ဘတ်ဂျက်၏ရာခိုင်နှုန်း ၂၀ ကျော်သုံးစွဲသော နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများမှာ နှစ်စဉ်အရှုံးပေါ်လျက်ရှိပြီး ဝန်ကြီးဌာနများနှင့် ဖက်စပ်လုပ်ကိုင်သည့် လုပ်ငန်း၂၁ ခုမှ အမြတ်ငွေလုံးဝမရရှိကြောင်း လွှတ်တော်ကိုယ်စားလှယ် ဝေဖန်

ဘတ်ဂျက်၏ရာခိုင်နှုန်း ၂၀ ကျော်သုံးစွဲသော နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများမှာ နှစ်စဉ်အရှုံးပေါ်လျက်ရှိပြီး ဝန်ကြီးဌာနများနှင့် ဖက်စပ်လုပ်ကိုင်သည့် လုပ်ငန်း၂၁ ခုမှ အမြတ်ငွေလုံးဝမရရှိကြောင်း လွှတ်တော်ကိုယ်စားလှယ် ဝေဖန်
Published 17 February 2020
အောင်မင်းသိန်း၊ ပြည့်ဖြိုးအောင်

ဘတ်ဂျက်၏ ရာခိုင်နှုန်း ၂၀ ကျော် သုံးစွဲသော နိုင်ငံပိုင်စီးပွားရေုးလုပ်ငန်းများမှာ နှစ်စဉ်အရှုံးပေါ်လျက်ရှိပြီး ဝန်ကြီးဌာနများ နှင့် ဖက်စပ်လုပ်ကိုင်သည့် လုပ်ငန်း၂၁ ခုမှ အမြတ်ငွေ လုံးဝမရရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးက မဲဆန္ဒနယ်အမှတ်(၄)အမျိုး သားလွှတ်တော်ကိုယ်စားလှယ် ဦးသန်းစိုး (ခ) သန်းစိုး (ဘောဂဗေဒ) က ပြောကြားသည်။

ဖေဖော်ဝါရီ ၁၇ ရက် ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး တွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှပေး ပို့သော ၂၀၁၈ ခုနှစ် ဧပြီမှ စက်တင်ဘာအထိ ခြောက်လအတွက် စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာအပေါ် ပြည်သူ့ငွေစာရင်းပူး ပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့်သဘောထားမှတ်ချက် အစီရင်ခံစာ ဒုတိယ အတွဲ (၁/၂၀၂၀) နှင့် စပ်လျဉ်း၍ ဆွေးနွေးရာတွင် လွှတ်တော်ကိုယ်စားလှယ် ဦးသန်းစိုး (ခ) သန်းစိုး (ဘောဂဗေဒ) က ယင်းကဲ့သို့ ပြောကြားခြင်း ဖြစ်သည်။

“နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းနဲ့ပတ် သက်ပြီးတော့ စာရင်းစစ်ချုပ်အနေနဲ့လည်း သီးခြားအစီရင်ခံစာ တင်သွင်းဖို့ ဆွေးနွေးလို ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ ဘတ်ဂျက် မှာ ပြည်ထောင်စုဗဟိုအစိုးရအဖွဲ့၊ ဝန်ကြီး ဌာန၊ နိုင်ငံပိုင်၊ တပ်မြို့၊ ဗဟိုဘဏ်ဆိုပြီးတော့ ခွဲပေမဲ့လည်း ကျွန်တော်တို့ စာရင်းစစ်ရဲ့ အစီရင်ခံစာမှာတော့ စာမျက်နှာ ၇ နဲ့ စာ မျက်နှာ ၁၅ မှာ စာမျက်နှာ ရှစ်မျက်နှာ လောက်ပဲ ဖော်ပြထားတာကို တွေ့ရပါတယ်။ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းတွေဟာ ဘတ် ဂျက်ရဲ့ ရာခိုင်နှုန်း ၂၀ ကျော်ကို အမြဲသုံးစွဲ နေပါတယ်။ အမြဲလည်း အရှုံးပေါ်နေပါ တယ်။ အဲဒီတော့ စစ်ဆေးမှုနဲ့ပတ်သက် ပြီးတော့မှ အလွဲသုံးစားလုပ်မှုတွေဘဏ္ဍာ ငွေ ယိုဖိတ်မှုတွေမလိုလားအပ်တဲ့ အသုံး စရိတ်တွေ၊ အဂတိလိုက်စားမှုတွေစတဲ့ စာ ရင်းစစ်ကန့်ကွက်ချက်တွေ မပါပါဘူး။ နှစ်စဉ် နှစ်တိုင်းပါပဲ။ ဒါကြောင့်မို့ နိုင်ငံပိုင်စီးပွား ရေးလုပ်ငန်းတွေကို သီးခြားစစ်ဆေးပြီးတော့ အစီရင်ခံသင့်ပါတယ်” ဟု ဦးသန်းစိုး(ခ)သန်းစိုး(ဘောဂဗေဒ)က ပြောကြားသည်။

နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများအတွက် ၂၀၁၈ ခုနှစ် ဧပြီမှ စက်တင်ဘာအထိ ခြောက်လ၌ ငွေကျပ်  ၃၉၄၀ ဒသမ ၃ ဘီလျံ သုံးစွဲထားပြီး အသားတင်အမြတ်ငွေကျပ် ၄၀၉ ဘီလျံသာ ဖြစ်သဖြင့်၊ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများနှင့်ပတ်သက်၍ စာရင်းစစ် ချုပ်အနေဖြင့် သီးခြားစာရင်းစစ်ဆေးခြင်း အစီရင်ခံစာကို တင်သွင်းသင့်ကြောင်း ဦးသန်းစိုး(ခ)သန်းစိုး(ဘောဂဗေဒ)က ပြောကြားသည်။

ထို့ပြင် အစိုးရဝန်ကြီးဌာနများနှင့် ကုမ္ပဏီ ဖက်စပ်လုပ်ကိုင်သည့် လုပ်ငန်း၂၁ ခုရှိပြီး ၂၀၁၆ ခုနှစ်၊၂၀၁၇ ခုနှစ်၊ ၂၀၁၈ ခု နှစ်အထိ အမြတ်ငွေ လုံးဝမရရှိကြောင်း  ဦး သန်းစိုး (ခ) သန်းစိုး (ဘောဂဗေဒ) က ပြော ကြားသည်။

“ပြောချင်တာက အစိုးရက ကျွန်တော် ဒီဂဏန်းတွေကို အားလုံးပေါင်း လိုက်ချိန် မှာ အမေရိကန်ဒေါ်လာ ၁၂၇ သန်း၊ မြန်မာ ကျပ်ငွေ ၈၁၃ ဒသမ ၂ ဘီလျံ ရင်းနှီးမြှုပ်နှံခဲ့ ပေမဲ့ အခုချိန်ထိ အမြတ်မရရှိသေးပါဘူး။ဆိုလိုတာက ဒီနိုင်ငံမှ မမွဲရင် ဘယ်နိုင်ငံမှ မွဲ စရာအကြောင်း မရှိတော့ပါဘူး” ဟု ဦးသန်း စိုး (ခ) သန်းစိုး (ဘောဂဗေဒ) က ပြောကြား သည်။

အမြတ်ငွေမရရှိသည့် အစိုးရဝန်ကြီး ဌာနနှင့်ဖက်စပ်ကုမ္ပဏီ လုပ်ငန်း၂၁ ခုမှာ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း၊ စိုက်ပျိုးရေး ဦးစီးဌာန/ မြန်မာစင်ကာပူပလန်တေရှင်း၊ ငါးလုပ်ငန်း/ဆီးဖုဒ်လီမီတက်၊ ငါးလုပ်ငန်း/ မြန်မာဂါးမင်း ငါးလုပ်ငန်း/ ဘေးဂျင်းငါးလုပ်ငန်း၊ MFIJV မြန်မာဆိပ်ကမ်းအာဏာပိုင်/ Continental Investment Co.,Ltd ၊ သင်္ဘောကျင်း/ AMECC JV Co.,Ltd ၊ ကုန်းလမ်း/ အမြဲစိမ်းကုမ္ပဏီ၊ ကုန်းလမ်း/စန်းရောင်နီ ကုမ္ပဏီ၊ ကုန်းလမ်း/ CJ Logistics ၊ မြန်မာ ရေနံထွက်လုပ်ငန်း/ PUMA Aviation Services Co.,Ltd ၊ ရေနံနှင့်သဘာဝဓာတ် ငွေ့/ ANDAMAN ၊ အမှတ် (၁) စက်မှု/ဘီလင်း စက်မှုသုံး၊ မြန်မာ့ငွေချေးသက်သေခံ လက်မှတ်ရောင်းဝယ်ရေးလီမိတက်၊ လမ်းဦးစီး/ I & H engineering ၊ မြို့အိုး/ Hlaing River Golf Co.,Ltd ၊ မြို့အိုး/သန်လျင် ကျောက်တန်း  development co.,ltd ၊ ဟို တယ်ခရီး/ Myanmar Hotel International Co.,Ltd ၊ ဟိုတယ်ခရီး/ Myanmar Swan Investment Co.,Ltd တို့ဖြစ်ကြောင်း ဦး သန်းစိုး (ခ) သန်းစိုး (ဘောဂဗေဒ) က ဆွေးနွေးခဲ့သည်။

“ပြောချင်တာက နိုင်ငံဟာ ဖက်စပ်လုပ်ငန်းနဲ့ ပတ်သက်ပြီးတော့ အမြတ်မရရှိတဲ့ ဝန်ကြီးဌာန ၂၁ ဟာ ဝန်ထုပ်ဝန်ပိုးဖြစ်ပါ တယ်။ အဲဒီတော့ ကျွန်တော်တို့နိုင်ငံမှာ  loan  နဲ့ရထားတဲ့  US ၃ ဒသမ ၄ ဘီလျံမှာ ၉၁ သန်းပဲ ရပါသေးတယ်။ SOE ဘတ်ဂျက်က ဘီလျံ ၇၀၀၀ ကျပ်ကျော်ဖြစ်တယ်။အခု  JV လုပ်ထားတဲ့ ပမာဏတွေနဲ့ပေါင်းလိုက်လို့ရှိ ရင် ဒီပမာဏတွေ တိုင်းပြည်စီးပွားရေးကို တက်လို့ရအောင် လုပ်နိုင်ရဲ့သားနဲ့ ဒီကိစ္စ တွေအပေါ်မှာ ကျွန်တော်တို့ စောင့်ကြည့်ဖို့ လိုနေပါပြီ” ဟု ဦးသန်းစိုး (ခ) သန်းစိုး (ဘောဂဗေဒ)က ပြောကြားသည်။

ထို့ပြင် အရှုံးပေါ်နေသည့် အစိုးရ ဖက်စပ်လုပ်ငန်းများအတွက် မူဝါဒများ၊ လုပ်ငန်းစဉ်တစ်ရပ် အမြန်ဖော်ဆောင်ရွက်လိုအပ်ကြောင်း၊ လွှတ်တော်နှင့်သက်ဆိုင်ရာ ကော်မတီအသီးသီးက ခေါ်ယူတွေ့ဆုံပြီး အဖြေ ရှာရန်လိုအပ်နေကြောင်း၊ အချိန်သတ်မှတ်ချက်ပါသည့် လုပ်ငန်းစဉ်များ ပြန်လည်သုံးသပ်ရေး၊သီးခြားလွတ်လပ်စွာ စစ်ဆေးနိုင်သည့် ကော်မရှင် အမြန်ဖွဲ့ပြီး ဆောင်ရွက်သင့် ကြောင်း၊ မည်သည့်အချိန်တွင် ဆောင်ရွက်မည်ဆိုသော အာမခံချက်နှင့် တာဝန်ယူမှု၊ တာဝန်ခံမှုများဖြင့် ဆောင်ရွက်သင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ် ဦးသန်းစိုး(ခ)သန်း စိုး (ဘောဂဗေဒ) က ပြောကြားသည်။

 

 

Most Read

Most Recent