တရားဝင် ရာထူးမရှိသည့်တိုင် လူအများက ၎င်းတို့၏ သဘောဆန္ဒအလျောက် မိမိ၏နောက်သို့ လိုက်လိုကြသည့် ခေါင်းဆောင်မျိုး ရှိတတ်သည်။ သို့သော် ခေါင်းဆောင် ရာထူးနေရာကို ရရှိထားရုံဖြင့် အများ၏ ယုံကြည်မှုနှင့် လေးစားမှုကို အလိုအလျောက် ရရှိနိုင်မည် မဟုတ်ပါ။ ဥပမာအားဖြင့် ယနေ့ခေတ်ကမ္ဘာတွင် စီးပွားရေး မညီမျှမှုသည် စိုးရိမ်ဖွယ်ရာ ကြီးထွားလာနေသည်။ ယင်းအချိန်တွင် နှိမ့်ချကာ ချွေတာသော ဘဝနေထိုင်မှုပုံစံများဖြင့် နေထိုင်သည့် လက်တစ်ဆုပ်စာ ကမ္ဘာ့ခေါင်းဆောင်အချို့က ၎င်းတို့နှင့် အဆင့်တူပုဂ္ဂိုလ်များ အတုယူနိုင်စေရန်အတွက် နမူနာကောင်းများကို ပေးခဲ့သည်။ ကမ္ဘာ့ခေါင်းဆောင် ငါးဦးကို နမူနာအဖြစ် ဖော်ပြလိုပါသည်။
ဟိုဆေးမူဂျီကာ - ဥရုဂွေးသမ္မတဟောင်း ဟိုဆေးပီပီမူဂျီကာကို ‘ကမ္ဘာ့အဆင်းရဲဆုံး သမ္မတ’ ဟု ကောင်းသောရည်ရွယ်ချက်ဖြင့် ခေါ်ဆိုကြသည်။ မူဂျီကာသည် ၂၀၀၉ ခုနှစ်တွင် ဥရုဂွေးသမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံရသည်။ သူသည် သမ္မတလစာ၏ ရာခိုင်နှုန်း ၉ဝကို ရန်ပုံငွေအဖွဲ့များသို့ လှူဒါန်းပြီး ခမ်းနားလွန်းသည့် သမ္မတအိမ်တော်၌ နေထိုင်ရန် ငြင်းပယ်ကာ သူ၏ ခနော်ခနဲ့ လယ်တဲအိမ်ကလေး၌သာ ဇနီးနှင့်အတူ နေထိုင်ခဲ့သည်။ သူ၏ ပိုင်ဆိုင်မှုမှာလည်း ၁၉၈၇ မော်ဒယ်ဗောက်စ်ဝက်ဂွန် ကားလေးတစ်စီးသာ ဖြစ်ခဲ့သည်။
ဂျွိုက်စ်ဘင်ဒါ - မာလာဝီနိုင်ငံ၏ ပထမဆုံး အမျိုးသမီးသမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံရပြီးနောက် မကြာမီ ဂျွိုက်စ်ဘင်ဒါသည် ထိုစဉ်က ရုန်းကန်နေရသော နိုင်ငံ၌ ဘဏ္ဍာရေးဆိုင်ရာ ချွေတာမှုလမ်းစဉ် ချမှတ်ရန် အားထုတ်မှုတစ်ရပ်အဖြစ် သမ္မတစီးရန် ဂျက်လေယာဉ်နှင့် မာစီဒီးဇိမ်ခံကား အစီး ၆၀ ကို ရောင်းထုတ်ခဲ့သည်။ သူက သူ့အနေဖြင့် အများသုံး လေကြောင်းခရီးစဉ်ဖြင့် လိုက်ပါရခြင်းမှာ ကိစ္စမရှိကြောင်း၊ ယခင်ကတည်းကလည်း ကားကြုံလိုက်စီးလေ့ရှိကြောင်း ဟာသလုပ်ကာ ပြောကြားခဲ့သည်။ နောက်ပိုင်းတွင် လေယာဉ်ပျံရောင်းချ၍ရသော ငွေက လူပေါင်းတစ်သန်းကျော်ကို ကျွေးမွေးနိုင်ခဲ့ကြောင်း ဘဏ္ဍာရေးဌာနက ပြောကြားခဲ့သည်။
ဆူရှယ်ကွိုင်ရာလာ - နီပေါဝန်ကြီးချုပ်အဖြစ် သူ၏သက်တမ်းမှာ တိုတောင်းသော်လည်း ဆူရှယ်ကွိုင်ရာလာသည် ဝန်ကြီးချုပ်ရာထူးအတွက် ရပိုင်ခွင့် အဆောင်အယောင်များကို ရှောင်ရှားခဲ့သောကြောင့် ချီးကျူးခံရသူဖြစ်သည်။ နီပေါနိုင်ငံမှ နိုင်ငံရေးသမားများသည် ချမ်းသာကြွယ်ဝကြသော်လည်း ကွိုင်ရာလာအနေဖြင့် သူ၏ ပိုင်ဆိုင်မှုအဖြစ် ကြေညာနိုင်ခဲ့သည်မှာ မိုဘိုင်းဖုန်း သုံးလုံးသာ ဖြစ်သည်။ ဝန်ကြီးချုပ်နေအိမ်သို့ တရားဝင် မရွှေ့မီ ကွိုင်ရာလာသည် ခတ္တမန္ဒူမြို့၌ အိမ်ငှား၍ နေထိုင်ခဲ့သူ ဖြစ်သည်။ သူသည် ယခင် ခတ္တမန္ဒူမြို့သို့ လာလည်စဉ်ကလည်း ဟိုတယ်၌ မနေဘဲ အစ်ကိုဖြစ်သူ၏ နေအိမ်၌သာ တည်းခိုခဲ့သည်။
ပုပ်ရဟန်းမင်းကြီး ဖရန်ဆစ် - ပုပ်ရဟန်းမင်းကြီးသည် သူ၏အခန်းကဏ္ဍကို ဘုရင်တစ်ပါးအဖြစ် မဟုတ်ဘဲ လူထုကို လမ်းပြသူအဖြစ်သို့သာ ပြောင်းလဲခဲ့သူဟု နယူးယောက် တိုင်းမ်သတင်းစာက ဖော်ပြခဲ့ဖူးသည်။ ဖရန်ဆစ်သည် ကမ္ဘာ့ဆင်းရဲမွဲတေမှုအကြောင်း၊ ဒုက္ခသည်များ၏ အတိဒုက္ခများအကြောင်း၊ ရာသီဥတု ပြောင်းလဲမှုအကြောင်း ဟောကြားမှုများကြောင့် ဝေဖန်ခြင်းပင်ခံရသည်။ အမေရိကန်သို့ သွားသည့်အခါ နာမည်ကျော် ဥပဒေပြုအမတ်များနှင့် နေ့လယ်စာစားရမည်ကို ရှောင်လွှဲကာ ၀ါရှင်တန်၌ အိမ်ခြေယာခြေမဲ့များနှင့်အတူသာ ညစာစားခဲ့သည်။
၀ါရန်းဘတ်ဖက် - လုပ်ငန်းရှင် သူဌေးကြီး ၀ါရန်းဘတ်ဖက်ကို ကမ္ဘာပေါ်၌ အအောင်မြင်ဆုံး ရင်းနှီးမြှုပ်နှံသူဟု သတ်မှတ်ကြသည်။ သူသည် စုစုပေါင်း အမေရိကန် ဒေါ်လာ ၆၆ ဒသမ ၇ ဘီလျံ ချမ်းသာသော်လည်း သူ ဘီလျံနာမဖြစ်မီက နေထိုင်မှုပုံစံအတိုင်း ရိုးရှင်းစွာ နေထိုင်ခဲ့သည်။ ဘတ်ဖက်သည် သူ ၁၉၅၈ ခုနှစ်က ဝယ်ယူထားသည့် အိုမဟာမြို့ရှိ နေအိမ်၌သာ နေထိုင်ပြီး ဇိမ်ခံကားများနှင့် ဇိမ်ခံပစ္စည်းများကို အသုံးပြုခြင်း မရှိပေ။ သူသည် သူ၏ပိုင်ဆိုင်မှု ၉၉ ရာခိုင်နှုန်းကို ရန်ပုံငွေအဖွဲ့များသို့ လှူဒါန်းခဲ့မည်ဟု ကတိပြုထားသူဖြစ်ပြီး စီးပွားရေးတန်းတူညီမျှရေးအတွက် အကြံပြုပြောဆိုသူ ဖြစ်သည်။ သူက သူနှင့်အတူ အချမ်းသာဆုံး တစ်ရာခိုင်နှုန်းကို အခွန်တိုးမြှင့်ကောက်ခံရန် ဥပဒေပြု အမတ်များအား လူသိရှင်ကြား တောင်းဆိုသူလည်း ဖြစ်သည်။
မည်သို့ပင်ဆိုစေ၊ နိုင်ငံက ဆင်းရဲမွဲပြာကျနေချိန်၌ ခမ်းကြီးခမ်းနားနေလိုလှသည့် ရာထူးအရ ခေါင်းဆောင်ဖြစ်နေသူများ ရှက်တတ်ကြစေရန် နှိမ့်ချကာ ချွေတာသော ဘဝနေထိုင်မှုပုံစံများဖြင့် နေထိုင်သည့် လက်တစ်ဆုပ်စာ ကမ္ဘာ့ခေါင်းဆောင်အချို့ကို The Daily Eleven သတင်းစာက နမူနာအဖြစ် တင်ပြအပ်ပါသည်။
■ (ဖေဖော်ဝါရီ ၂၃ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)









