တရားခံပျောက်နေဆဲ ဗစ်တိုးရီးယားအမှု

တရားခံပျောက်နေဆဲ ဗစ်တိုးရီးယားအမှု
ဗစ်တိုးရီးယားကလေးငယ် လိင်အကြမ်းဖက်ခံရသည့်ဖြစ်စဉ်တွင် တရားခံအမြန်ဆုံး ဖော်ထုတ်ပေးရေး ပျဉ်းမနားမြို့တွင် ဆန္ဒထုတ်ဖော်စဉ်
ဗစ်တိုးရီးယားကလေးငယ် လိင်အကြမ်းဖက်ခံရသည့်ဖြစ်စဉ်တွင် တရားခံအမြန်ဆုံး ဖော်ထုတ်ပေးရေး ပျဉ်းမနားမြို့တွင် ဆန္ဒထုတ်ဖော်စဉ်
Published 23 February 2020
ဇော်မင်းနိုင်

“တရားရုံးကိုတင်တဲ့အခါမှာ ဘယ်သူဘယ်ဝါပါ သက်သေအထောက်အထား ခိုင်လုံဖို့လိုတယ်။ ခိုင်လုံအောင်လည်း တည်ဆောက်ဖို့လိုတယ်” ဟု နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဖေဖော်ဝါရီ ၂၁ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဗစ်တိုးရီးယားအမှုနှင့် ပတ်သက်ပြီး ပြောကြားခဲ့သည်။

လူမှုကွန်ရက်စာမျက်နှာ Facebook မှာသာမက ပြင်ပတွင်လည်း အမှန်တရားဖော်ထုတ်ပေးရန် ပြည်သူများက ဆန္ဒပြတောင်းဆိုခဲ့ကြသည့် ဗစ်တိုးရီးယားအမှုမှ ကျူးလွန်သည့် လက်သည်တရားခံ မပေါ်ဘဲ ပြီးဆုံးတော့မည့်အခြေအနေသို့ ရောက်ရှိနေပြီဟုဆိုရမည် ဖြစ်သည်။

နေပြည်တော်ရှိ Wisdom Hill မူကြိုကျောင်း၌ တက်ရောက်နေသည့် ကလေးငယ် ဗစ်တိုးရီးယား အမှုနှင့်ပတ်သက်၍ အစပိုင်းတွင် အဆိုပါကျောင်းရှိ ယာဉ်မောင်း အောင်ကြီးအား ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး တရားခွင်တွင် ထုတ်ပြခဲ့သည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဒုရဲချုပ် အောင်နိုင်သူက အောင်ကျော်မျိုး (ခ) အောင်ကြီးကို ဖမ်းဆီးခဲ့ခြင်းသည် ခိုင်မာသည့် သက်သေအထောက်အထားများရှိ၍သာ တရားစွဲတင်ခဲ့ခြင်းဖြစ်ကြောင်း ဇူလိုင် ၅ ရက်က နေပြည်တော်ရှိ သမ္မတအိမ်တော် သတင်းစာရှင်းလင်းခန်းမဆောင်၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ သတင်းမီဒီယာများအား ပြောဆိုခဲ့သည်။

ဒုရဲချုပ်အောင်နိုင်သူက “ကလေးမလေးရဲ့ကိုယ်ထဲမှာ တွေ့တဲ့ ဆေးစာပြန်ကြားချက်၊ မသင်္ကာတရားခံရဲ့ အတွင်းခံဘောင်းဘီက ပြန်ကြားချက်၊ နောက်တစ်ခါ မသင်္ကာတရားခံသည် သူကိုယ်တိုင်ဒီနေရာကို ရောက်တယ်ဆိုတဲ့ သက်မဲ့သေ သက်သေဖြစ်တဲ့ CCTV ရဲ့တွေ့ရှိ ချက်၊ ကာယကံရှင်ကိုယ်တိုင်က သူက ပြုကျင့်ခံရတာ ဒီလူပါလို့ပြောထားတဲ့ ဗွီဒီယိုင်ဖိုင် ကျွန်တော်တို့မှာ ရှိတယ်။ အဲဒါတွေ သက်သေခံအဖြစ် ကျွန်တော်တို့ တရားရုံးကို တင်တယ်။ ကလေးကပြောနေတာ။ သူ့ကို လက်နဲ့လုပ်ပါတယ်လို့ ပြောတယ်။ အဲဒီလိုဆိုရင် ဘာဖြစ်လို့ စပန်းရှိတာလဲ ခင်ဗျားတို့က မေးမယ်လို့ ကျွန်တော်တို့ သုံးသပ်ရပါတယ်။ နှိုက်ထားပြီးတော့မှ ကလေးကို နှိုက်လိုက်ရင် ဒီစပန်းက ပါသွားနိုင်တယ်” ဟု ပြောကြားသည်။

သို့သော် ရုံးချိန်း ၁၃ ခုအပြီး၌ တရားခံဟုဆိုကာ ရဲတပ်ဖွဲ့က ဖမ်းဆီးထားသည့် ယာဉ်မောင်းအောင်ကြီးအား ခိုင်လုံသည့် သက်သေမရှိသဖြင့် ဒက္ခိဏခရိုင်တရားရုံးက တရားရှင် ပြန်လွှတ်ပေးခဲ့သည်။

ရုံးချိန်းတိုင်းတွင် နှစ်ဖက်ရှေ့နေများက တင်သွင်းခဲ့သည့် သက်သေများက တရားခံမှာ အောင်ကြီး ဖြစ်သည်ဆိုသည့် သက်သေခံချက်များ ထွက်ဆိုခဲ့ခြင်းမရှိသဖြင့် ပြန်လွတ်လာခဲ့ခြင်းဖြစ်သည်။

ယင်းသို့ ပြန်လွှတ်ပေးလိုက်ချိန်တွင် ရဲတပ်ဖွဲ့က သတင်းစာရှင်းလင်းပွဲတစ်ခု ချက်ချင်းပြုလုပ်ခဲ့သည်။ ယင်းသတင်းစာရှင်းလင်းပွဲမှာ ကျူးလွန်ခံရသည့် ဗစ်တိုးရီးယားလေးအတွက် ပိုမိုနစ်နာစေမည့်အကြောင်း တစ်ခုလည်းဖြစ်ခဲ့သည်။

ကျူးလွန်ခံရသည့် ကလေးငယ်မှာ မည်သူမည်ဝါဖြစ်သည်။ ကလေးငယ်၏ မိဘများမှာ မည်သူများ ဖြစ်သည်ဆိုသည်ကို လူပုဂ္ဂိုလ်အချို့က သိရှိထားသော်လည်း လျှို့ ဝှက်ထားသည့်အချိန်တွင် ရဲတပ်ဖွဲ့က သတင်းစာရှင်းလင်းပွဲ၌ ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်သည်။

ယင်းသို့ ပြုမူခဲ့ခြင်းအပေါ် ပြည်သူအများက ၀ိုင်းဝန်းဝေဖန်ခဲ့ကြပြီး ရဲတပ်ဖွဲ့၏ လုပ်ဆောင်ချက်အပေါ် ပြစ်တင်ရှုတ်ချခဲ့ကြသည်။

လူမှုကွန်ရက်စာမျက်နှာ Facebook တွင်လည်း သတင်းစာရှင်းလင်းပွဲကို တိုက်ရိုက်ထုတ်လွှင့်ခဲ့ရာ အမှုနှင့် သက်ဆိုင်သူများကိုပါ ထုတ်ဖော်ပြောကြားခဲ့ခြင်းကြောင့် ဝေဖန်မှုများစွာ ထွက်ပေါ်လာပြီး ပြန်လည်ဖြုတ်ချခဲ့ရသည်။

အမှုနှင့်ပတ်သက်ပြီး အောင်ကြီးအား စွပ်စွဲဖမ်းဆီးထားရာမှ တရားရုံးက ပြန်လွှတ်ပေးလိုက်သည့်အပေါ် ဒက္ခိဏခရိုင် ဥပဒေရုံးနှင့် အမှတ် (၁) မှုခင်းတပ်ဖွဲ့မှူးရုံး (နေပြည်တော်) က ပြင်ဆင်မှုတက်ပေးရန် တင်ပြခဲ့သော်လည်း တိုင်းဥပဒေချုပ်ရုံးအနေဖြင့် အမှုစစ်ဆေး ပေါ်ပေါက်ချက်အရ တရားရုံးအမိန့်သည် ဥပဒေအရ မှန်ကန်သင့်မြတ်ကြောင်း သုံးသပ်ရရှိသဖြင့် ပြင်ဆင်မှု တင်သွင်းရန်မသင့်ကြောင်း ဆုံးဖြတ်ခဲ့သည်။

ဗစ်တိုးရီးယားအမှုတွင် တရားခံ အောင်ကြီးဟုဆိုကာ ရဲတပ်ဖွဲ့က တရားရုံးသို့ တင်သွင်းခဲ့သော်လည်း အမှုတည်ဆောက်ပုံမှာ အားနည်းကြောင်း၊ ခိုင်လုံသည့် သက်သေမရှိကြောင်း ဥပဒေပညာရှင်များက ထောက်ပြဝေဖန်မှုများ ရှိခဲ့သော်လည်း ရဲတပ်ဖွဲ့က မသိကျိုးကျွန်ပြုခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။

အောင်ကြီးမှာ တရားခံအဖြစ် ခြောက်လကျော် ဖမ်းဆီးခံထားရပြီး ဒီဇင်ဘာလပိုင်းတွင် ပြန်လည် လွတ်မြောက်လာသော်လည်း အမှု၏ တရားခံဟုယူဆရသည့် အခြားသူများကို စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်ခဲ့ခြင်းမရှိမှုအပေါ် ရဲတပ်ဖွဲ့အား မေးခွန်းထုတ်ဝေဖန်ခဲ့ကြသည်။

အမှုရင်ဆိုင်စဉ် ကာလအတွင်းမှာလည်း အရေးကြီးသက်သေခံပစ္စည်းများမှာ လဲလှယ်ခံရသည့် ဖြစ်စဉ်များ၊ ပျောက်ပျက်ခဲ့့သည့် ဖြစ်စဉ်များမှာလည်း ဒုနှင့်ဒေးရှိနေသည်ဟု ဝေဖန်မှုများရှိခဲ့သည်။

အရေးကြီးသည့် သက်သေခံတစ်ခုဖြစ်သည့် CCTV မှတ်တမ်းများ ပျောက်ပျက်မှုမှာ ယင်းအမှုအတွက် မေးခွန်းထုတ်စရာ ဖြစ်နေသည်။

လူအများစိတ်ဝင်စားခဲ့သည့် CCTV မှတ်တမ်းများနှင့် ပတ်သက်ပြီး Wisdom Hill မူကြိုကျောင်းမှ CCTV ထိန်းသိမ်းသူ ရန်နောင်ဌေးအား စစ်ဆေးခဲ့သည့် နိုဝင်ဘာ ၆ ရက် ရုံးချိန်းတွင် တရားရုံးသို့ ရောက်ရှိနေသည့် CCTV အထိုင်စက် DVR+ Hard Disk ကို ကျွမ်းကျင်ပညာရှင်များက စစ်ဆေးရာ အခင်းဖြစ်ပွားခဲ့သည့် (မေ ၁၆ ရက်) မှတ်တမ်းများအပါအဝင် အခြား CCTV မှတ်တမ်းများလုံးဝ ပါဝင်လာခြင်း မရှိတော့ပေ။

အောင်ကြီး၏ ရှေ့နေက CCTV ထိန်းသိမ်းသူ ရန်နောင်ဌေးအား မေးမြန်းရာ၌ မေ ၁၆ ရက် CCTV မှတ်တမ်းကို အထိုင်စက် DVR+ Hard Disk ထဲမှ Memory Stick ဖြင့် Download ချကူးယူခဲ့ပြီး သက်ဆိုင်ရာရဲစခန်းသို့ အပ်နှံခဲ့ကြောင်း၊ တစ်လခန့်အကြာတွင် Wisdom Hill မူကြိုကျောင်းရှိ CCTV အထိုင်စက် DVR+ Hard Disk အား CID က လာရောက်ဖြုတ်ယူခဲ့သည့်အတွက် ၎င်းက ဖြုတ်ပေးခဲ့သော်လည်း CID မှ ပြန်လည်အပ်နှံရာ၌ ၎င်းအား အပ်နှံခြင်း မဟုတ်ဘဲ ကျောင်းပိုင်ရှင် ဦးပညာထံ အပ်နှံခဲ့ကြောင်း တရားရုံး၌ ထွက်ဆိုခဲ့သည်။

ထို့ပြင် အမှုအတွက် ရှုပ်ထွေးမှုဖြစ်စေမည့် အကြောင်းအရာများမှာလည်း ဆက်တိုက်ဖြစ်ပွားခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။

ယင်းဖြစ်စဉ်များမှာ Wisdom Hill မူကြိုကျောင်းကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်က ဗစ်တိုးရီးယား၏ဖခင်အား စစ်ဆေးခဲ့သည့်ရုံးချိန်းအပြီးတွင် BBC သတင်းဌာနအား အောင်ကြီးဘက်မှ ရှေ့နေ ဒေါ်စုဒါလီအောင်၏ ဖြေကြားချက်များသည် ၎င်းသားများ၏ စိတ်ပိုင်းဆိုင်ရာကိုများစွာ ထိခိုက်နစ်နာစေသည်ဟုဆိုကာ ဒေါ်ဥမ္မာလှိုင်က ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ဥပဒေ ပုဒ်မ ၁၀၁ (က) (၂) ဖြင့် တရားလို ပြုလုပ်ကာ ပုဗ္ဗသီရိမြို့နယ်တရားရုံးတွင် စက်တင်ဘာ ၂၅ ရက်တွင် တရားစွဲဆိုခဲ့သည်။

ထို့ပြင် ဒေါ်ဥမ္မာလှိုင်က ဗစ်တိုးရီးယား၏ဖခင်၊ ဗစ်တိုးရီးယား၏ ဦးလေးနှင့် အဒေါ်၊ အောင်ကြီး၏ ရှေ့နေ ဦးခင်မောင်ဇော်၊ တရားလိုဘက်မှ လိုက်ပါဆောင်ရွက်နေသည့် ဒေါ်ရွက်နုအောင်နှင့် အမှုကို ကူညီပေးနေသည့် ဒေါက်တာဝင်းကိုကိုသိန်း (သက္ကမိုးညို အကောင့်ပိုင်ရှင်) တို့အား ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေပုဒ်မ ၁၀၁ (က) (၂) ဖြင့် စက်တင်ဘာ ၂၆ ရက်တွင် ထပ်မံအမှုဖွင့်ခဲ့သည့် ဖြစ်စဉ်များ ဖြစ်သည်။

ယင်းကဲ့သို့ဖြစ်စဉ်များမှာ အမှုနှင့် တိုက်ရိုက်သက်ဆိုင်ခြင်း မရှိသော်လည်း အမှုတွင် လိုက်ပါဆောင်ရွက်နေသူများကို အခက်အခဲဖြစ်စေသည့် အခြေအနေများလည်း ဖြစ်သည်ဟု ဆိုရမည်ဖြစ်သည်။

အမှုမှာ အောင်ကြီးအား ပြန်လွှတ်ပေးလိုက်ပြီဖြစ်သည့်အတွက် တရားခံ မည်သူဆိုသည်ကို ဖော်ထုတ်ရမည့်တာဝန်မှာ ရဲတပ်ဖွဲ့က လုပ်ဆောင်ရမည်ဖြစ်သော်လည်း လက်ရှိအချိန်အထိ အမှုနှင့်ပတ်သက်၍ မည်သည့်စစ်ဆေး ဆောင်ရွက်ချက်များ ထွက်ပေါ်လာခြင်း မရှိသေးပေ။

ဖေဖော်ဝါရီ ၂၁ ရက်က နိုင်ငံတော်သမ္မတအိမ်တော်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်မူ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဗစ်တိုးရီးယားအမှု၌ တာဝန်မကျေပွန်ဘဲ လစ်ဟာမှုများဖြစ်ပေါ်စေခဲ့သည့် တာဝန်ရှိသူအားလုံးကို အရေးယူရန် သမ္မတက ညွှန်ကြားထားသည်ဟု ပြောကြားခဲ့သည်။

ဒီဇင်ဘာ ၂၂ ရက်တွင် ဗစ်တိုးရီးယား၏ဖခင်က သမ္မတထံ စာဖြင့်တင်ပြခဲ့ရာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပြည်ထောင်စု တရားလွှတ်တော်ချုပ်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုရှေ့နေချုပ် အစရှိသည့် ဌာနသုံးခုကို ညွှန်ကြားချက် လေးခုပေးခဲ့ကြောင်း၊ ညွှန်ကြားချက်လေးခုမှာ အမှုမှန်ပေါ်ပေါက်ရန်၊ တာဝန်ယူမှုရှိရန်၊ ဥပဒေနှင့်အညီဖြစ်ရန်၊ တရားဥပဒေစိုးမိုးရေးအတွက် ပကတိဆောင်ရွက်ထားမှု တွေ့ရှိချက် အမှန်တရားအတိုင်း ပြန်လည်တင်ပြရန်တို့ဖြစ်ကြောင်း ဦးဇော်ဌေးက ပြောကြားသည်။

ယင်းညွန်ကြားချက်နှင့်အညီ သက်ဆိုင်ရာဌာနအသီးသီးက နိုင်ငံတော်သမ္မတထံ ပြန်လည်တင်ပြခဲ့ကြောင်း၊ ယင်းသို့ တင်ပြလာမှုအပေါ် ဖေဖော်ဝါရီ ၂၀ ရက်တွင် နိုင်ငံတော်သမ္မတက ညွှန်ကြားချက်တစ်ခု ထုတ်ပြန်ခဲ့ကြောင်း ဦးဇော်ဌေးက ပြောကြားခဲ့သည်။

“ တင်ပြချက်များနှင့် ဆောင်ရွက်ချက်များတွင် လုပ်ထုံးလုပ်နည်းများနှင့်အညီ တာဝန်ကျေပွန်စွာ မဆောင်ရွက်နိုင်သော လစ်ဟာမှုများ ဖြစ်ပေါ်ခဲ့သော၊ ဥပဒေပြဋ္ဌာန်းချက်များနှင့် ညီညွတ်မှုမရှိသော တာဝန်ရှိသူများကို သက်ဆိုင်ရာအဖွဲ့အစည်းက လိုအပ်သလိုအရေးယူ ဆောင်ရွက်ရန်ဆိုပြီး ညွှန်ကြားထားတယ်။ သက်ဆိုင်ရာအဖွဲ့အစည်းတွေက သမ္မတရဲ့ ညွန်ကြားချက်အတိုင်းဆက်ပြီး ဆောင်ရွက်ဖို့ရှိပါလိမ့်မယ်” ဟု ဦးဇော်ဌေးက ဆိုသည်။

ထို့ပြင်ဗစ်တိုးရီးယားအမှုတွင် ပြည်ထဲရေးဝန်ကြီးဌာနက သတင်းစာ ရှင်းလင်းပွဲပြုလုပ်စဉ်နှင့် လူမှုကွန်ရက်စာမျက်နှာတွင် နစ်နာသူကလေးငယ်၏ ဖခင်အမည်၊ နေရပ်လိပ်စာနှင့် အလုပ်အကိုင်များကို ထုတ်ဖော်ပြောကြားခဲ့သူများမှာလည်း ယင်းအရေးယူမှုတွင် အကျုံးဝင်မည်ဖြစ်ကြောင်း ဦးဇော်ဌေးက ပြောကြားသည်။

ဗစ်တိုးရီးယားအမှု၏ အခြေအနေမှာ ရဲတပ်ဖွဲ့က တရားခံကို ရှာဖွေနိုင်ခြင်းမရှိသေးဘဲ ပျောက်ဆုံးနေပြီး ၎င်းတို့စွပ်စွဲထားသည့် အောင်ကြီးမှာလည်း တရားရုံးဆုံးဖြတ်ချက်အရ ပြန်လွတ်သွားပြီဖြစ်သည်။

လိင်အကြမ်းဖက် ကျူးလွန်ခံခဲ့ရသည့် ဗစ်တိုးရီးယားလေးအား Video Conferencing ဖြင့် သီးသန့်စစ်ဆေးခဲ့သည့် စက်တင်ဘာ ၁၁ ရက်တွင် ဗစ်တိုးရီးယားက ကိုကို အငယ်က ၎င်း၏ရင်ဘတ်ကိုထုပြီး ကိုကိုအကြီးက ၎င်း၏ဖင်ဖုကိုဆိတ်သည်ဟု ထွက်ဆိုခဲ့သည့်အချက်များကိုလည်း မျက်ကွယ်ပြုထားသည်ဟု ဆိုရမည်ဖြစ်သည်။

လိင်အကြမ်းဖက် ကျူးလွန်ခံရသဖြင့် အရွယ်နှင့်မလိုက်အောင် HIV ကာကွယ်ဆေးများ သောက်သုံးခဲ့ရသည့် ဗစ်တိုးရီးယားလေး၏ “ကျောင်းက ကိုကိုလုပ်တယ်။ တီချယ်နှင်းနု သိတယ်” ဆိုသည့် ပြောဆိုချက်များမှာလည်း အရာမထင်ခဲ့ဟု ဆိုရပေမည်။

အမှုတွင် အောင်ကြီးမှာ လွတ်မြောက်သွားခဲ့ပြီဖြစ်သော်လည်း အမှန်တကယ်နစ်နာခဲ့သည့် ဗစ်တိုးရီးယားလေး၏ မိသားစုဝင်များမှာ နစ်နာမှုများစွာရှိနေဆဲဟု ဆိုရမည် ဖြစ်သည်။

အများက လျှို့ဝှက်ထားသည့် ကလေးငယ်၏ နာမည်၊ မိဘ၊ နေရပ်လိပ်စာ၊ အလုပ်အကိုင်တို့ကို ရဲတပ်ဖွဲ့က ဖွင့်ချခဲ့ခြင်း၊ တရားစွဲခံထားရခြင်း၊ အမှုတွင် ကျူးလွန်သူမည်သူ ဖြစ်သည်ကို မသိရှိရခြင်း စသည့် အချက်များမှာ ထင်သာမြင်သာသည့်အချက်များ ဖြစ်သည်။

ယင်းကြောင့် စုန်းစုန်းမြုပ်ပျောက်နေသည့် ဗစ်တိုးရီးယားအမှုတွင် တရားခံဖြစ်သူအား မည်သူက စုံစမ်း၍ဖော်ထုတ်ရမည်ကို စောင့်ကြည့်ရတော့မည်ဖြစ်သည်။

မြန်မာနိုင်ငံ၏ တရားဥပဒေစိုးမိုးရေးမှာ ဗစ်တိုးရီးယားအမှုကြောင့် နာမည်ပျက်ရမည့် အခြေအနေဖြစ်နေပြီလားဟု မေးခွန်းထုတ်ရပေလိမ့်မည်။

 

Most Read

Most Recent