံ့အကြီးအကဲမဖြစ်ခြင်းကို ပုဒ်မ ၅၉ (စ) ကြောင့်ဟူ၍ လက်ညှိုးထိုး ဝေဖန်ပြောဆိုသံများအား စိတ်မကောင်းဖြစ်မိကြောင်း ပြည်ခိုင်ဖြိုးပါတီ လွှတ်တော်ကိုယ်စားလှယ် ပြောကြား
ဖေဖော်ဝါရီ ၂၆ ရက်က ပြည်ထောင်စုလွှတ်တော်အစည်းအဝေး ကျင်းပစဉ်
ဖေဖော်ဝါရီ ၂၆ ရက်က ပြည်ထောင်စုလွှတ်တော်အစည်းအဝေး ကျင်းပစဉ်
Published 27 February 2020

အိမ်ထောင်ဖက်ရွေးချယ်မှုမှား၍ နိုင်င့ံအကြီးအကဲမဖြစ်ခြင်းကို ပုဒ်မ ၅၉ (စ) ကြောင့်ဟူ၍ လက်ညှိုးထိုးဝေဖန်ပြောဆိုသံများကို စိတ်မကောင်းဖြစ်မိကြောင်း ပြည်ခိုင်ဖြိုးပါတီ၏ မက်မန်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်အေးက ပြောကြားသည်။

ဖေဖော်ဝါရီ ၂၆ ရက်က ပြုလုပ်သည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် မူကြမ်းများပါ ပုဒ်မ၊ ပုဒ်မခွဲများအပေါ် ဆွေးနွေးရာ၌ ၎င်းက ယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကျမှ ထူးပြီး ပြဋ္ဌာန်းထားတာမဟုတ်ပါဘူး။ ဘယ်သူဘယ်ဝါ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကိုမှ ရည်ရွယ်ပြီး ရေးဆွဲခဲ့ခြင်း မဟုတ်ဘူးဆိုတာကိုလည်း နားလည်ဖို့လိုပါတယ်။ အိမ်ထောင်ဖက်ရွေးချယ်မှုအရ နိုင်င့ံအကြီးအကဲမဖြစ်တာနဲ့ ဒီပုဒ်မကြောင့်ဆိုပြီး စိတ်ခံစားမှုကို ရှေ့တန်းတင်ရမယ်ရှာ၊ လက်ညှိုးထိုး ဝေဖန် ပြောဆိုနေသံတွေကြားရတော့ အင်မတန်မှ စိတ်မကောင်းဖြစ်ရပါတယ်” ဟု ဦးတင်အေးက ပြောကြားသည်။

နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများအတွက် အရည်အချင်းသတ်မှတ်ချက် ဖြစ်သည့် ပုဒ်မ ၅၉ (စ)ကို ပယ်ဖျက်ရန် တင်သွင်းထားခြင်းကို အံသြမိကြောင်း၊ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပုဒ်မ ၇၄ ပုဒ်မခွဲ (၁)၊ ပုဒ်မခွဲငယ် (က)နှင့် ၁၉၈၉ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၁၀ ပုဒ်မခွဲ (င) တွင်လည်း ယခု ပုဒ်မ ၅၉ (စ) နှင့် အလားသဏ္ဌာန်တူသည့် ပုဒ်မကို ပြဋ္ဌာန်းခဲ့ပြီး ကန့်သတ်ခဲ့သည်ကို အားလုံးသိရှိမည်ဟု ယုံကြည်ကြောင်း ဦးတင်အေးက ပြောကြားသည်။

ထို့ပြင် UN အပါအဝင် OIC ၊ EU နိုင်ငံများအနေဖြင့် မြန်မာနိုင်ငံအရေးတွင် ဝင်ရောက်စွက်ဖက် ခြယ်လှယ်ရန် ကြိုးစားနေခြင်းကို လက်ရှိနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များ ပြန်သုံးသပ်ကြည့်ပါက သိသာထင်ရှားကြောင်း၊ မြန်မာ့သမိုင်းတွင် မည်သည့် အချိန်ကမှမရှိခဲ့သည့် အပြည်ပြည်ဆိုင်ရာ တရားရုံးတွင် နိုင်ငံကို တရားစွဲခံခဲ့ရသည့် ကိစ္စမှာ သိသာထင်ရှားသည့်ကိစ္စဖြစ်ကြောင်း ဦးတင်အေးက ပြောကြားသည်။

“ယခုလို နိုင်ငံတကာဖိအားတွေနဲ့ တည်ငြိမ်အေးချမ်းခြင်းမရှိသေးတဲ့ အခြေအနေ အချိန်အခါမျိုးမှာ တပ်မတော်ဟာ လွှတ်တော်ကနေရာခိုင်နှုန်းလျှော့ချပြီး ထွက်ခွာသွားဖို့ ဆိုတာကတော့ စောပါသေးတယ်လို့ ထောက်ပြခြင်းပါတယ်”ဟု ၎င်းက ပြောကြားသည်။

လက်ရှိ နိုင်ငံ၌ ငြိမ်းချမ်းရေးမရရှိသေးသည့်  လက်နက်ကိုင်အဖွဲ့များ၏ လုပ်ရပ်များကြောင့် ဖြစ်ပွားနေသည့် ဖြစ်စဉ်အားလုံးကိုလည်း ထည့်သွင်းပြီး စဉ်းစားရန်လိုကြောင်း၊ တပ်မတော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ၊ အတိတ်ကဖြစ်စဉ်သမိုင်းကြောင်းနှင့် နိုင်ငံ၏ပကတိအခြေအနေ လိုအပ်ချက်အရ လွှတ်တော်ထဲတွင် ပါဝင်နေခြင်းဖြစ်သည်ကို ရှင်းရှင်းလင်းလင်း ကွဲကွဲပြားပြားသိရန် လိုအပ်ကြောင်း ဦးတင်အေးက ပြောကြားသည်။

ထို့ပြင် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၂၁(ဂ)တွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် လက်နက်ကိုင်တပ်ဖွဲ့အားလုံး၏ အကြီးအကဲဖြစ်သည်ဟူသော ပြဋ္ဌာန်းချက်ကိုပယ်ဖျက်ရန် ပြင်ဆင်ချက်တင်သွင်းထားခြင်းနှင့် ပုဒ်မ ၄၀ ပုဒ်မခွဲ(ဂ) နိုင်ငံတော်၏ အချုပ်အခြာအာဏာ ဆုံးရှုံးစေမည့် အရေးပေါ်အခြေအနေပေါ်ပေါက်လာလျှင် ပြည်ထောင်စုလွှတ်တော်သည် နိုင်ငံတော် အာဏာကို နိုင်ငံတော်သမ္မတ ဦးဆောင်၍ တာဝန်ယူဆောင်ရွက်နိုင်မည့် အစီအစဉ်တစ်ရပ်အား အတည်ပြုဆုံးဖြတ်ဆောင်ရွက်ရန်ဟူ၍ ပြင်ဆင်ချက် တင်သွင်းထားခြင်းများကို လွှတ်တော်ကိုယ်စားလှယ် ဦးတင်အေးက ကန့်ကွက်ဆွေးနွေးခဲ့သည်။

ခေတ်ကာလနှင့်လျော်ညီသည့် ဖွဲ့စည်းပုံအခြေခံဥပဒေများကို ပြင်ဆင်ရမည်မှန်သော်လည်း နိုင်ငံ၏ပကတိအခြေအနေနှင့် အတိတ်ဖြစ်စဉ်များကို သုံးသပ်ပြီး နိုင်ငံရေး ပါတီအသီးသီးမှ ကိုယ်စားလှယ်အားလုံးသည် တစ်စုတစ်ဖွဲ့၊ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အတွက် ပြင်ဆင်ချက်မျိုးမဖြစ်စေဘဲ တစ်နိုင်ငံလုံးရှိ တိုင်းရင်းသားပြည်သူလူထုများအတွက် အမှန်တကယ်လိုအပ်သည့် ပြင်ဆင်မှု၊ ဖြည့်စွက်မှုမျိုးဖြစ်ရန် အရေးကြီးကြောင်း ဦးတင်အေးက ပြောကြားသည်။

ထိုသို့ လွှတ်တော်ကိုယ်စားလှယ် ဦးတင်အေး၏ ဆွေးနွေးချက်များနှင့်ပတ်သက်၍ NLD ပါတီ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က “နာယကကြီးကလည်း အကြိမ်ကြိမ်သတိပေးထားပြီးသား ဖြစ်ပါတယ်။ အပြန်အလှန်ပုတ်ခတ် စွပ်စွဲတဲ့စကားလုံးတွေကို ကျွန်တော်ကန့်ကွက်ပါတယ်။ အိမ်ထောင်ဖက်ရွေးချယ်တာ မှားယွင်းမိခြင်းကြောင့် နိုင်ငံ့အကြီးအကဲ မဖြစ်တာကို ရမယ်ရှာပြီးတော့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ဖို့ ကြိုးစားတယ်ဆိုတဲ့ စကားရပ်မျိုးဟာ ဒီကနေ့ အချိန်မျိုးမှာ ပြောသင့်ပြောထိုက် ပြောအပ်ကိစ္စမဟုတ်တဲ့အပြင် အပြန်အလှန် အငြင်းပွားမှုတွေ ပိုပြီးကြီးထွားနိုင်တာဖြစ်တဲ့အတွက် အဲဒါကို နုတ်ပယ်ပေးဖို့အပြင် ဒီလိုကိစ္စရပ်မျိုးမှာ နောက်ထပ်ဆက်ပြီး မပြုလုပ်ဖို့ရာကို နာယကကြီးအနေနဲ့ ထိန်းချုပ်ပေးသင့်ပါတယ်ဆိုတဲ့ အကြောင်း လေးစားစွာ တင်ပြကန့်ကွက်အပ်ပါတယ်” ဟု ပြောကြားသည်။

အဆိုပါ တင်ပြချက်အား လွှတ်တော်နာယက ဦးတီခွန်မြတ်က လုံးကောက်ကို ပြန်လည်စိစစ်ပြီး လိုအပ်သလို ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားသည်။

ထိုသို့ NLD ပါတီ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်၏ ကန့်ကွက်မှုနှင့်ပတ်သက်ပြီး ကန့်ကွက်ချက်မှာ လွဲမှားနေပြီး ၎င်းအနေဖြင့် ယင်းကဲ့သို့သော ဝေဖန်ပြောဆိုသံများကို ကြားနေရကြောင်းကိုသာ ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း လွှတ်တော်အစည်းအဝေး ခေတ္တရပ်နားချိန် မီဒီယာများနှင့်တွေ့ဆုံစဉ် ဦးတင်အေးက ပြောကြားသည်။