လပွတ္တာမြို့တွင် ဓာတ်ဆီဟုယူဆရသည့် အရည်လောင်း၍ မီးရှို့ခံရသော ၁၃ နှစ်အရွယ် ယောကျ်ာလေးအား လပွတ္တာမြို့ သုံးမိုင်ဆေးရုံမှ ရန်ကုန်ဆေးရုံကြီးသို့ ဖေဖော်ဝါရီ ၂၅ ရက်က ပြောင်းရွှေ့လာပြီး ကုသမှုခံယူနေကြောင်း သိရသည်။
အဆိုပါ ၁၃ နှစ်အရွယ် ယောကျ်ားလေး၏ ခန္ဓာကိုယ်တွင်ရရှိနေသော ဒဏ်ရာများမှာ ဆော့ကစားရင်း ရေနွေးပူလောင်ခြင်းဖြစ်ကြောင်း ကလေး၏မိခင်ဖြစ်သူ မသက်မာက ပြောကြားသည်။
“ဒီဇယ်နဲ့လည်း မလောင်းဘူး။ ဓာတ်ဆီနဲ့လည်း မလောင်ဘူး။ သူ့ဟာသူဆော့ရင်းနဲ့ ရေနွေးပူလောင်တာ။ သူ့အစ်ကိုနဲ့ဆော့တာ” ဟု မိခင်ဖြစ်သူ မသက်မာက ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ပြောကြားသည်။
သုံးမိုင်ဆေးရုံမှ ဖေဖော်ဝါရီ ၂၄ ရက် ညပိုင်းတွင် ထွက်ခွာလာပြီး ရန်ကုန်ဆေးရုံကြီးသို့ ဖေဖော်ဝါရီ ၂၅ ရက် နံနက် ၃ နာရီ ခွဲတွင် ရောက်ရှိလာပြီး ယခုချိန်တွင် ဆေးရုံကြီး၏ ငါးထပ်ဆောင်ရှိ ခွဲစိတ်ကုသဆောင် (၃) တွင် ကုသမှုခံယူလျက်ရှိကြောင်း သိရ သည်။
“လပွတ္တာမြို့နယ်က ကလေးလူနာကို လပွတ္တာသုံးမိုင်ဆေးရုံကနေ ရန်ကုန်ပြည်သူ့ ဆေးရုံကြီးကို ဦးဇင်းတို့လူမှုကူညီရေးအဖွဲ့ကနေ လိုက်ပို့ပေးခဲ့ပါတယ်။ မနက် ၃ နာရီခွဲ လောက်က ရောက်ပါတယ်။ ကလေးနဲ့အတူ ကလေးအမေရယ်၊ အမျိုးတွေရယ် အားလုံးလေးယောက်ပါပါတယ်” ဟု လိုက်ပါပို့ဆောင်ပေးခဲ့သော ကရုဏာမျက်ဝန်း လူမှုကူညီရေးအဖွဲ့(လပွတ္တာမြို့)မှ အရှင်ပညာလောကက မိန့်ကြားသည်။
ရန်ကုန်ဆေးရုံကြီးတွင် ကုသမှုခံယူနေသော အသက် ၁၃ နှစ်အရွယ်ကလေးအား သွားရောက်ကြည့်ရှုရာတွင် ကလေးမှာ စောင်နှစ်ထပ်ခန့်ပတ်၍ အိပ်ပျော်နေပြီး မျက်နှာပေါ်ရှိ ဒဏ်ရာများနှင့် ဦးခေါင်းရှိ ဆံပင်များတွင် မီးလောင်ထားသည့်သဏ္ဌာန် တွေ့မြင်ခဲ့ရသည်။ ကလေးနှင့်အတူ မိခင်၊ အဒေါ်တော်စပ်သည်ဟုဆိုသော အမျိုးသမီးနှစ်ဦး၊ အမျိုးသားတစ်ဦး လိုက်ပါလာပြီး နံနက်ပိုင်းတွင် ရဲသုံးဦးက အရပ်ဝတ်များဖြင့် လာရောက်မေးမြန်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ လပွတ္တာမြို့မှ အဆိုပါ ကလေး၏ ဖြစ်စဉ်နှင့် ပတ်သက်၍ လူမှုကွန်ယက် Facebook ပေါ်တွင် JUSTICE FOR SECOND VICTORIA (Laputta) အမည်ဖြင့် Profile ပြောင်း၍ တရားမျှတမှုရရှိရေး လှုပ်ရှားမှု ပြုလုပ်လျက်ရှိကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့တွင် ဖေဖော်ဝါရီ ၁၉ရက်က တုနှိုင်းမမှီထမင်းနှင့် ရခိုင်မုန့်တီဆိုင်တွင် ဆိုင်အကူအဖြစ် လုပ်ကိုင်နေသည့် ကလေးငယ်တစ်ဦးအား ငွေရှစ်သောင်းကျပ် ခိုးယူသည်ဟုဆိုကာ ဆိုင်ရှင်ဖြစ်သူက ဓာတ်ဆီဟု ယူဆရသည့်အရည်လောင်း၍ မီးရှို့ခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားမှုအပေါ် ဧရာဝတီတိုင်းဒေသကြီး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီမှ ဖေဖော်ဝါရီ ၂၃ ရက်တွင် လပွတ္တာမြို့ မြို့မရဲစခန်း၌ အမှုဖွင့်တိုင်ကြားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၁၉ ရက်တွင် လပွတ္တာမြို့ အမှတ်(၁)ရပ်ကွက် စည်ပင်သာယာလမ်းရှိ တုနှိုင်းမမှီထမင်းနှင့် ရခိုင်မုန့်တီဆိုင်တွင် မိခင်နှင့်အတူ ဆိုင်အကူအဖြစ် လုပ်ကိုင်နေသော မောင်ဖိုးစနေ ( ၁၃နှစ်) အား ဆိုင်ရှင်ဖြစ်သူ ဒေါ်ချိုချိုစန်းက ဆိုင်ရှိငွေကျပ်ရှစ်သောင်းအား ခိုးယူခဲ့သည်ဟုဆိုကာ ညနေ ၃ နာရီခန့်မှစ၍ ဆူပူကြိမ်းမောင်းခဲ့ကြောင်း၊ ထို့နောက် ယင်းနေ့ ည ၁ဝနာရီ ခန့်တွင် ဆိုင်ရှင်ဖြစ်သူ ဒေါ်ချိုချိုစန်းမှာ မောင်ဖိုးစနေအား ပျောက်ဆုံးနေသည့် ငွေကြေးများနှင့်ပတ်သက်၍ ဆက်လက်စစ်ဆေးရာတွင် မောင်ဖိုးစနေ၏ ခန္ဓာကိုယ်ပေါ်သို့ ဓာတ်ဆီဟု ယူဆရသည့် အရည်တစ်မျိုးကို လောင်းချကာ ပျောက်ဆုံးနေသည့် ငွေကြေးများနှင့် ပတ်သက်၍ မပြောပါက မီးရှို့မည်ဟု လက်တွင် အသင့်ကိုင်ထားသော မီးခြစ်အားပြသကာ ခြိမ်းခြောက်ခဲ့ကြောင်း၊ ထိုသို့ စစ်မေးနေစဉ် မီးခြစ်မှ မီးပွင့်ကာမောင် ဖိုးစနေ၏ ခန္ဓာကိုယ်အပေါ်တစ်ခြမ်းလုံးနီးပါး မီးလောင်ကျွမ်းခဲ့ရပြီး လပွတ္တာ သုံးမိုင်မြို့သစ်ရှိ ဆေးရုံကြီးသို့ တင်ပို့ခဲ့ရကြောင်း၊ ယင်းသို့တင်ပို့ရာတွင် မောင်ဖိုးစနေမှာ ဆိုင်အတွက် ချက်ပြုတ်ထားသော ဟင်းချိုအိုး မှောက်ကျရမှာတစ်ဆင့် အပူလောင်သွားသည်ဟုဆိုကာ ဆေးကုစေခဲ့ကြောင်း၊ အဆိုပါဖြစ်စဉ်အား မျက်မြင်တွေ့ရှိသူအချို့က လူမှုကွန်ရက်စာမျက်နှာများမှတစ်ဆင့် သတင်းများဖြန့်ဖြူးရာမှ ကလေးငယ်မှာ ဟင်းချိုအိုးမှောက်ခြင်း မဟုတ်ဘဲ မီးလောင်ဒဏ်သင့်သည့် ဒဏ်ရာများဟု ယူဆရသောကြောင့် ဧရာဝတီတိုင်းဒေသကြီး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီက လပွတ္တာမြို့သို့ လာရောက်စုံစမ်းပြီးနောက် မြို့မရဲစခန်းတွင် အမှုဖွင့်တိုင်ကြားရခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။















