မန်စီးတီး၊ ဘာစီလိုနာတို့နှင့်ပွဲကို ဟာဇက် လွဲချော်မည်ဖြစ်ပြီး ရာသီကုန်အထိ အနားယူရဖွယ်ရှိနေ

မန်စီးတီး၊ ဘာစီလိုနာတို့နှင့်ပွဲကို ဟာဇက် လွဲချော်မည်ဖြစ်ပြီး ရာသီကုန်အထိ အနားယူရဖွယ်ရှိနေ
Published 25 February 2020

 

ရီးယဲလ်မက်ဒရစ်အသင်းတောင်ပံကစားသမား ဟာဇက်သည် ခြေချင်းဝတ်ဒဏ်ရာကြောင့် မန်စီးတီးနှင့်ကစားရမည့် ချန်ပီယံလိဂ်ပွဲ၊ ဘာစီလိုနာနှင့်ကစားရမည့် El Clasico ပွဲများကို လွဲချော်မည်ဖြစ်ပြီး ရာသီကုန်အထိ အနားယူရဖွယ်ရှိနေကြောင်း သိရသည်။

ဟာဇက်သည် ဖေဖော်ဝါရီ ၂၂ ရက်က လီဗန်တေးအသင်းအား ရှုံးနိမ့်သည့်ပွဲ၌ ယာဘက်ခြေချင်းဝတ်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး ဒုတိယပိုင်း ၆၇ မိနစ်တွင် လူစားလဲခဲ့ရသည်။ 

၎င်းသည် ပြီးခဲ့သည့် နိုဝင်ဘာတွင်လည်း ခြေချင်းဝတ်ဒဏ်ရာရရှိခဲ့သောကြောင့် သုံးလနီးပါးအနားယူခဲ့ရပြီး ပွဲထွက်ကစားသမားအဖြစ် ပထမဆုံး ပြန်လည်ကစားခွင့်ရသည့်ပွဲမှာပင် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။ 

၎င်း၏ဒဏ်ရာအခြေအနေနှင့်ပတ်သက်၍ ရီးယဲလ် အသင်းက ''အီဒင်ဟာဇက်ကို ရီးယဲလ်မက် ဒရစ်ဆေးအဖွဲ့က ယနေ့စစ်ဆေးသည့်ရလဒ်အရ ယာဘက်ခြေဖျံရိုးအက်သွားကြောင်း တွေ့ရှိရပါသည်''ဟု ဖေဖော်ဝါရီ ၂၃ ရက် တွင် ထုတ်ပြန်သည်။

ရီးယဲလ်အသင်းက အနားယူရနိုင်သည့်ကာလကို ထုတ်ပြန်ခြင်းမရှိသော်လည်း စပိန် နှင့် ဗြိတိန်မီဒီယာများကမူ အနည်းဆုံးနှစ်လခန့် အနားယူရနိုင်ကြောင်းနှင့် ရာသီကုန် အထိလည်း ဖြစ်သွားနိုင်ကြောင်း ခန့်မှန်းဖော်ပြလျက်ရှိသည်။ 

ဟာဇက်သည် ယခုရာသီတွင် တစ်ဂိုးသာ သွင်းယူပေးထားနိုင်ပြီး ဂိုးဖန်တီးမှုလည်း တစ်ကြိမ်သာရှိသည်။

ဟာဇက်၏ ယခုရာသီ ဒဏ်ရာမှတ်တမ်း

-    တံကောက်ကြောဒဏ်ရာကြောင့် လာလီဂါရာသီ အစ ပွဲစဉ်သုံးပွဲ လွဲချော်။

-    နိုဝင်ဘာ ၂၆ ရက်က PSG နှင့် ချန်ပီယံလိဂ် ပွဲတွင် ခြေချင်းဝတ်ဒဏ်ရာရရှိပြီး နှစ်လခွဲကျော်ကာလအတွင်း ပွဲစုစုပေါင်း ၁၆ ပွဲ လွဲချော်။

-    ဖေဖော်ဝါရီ ၂၂ ရက်က လီဗန်တေးနှင့်ပွဲတွင် ခြေချင်းဝတ်ဒဏ်ရာ ထပ်မံရရှိ။