“၀” လက်နက်ကိုင်အဖွဲ့တွင် ရဟတ်ယာဉ်တစ်စင်းရှိနေပြီး တိုက်ခိုက်ရေးသုံး ရဟတ်ယာဉ်မဟုတ်ဟု လားရှိုးဆက်ဆံရေးရုံးတာဝန်ခံ ပြောကြား

“၀” လက်နက်ကိုင်အဖွဲ့တွင် ရဟတ်ယာဉ်တစ်စင်းရှိနေပြီး တိုက်ခိုက်ရေးသုံး ရဟတ်ယာဉ်မဟုတ်ဟု လားရှိုးဆက်ဆံရေးရုံးတာဝန်ခံ ပြောကြား
၂၀၁၉ ခုနှစ် ဧပြီလအတွင်းက “၀” အဖွဲ့၏ ငြိမ်းချမ်းရေး နှစ် ၃၀ ပြည့်ပွဲတော် စစ်ရေးပြ အခမ်းအနားကျင်းပစဉ်
၂၀၁၉ ခုနှစ် ဧပြီလအတွင်းက “၀” အဖွဲ့၏ ငြိမ်းချမ်းရေး နှစ် ၃၀ ပြည့်ပွဲတော် စစ်ရေးပြ အခမ်းအနားကျင်းပစဉ်
Published 26 February 2020
မင်းနိုင်စိုး

“၀” လက်နက်ကိုင်အဖွဲ့ (UMSA) တွင် ရဟတ်ယာဉ်တစ်စင်းရှိနေပြီး အဆိုပါ ရဟတ်ယာဉ်မှာ တိုက်ခိုက်ရေးသုံး ရဟတ်ယာဉ်မဟုတ်ကြောင်း UMSA လားရှိုးဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရန်းက ပြောကြားသည်။

“ တိုက်ခိုက်ရေးသုံး မဟုတ်ပါဘူး။ တချို့ Facebook မှာ တင်နေတာတွေလည်း တွေ့ပါတယ်။ ဒါက မဟုတ်ပါဘူး။ ဘာမှလည်းလုပ်လို့ ထူးထူးထွေထွေ မရပါဘူး။ ကျွန်တော်ပြောသလို အပျော်စီးပါပဲ”ဟု ဦးညီရန်းက ပြောကြားသည်။

အဆိုပါ ရဟတ်ယာဉ်သည် “၀” လက်နက်ကိုင်အဖွဲ့ထံသို့ ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းတွင် ရောက်ရှိလာခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ ဒါကဝယ်လာတာလား၊ ငှားလာတာလား ကျွန်တော်လည်း တိတိကျကျမသိရပါဘူး။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ်၊ ဝယ်လာတာပဲ ဖြစ်ဖြစ်၊ ငှားလာတာပဲဖြစ်ဖြစ် အခုဖွံ့ဖြိုးတိုးတက်လာတဲ့ခေတ်တွေမှာ နေရာတကာ နိုင်ငံတော်တော်များများလည်း ဒီအရပ်ဘက် ကုမ္ပဏီအနေနဲ့ဖြစ်ဖြစ်သော်လည်းကောင်း၊ ဒီအရပ်သုံးရဟတ်ယာဉ်တွေကို ကိုယ်ပိုင်ဝယ်လို့ရနေတဲ့ အနေအထားအချိန်အခါ ခေတ်မျိုးမှာ ဒါတွေရောက်လာတယ်။ ဝယ်လာနိုင်တယ်။ ဘာပဲပြောပြော ဒါတွေကမထူးဆန်းပါဘူး” ဟု ဦးညီရန်းက ပြောကြားသည်။

အဆိုပါ ရဟတ်ယာဉ်သည် အပျော်စီး အရပ်သုံး ရဟတ်ယာဉ်တစ်စင်းသာဖြစ်ပြီး ခရီးရှည်လည်း သွားလာ၍ မရသကဲ့သို့ ကုန်စည်ပို့ဆောင်၍လည်းမရကြောင်း ၎င်းက ပြောပြသည်။

“သုံးလေးယောက်စီးပါပဲ။ အပျော်စီးပါပဲ။ ဘယ်နိုင်ငံက ရောက်လာတာလဲ မသိပါဘူး။ တခြားရည်ရွယ်ချက်နဲ့ ဝယ်တာ၊ သုံးတာ၊ ပြုတာ အဲဒါမျိုးလည်းမရှိပါဘူး။ ဒါက ကျွန်တော်တို့ “၀” ပြည်နယ်မှာရှိနေတဲ့ တိုင်းရင်းသားတွေလည်း အမြင်တစ်ခုကျယ်အောင် ကျွန်တော်တို့ ယူလာရခြင်းပဲ ဖြစ်ပါတယ်” ဟု ဦးညီရန်းက ပြောကြားသည်။

“၀” လက်နက်ကိုင်အဖွဲ့သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူ စာချုပ် (NCA) တွင် ပါဝင်လက်မှတ်ရေးထိုးထားခြင်း မရှိသေးသော အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတစ်ခု ဖြစ်သည်။ “၀” လက်နက်ကိုင်အဖွဲ့ ဦးဆောင်၍ ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ (FPNCC) ဟူသော အဖွဲ့အစည်းတစ်ခုကိုလည်း ဖွဲ့စည်းထားပြီး အဆိုပါ အဖွဲ့တွင် NCA လက်မှတ် မရေးထိုးရသေးသော ကချင်အဖွဲ့ (KIA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ မိုင်းလားအဖွဲ့ (NDAA)၊ ကိုးကန့်အဖွဲ့ (MNDAA) ၊ တအာင်းအဖွဲ့ (TNLA)၊ ရခိုင်အဖွဲ့ (AA) တို့ ပါဝင်သည်။