ပြည်ထောင်စုလွှတ်တော်တွင် တပ်မတော်သား ကိုယ်စားလှယ်တစ်ဦး၏ ပြင်းထန်စွာ ကန့်ကွက်ပြောကြားမှုနှင့်ပတ်သက်၍ ကိုယ်စားလှယ်၏ ဂုဏ်သိက္ခာနှင့်လျော်ညီစွာ ပြုမူပြောဆိုရန်လိုအပ်ကြောင်း လွှတ်တော်နာယက သတိပေး

ပြည်ထောင်စုလွှတ်တော်တွင် တပ်မတော်သား ကိုယ်စားလှယ်တစ်ဦး၏ ပြင်းထန်စွာ ကန့်ကွက်ပြောကြားမှုနှင့်ပတ်သက်၍ ကိုယ်စားလှယ်၏ ဂုဏ်သိက္ခာနှင့်လျော်ညီစွာ ပြုမူပြောဆိုရန်လိုအပ်ကြောင်း လွှတ်တော်နာယက သတိပေး
Published 25 February 2020

ပြည်ထောင်စုလွှတ်တော်တွင် တပ်မတော်သားကိုယ်စားလှယ်တစ်ဦး၏ ပြင်းထန်စွာ ကန့်ကွက်ပြောကြားမှုနှင့်ပတ်သက်၍ ကိုယ်စားလှယ်၏ ဂုဏ်သိက္ခာနှင့်လျော်ညီ စွာ ပြုမူပြောဆိုရန်လိုအပ်ကြောင်း ပြည် ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ် က လွှတ်တော်၌ သတိပေးပြောကြားသည်။

ဖေဖော်ဝါရီ ၂၅ ရက်ကပြုလုပ်သည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်း များပါ ပုဒ်မ၊ ပုဒ်မခွဲများအပေါ် စတင်ဆွေး နွေးမည့် အစီအစဉ်မစတင်မီအချိန်တွင် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်အောင်စန်းချစ်က ၎င်းတင်သွင်းထားသည့် ဥပဒေမူကြမ်းတွင်ပါဝင်သော အချက်တစ်ချက် ပါဝင်လာခြင်းမရှိသည်ကို လွှတ်တော်၌ တင်ပြခဲ့သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၂(ဋ)နှင့်ပတ်သက်၍  နိုင်ငံတော်သမ္မတသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီး ချုပ် ခန့်အပ်တာဝန်ပေးခြင်းကို ပြည်ထောင်စု လွှတ်တော်နှင့် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်များသို့ အ ကြောင်းကြားရမည်၊ တိုင်းဒေသကြီး သို့မ ဟုတ် ပြည်နယ်ဝန်ကြီးချုပ်သည် တိုင်းဒေသ ကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးများ ခန့်အပ် တာဝန်ပေးခြင်းကို သက်ဆိုင်ရာတိုင်းဒေသ ကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်သို့ အကြောင်းကြား၍ နိုင်ငံတော်သမ္မတထံသို့ လည်း တင်ပြရမည်ဆိုသည့် ပြင်ဆင်ချက်ပေး ထားကြောင်းနှင့်  ယင်းသို့ သေချာစွာမစိစစ် ဘဲ ပြုလုပ်ထားခြင်းကို ကန့်ကွက်ကြောင်းနှင့် ဥပဒေမူကြမ်းများကို မှန်ကန်မှု ရှိ မရှိ ပြန် လည်စိစစ်သင့်ကြောင်းလည်း ဗိုလ်မှူးချုပ် အောင်စန်းချစ်က တင်ပြခဲ့သည်။

အထက်ပါကိစ္စရပ်နှင့်စပ်လျဉ်း၍ ပူး ပေါင်းကော်မတီအနေနှင့် မည်သို့အခြေအ နေရှိသည်ဆိုခြင်းကို ပြန်လည်စိစစ်ရန်ဆောင် ရွက်မည်ဖြစ်ပြီး ပူးပေါင်းကော်မတီအနေနှင့် စိစစ်တင်ပြရန်ရှိပါသလားဟု ပြည်ထောင် စုလွှတ်တော် နာယကကလွှတ်တော်၌ မေး မြန်းခဲ့သည်။

လေ့လာစိစစ်ရေးပူးပေါင်းကော်မတီ အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးက တစ်လုံး တစ်ပါဒမျှ ပြင်ဆင်ထားခြင်းမရှိဟု ရှင်းလင်း တင်ပြမှုအပြီးတွင် တပ်မတော် သားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးက လွှတ်တော်အတွင်း၌ ပြင်းထန်စွာ ကန့်ကွက် ပြောကြားခဲ့သော်လည်း မိုက်ဖြင့် ပြောကြားခဲ့ခြင်း မဟုတ်သောကြောင့် ၎င်းပြောကြားသည့် စကားလုံးများကို ကွဲပြားစွာကြား သိရခြင်းမရှိပေ။ ယင်း သို့ ကန့်ကွက်ပြောကြားမှုကို “ဗိုလ်ချုပ် ကြမ်းတမ်းရုန့်ရင်းတဲ့ အမူ အရာတွေ မသုံးပါနဲ့။ မေတ္တာရပ်ခံပါတယ်” ဟု ဦးတီခွန်မြတ်က ပြောကြားခဲ့သည်။

တပ်မတော်သားလွှတ်တော်ကိုယ်စား လှယ် ကန့်ကွက်ပြောကြားချက်နှင့်ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဆွေက ပြည်ထောင်စုလွှတ်တော် နည်းဥပဒေ ၁၉ (စျ)တွင် ရုန့်ရင်းကြမ်းတမ်းသော ကိုယ်အမူ အရာ၊ နှုတ်အမူအရာများမပြုရဆို၍ နည်း ဥပဒေအရ တားမြစ်ထားကြောင်း လွှတ်တော် အစည်းအဝေးတွင် မတ်တပ်ရပ်၍ တင်ပြခဲ့သည်။

အဆိုပါဖြစ်ရပ်များအပေါ် ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်က “လွှတ်တော်ကိုယ်စားလှယ် အားလုံးကို မှာကြားလိုတာကတော့ မိမိတို့လွှတ်တော်ဟာ ပြည်ထောင်စုလွှတ်တော် ဖြစ်ပါတယ်။ လွှတ်တော် ကိုယ်စားလှယ်များရဲ့ ဂုဏ်သိက္ခာနဲ့လျော်ညီစွာ ပြုမူပြောဆိုဖို့ လိုအပ်မှာဖြစ်ပါတယ်။ စိတ်ဆန္ဒကိုပဲ ဦးစားပေးဆောင်ရွက်မယ်ဆို လို့ရှိရင် မလိုလားအပ်တဲ့ ချစ်ကြည်ရင်းနှီးမှုတွေ အားလုံးထိခိုက်လာနိုင်တဲ့ အနေအထားမျိုး ရှိပါတယ်။ ဒါကြောင့် အစောတုန်းကလို ရုန့်ရင်းကြမ်းတမ်းတဲ့ ကိုယ်အမူရာ၊ နှုတ်အမူ အရာများမပြုဖို့ ပြောကြားလိုပါတယ်။ အားလုံးကို သတိပေးလိုပါတယ်” ဟု ဦးတီခွန်မြတ်က ပြောကြားသည်။