ပြည်ထောင်စုလွှတ်တော် ဖွံ့ဖြိုးရေးရန်ပုံငွေ ၀ိရောဓိ

ပြည်ထောင်စုလွှတ်တော် ဖွံ့ဖြိုးရေးရန်ပုံငွေ ၀ိရောဓိ
ဖေဖော်ဝါရီ ၇ ရက်က ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးကို တွေ့ရစဉ်
ဖေဖော်ဝါရီ ၇ ရက်က ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးကို တွေ့ရစဉ်
Published 16 February 2020
အောင်မင်းသိန်း

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၇ ရက်က ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော် ရန်ပုံငွေကို ကျပ်သိန်း ၁၀၀၀ မှ ကျပ်သိန်း ၂၀၀၀ သို့မဟုတ် အခြားပမာဏတစ်ခုသို့ တိုးမြှင့်သုံးစွဲခွင့်ပေးရန် အစီအစဉ် ရှိ မရှိနှင့် စပ်လျဉ်းသည့် မေးခွန်းကို NLD ပါတီမှ ကောလင်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဇော်အောင်က မေးမြန်းခဲ့သည်။

“ လွှတ်တော်ရန်ပုံငွေလို့ခေါ်သော်လည်း ဌာနဆိုင်ရာအသီးသီး၊ အုပ်ချုပ်ရေးမှူး အသီးသီးသာမက အခြေခံပြည်သူလူထုနှင့်ပါ ပူးပေါင်း ဆောင်ရွက်ရတဲ့ လုပ်ငန်းဖြစ်ပါတယ်” ဟု ဦးမျိုးဇော်အောင်က ဆိုသည်။

ပြည်ထောင်စုလွှတ်တော် ဖွံ့ဖြိုးရေးရန်ပုံငွေကို တိုးပေးစေလိုသည့် အဓိကအကြောင်းရင်း သုံးချက်ကိုလည်း ဦးမျိုးဇော်အောင်က လွှတ်တော်၌ တင်ပြခဲ့သည်။

ပထမအချက်အနေဖြင့် ယင်းရန်ပုံငွေကို ပြည်သူလူထုက ကိုယ်တိုင်ကော်မတီဖွဲ့၍ ကိုင်တွယ်သုံးစွဲရပြီး လုပ်ငန်းအကောင်အထည်ဖော်ရသည့်အတွက် ပြည်သူလူထုအနေဖြင့် မိမိနှင့်သက်ဆိုင်သည့်စိတ်ကို ဖြစ်ပေါ်စေကြောင်း၊ ဒုတိယအချက်အနေဖြင့် ရန်ပုံငွေချပေးလိုက်သည်နှင့် ပြည်သူများက ၎င်းတို့ငွေကိုပါ ထပ်မံစိုက်ထုတ်၍ လုပ်အားကိုပါ စိုက်ထုတ်ကြသည့်အတွက် လုပ်ငန်းအောင်မြင်မှု မြင့်မားလာကြောင်း၊ တတိယအချက်အနေဖြင့် ကျေးလက်ဒေသများတွင် ပြုပြင်ရန် လိုအပ်သည့် လမ်း၊ တံတားများ အများအပြား ရှိနေခြင်းတို့ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

“ဒီရန်ပုံငွေဟာ ပြည်သူလူထုကိုယ်တိုင် ကော်မတီဖွဲ့ ကိုင်တွယ်သုံးစွဲရတာဖြစ်ပြီး လုပ်ငန်းအကောင်အထည် ဖော်ရတာဖြစ်တဲ့အတွက် ပြည်သူလူထုတွေအနေနဲ့ ကိုယ်နဲ့ ဆိုင်တယ်ဆိုတဲ့စိတ်ကို ရစေပါတယ်။ ဌာနဆိုင်ရာနဲ့ ကုမ္ပဏီတွေ အသီးသီးက လာရောက်ဆောင်ရွက်သွားတဲ့ လမ်းတံတားတွေထက်စာလို့ရှိရင် ပြည်သူလူထုတွေက သူတို့ကိုယ်တိုင် အကောင်အထည်ဖော်ရတာကို ပိုပြီးအားရကျေနပ်ကြတာ ဖြစ်ပါတယ်။ ပေးအပ်တဲ့ငွေနဲ့ အကျိုးရလဒ်အချိုး မြင့်မားတာဖြစ်ပါတယ်။ ကျပ်သိန်း ၅၀ သို့မဟုတ် ၃၀ လောက်ပေးလိုက်တာနဲ့ ကျပ်သိန်း ၁၀၀ နီးပါးလောက်အထိအောင် ကျေးရွာတွေက အကောင်အထည်ဖော်ကြပါတယ်။ ကျေးရွာတွေကို ကျွန်တော်တို့က ရန်ပုံငွေချပေးလိုက်လို့ရှိရင် ကျေးရွာတွေက ကိုယ်ကိုယ်တိုင်ရန်ပုံငွေကို ထပ်မံပြီးတော့ ထည့်သွင်းရုံသာမကဘဲ လုပ်အားပါ စိုက်ထုတ်လုပ်ကြတဲ့အတွက်ကြောင့်မို့ လို့ လုပ်ငန်းအောင်မြင်မှုက အရမ်းမြင့်မားတာဖြစ်ပါတယ်။ မဲဆန္ဒနယ်တွေရဲ့ လိုအပ်ချက်မြင့်မားတာ ဖြစ်ပါတယ်။ ကျွန်တော့် မဲဆန္ဒနယ်နဲ့ ယှဉ်ပြီးတော့ တင်ပြရမယ်ဆိုရင် ကောလင်းမှာ ကျေးရွာပေါင်း ၂၁၁ ရွာ ရှိပါတယ်။ ကျေးရွာအသီးသီးကို ဆက်သွယ်ထားတဲ့ လမ်းအများစုဟာ ပြုပြင်ဖို့ လိုအပ်နေတာဖြစ်ပါတယ်။ တံတားတွေမှာဆိုရင်လည်း ပြုပြင်ဖို့လိုအပ်နေတဲ့ တံတားတွေ အများကြီးရှိပါတယ်။ ကျေးရွာတွေကို ထိုက်သင့်တဲ့ ရန်ပုံငွေ ချပေးလိုက်တဲ့အခါမှာ ကျေးရွာတွေက ကိုယ်ကိုယ်တိုင်လည်း စိုက်ထုတ်ပြီးတော့ တစ်နှစ်တန်သည် နှစ်နှစ်တန်သည် သုံးနှစ်တန်သည် အဆင်ပြေသွားဖို့ဟာအတွက် ကြိုးစားပြီးတော့မှ ပြုပြင်ကြတာဖြစ်ပါတယ်”  ဟု  ဦးမျိုးဇော်အောင်က ပြောကြားသည်။

ထို့ပြင် ပြည်ထောင်စုလွှတ်တော် ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် လုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် အားနည်းချက်များရှိကြောင်းကိုလည်း ဝန်ခံခဲ့ပြီး ယင်းအားနည်းချက်များကို လွှတ်တော်ကိုယ်စားလှယ်များနှင့် သက်ဆိုင်ရာ တတ်သိပညာရှင်များက ပူးပေါင်းဆောင်ရွက်ရမည်ဟုလည်း ၎င်းက ဆက်လက်ပြောကြားသည်။

“ပြည်ထောင်စုလွှတ်တော် ဖွံ့ဖြိုးရေးရန်ပုံငွေ လုပ်ငန်းတွေကို အကောင်အထည်ဖော်တဲ့နေရာမှာ အားနည်းချက်အချို့လည်း ရှိတယ်ဆိုတာ ဝန်ခံရမှာဖြစ်ပါတယ်။ ဥပမာ ပေးအပ်နိုင်တဲ့ အများဆုံးငွေက ကျပ်သိန်း ၅၀ သာဖြစ်ပြီးတော့မှ လုပ်ရမယ့်လုပ်ငန်းပမာဏက သိန်းရာချီကုန်ကျမယ့် လုပ်ငန်းတွေမှာဆိုရင် စံမီအောင် မလုပ်နိုင်တာမျိုးတွေလည်း ရှိပါတယ်။ ကျေးရွာသားတွေကိုယ်တိုင် ဆောင်ရွက်တဲ့အတွက်မို့လို့ နည်းပညာအားနည်းတာမျိုးတွေလည်း ရှိပါတယ်။ ဒီလိုအားနည်းတာမျိုးတွေကို ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ ကျေးရွာတွေနဲ့သက်ဆိုင်ရာ အင်ဂျင်နီယာဌာနတွေနဲ့ ပူးပေါင်းပြီးတော့မှလည်း အားနည်းချက်တွေ နည်းနိုင်သမျှနည်းအောင် ဆောင်ရွက်နေကြတာ ဖြစ်တယ်” ဟု  ဦးမျိုးဇော်အောင်က ဆိုသည်။

မဲဆန္ဒနယ်မြေများ၏ လိုအပ်ချက်သည် မတူညီဘဲ ဖွံ့ဖြိုးပြီးမြို့နယ်များမှာ ဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ်သိန်း တစ်ထောင်ကို စိတ်ဝင်စားမှုနည်းနိုင်သော်လည်း မဲဆန္ဒနယ်အများစုသည် ဖွံ့ဖြိုးရေးရန်ပုံငွေ လိုအပ်ချက် မြင့်မားနေကြောင်း၊ ပြည်သူ့လွှတ်တော်တွင် ကျေးလက်၊ လမ်းတံတားများကို ဦးစားပေးဆောင်ရွက်ရန် တိုက်တွန်းကြောင်း အဆို အတည်ဖြစ်ခဲ့သော်လည်း ကောလင်းမြို့နယ်တွင် ရန်ပုံငွေပိုရခြင်းမရှိခဲ့ကြောင်း ၎င်းက လွှတ်တော်၌ ပြောကြားသည်။

လက်ရှိတွင် လုပ်ငန်းလျာထားရန် တင်ပြသည့်အခါ လုပ်ငန်းပေါင်း ၂၀၀ ကျော်တင်ပြထားခြင်းကြောင့် ပေးနိုင်သည့်ရန်ပုံငွေနှင့် ရွေးချယ်ရန် ခက်ခဲပြီး ပြည်သူများအတွက် လိုအပ်ချက်များရှိနေကြောင်းနှင့် လိုအပ်ချက်များ ပြည့်မီနိုင်ရန်အတွက် ကျပ်သိန်းသုံးထောင်မှ ငါးထောင်ခန့်အထိ လိုအပ်နေကြောင်း ဦးမျိုးဇော်အောင်က ဆိုသည်။

“တိုင်းပြည်ရဲ့ အခြေအနေအရ ဒီလောက်ဆိုတာတော့ မဖြစ်နိုင်ဘူးဆိုတာ သိတဲ့အခါကျတော့ ကျွန်တော့်အနေနဲ့ ကျပ်သိန်းနှစ်ထောင် သို့မဟုတ်ရင် ပတ်ဝန်းကျင် ပေးနိုင်တဲ့ပမာဏ တစ်ခုခုကိုသာ တိုးမြှင့်ပေးနိုင်မယ်ဆိုရင် ကျေးရွာတွေရဲ့ အခြေခံလိုအပ်ချက်တွေကို ပိုပြီး ဖြည့်ဆည်းနိုင်မယ်လို့ ယူဆတဲ့အတွက်ကြောင့်မို့လို့ ဒီမေးခွန်းကို မေးမြန်းရခြင်း ဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားသည်။

 

ရန်ပုံငွေ တိုးပေးသင့်လား

ဖွံ့ဖြိုးရေးရန်ပုံငွေဆိုသည်မှာ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေ ဥပဒေနှင့်အညီ ပေးအပ်သည့် ရန်ပုံငွေဖြစ်ပြီး ပြည်သူလူထု၏ အခြေခံလိုအပ်ချက်များဖြစ်သော လမ်း၊ တံတားနှင့် ရေရရှိရေး ကိစ္စရပ်များတွင် ဦးစားပေးဆောင်ရွက်ရခြင်း ဖြစ်သည်။

ပြည်ထောင်စုလွှတ်တော် ဖွံ့ဖြိုးရေးရန်ပုံငွေကို ပထမအကြိမ် လွှတ်တော်သက်တမ်းကပင် စတင်ပေးအပ်ခဲ့ခြင်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အချို့သော ရပ်ရွာဖွံ့ဖြိုးရေးကိစ္စများမှာ စီမံကိန်းနှင့် ဘတ်ဂျက်တွင် မပါဝင်ပါက လုပ်ဆောင်၍ မရသည့်အတွက် ယခုကဲ့သို့ ဖွံ့ဖြိုးရေးရန်ပုံငွေကို လွှတ်တော်က ချပေးခြင်း ဖြစ်သည်။

စီမံကိန်းနှင့် ဘတ်ဂျက်တွင် မပါဝင်သည့် ကျေးလက်ဒေသများ၌ လမ်းခင်းခြင်း၊ တံတားထိုးခြင်းများတွင် ပြည်ထောင်စုလွှတ်တော် ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ချက်ချင်းအကောင်အထည်ဖော် ဆောင်ရွက်နိုင်သည်။ ပြည်ထောင်စုလွှတ်တော်က လွှတ်တော် ကိုယ်စားလှယ်တစ်ဦးလျှင် ကျပ်သိန်းတစ်ထောင် သတ်မှတ်ပေးထားပြီး ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းတစ်ခုလျှင် ကျပ်သိန်း ၅၀ ထက် မပိုရဘဲ ရပ်ရွာအခြေပြုလုပ်ကိုင် ဆောင်ရွက်နိုင်ရန် ပေးထားခြင်းဖြစ်ကြောင်း NLD ပါတီမှ အောင်မြေသာစံ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာလှမိုးက ပြောကြားသည်။

“ဆရာ့မြို့နယ်ထဲမှာ တစ်နှစ် တစ်နှစ်ကို လုပ်ငန်း ၂၇ ခု၊ ၂၈ ခု လုပ်ရတယ်။ အဲဒီလုပ်တဲ့အခါမှာ ဆရာတို့က ချပေးတာသည် သိန်း ၅၀ အောက်ဖြစ်သော်လည်းပဲ လုပ်တဲ့လုပ်ငန်းမှန်သမျှသည် ရာကျော်အထက်တွေချည်းပဲ။ ပြည်သူလူထုက ပိုက်ဆံထည့်တယ်။ အံ့သြစရာ ကောင်းတယ်။ ပြည်သူက သူတို့ရပ်၊ သူတို့ရွာအတွက် ဒီပိုက်ဆံချပေးတာကို ပျော်ပျော်ကြီးလက်ခံပြီး ကုန်ကျသမျှ နောက်ထပ်လိုသမျှကို ပြည်သူက အကုန်ထည့်ဝင်တာ။ ဒါ အင်မတန်ကောင်းတဲ့အချက်။ ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်မှု အရမ်းအားရတယ်” ဟု ဒေါက်တာလှမိုးက ပြောကြားသည်။

သို့သော် အချို့သော ကျေးရွာများသည် ဒေသများအတွက် ယင်း ဖွံ့ဖြိုးရေးရန်ပုံငွေ သိန်းတစ်ထောင်မှာ လောက်ငှမှုမရှိသောကြောင့် လွှတ်တော်၌ ထပ်တိုးတောင်းရခြင်း ဖြစ်ကြောင်း ၎င်းက မှတ်ချက်ပြုသည်။

“ရပ်တိုင်းရွာတိုင်းက လိုချင်တယ်။ သို့သော် သိန်းတစ်ထောင်တည်း ဖြစ်တဲ့အခါကျတော့ ဝေလို့က မနိုင်ဘူး။ အဲဒါကြောင့်မို့လို့ ထပ်တိုးတောင်းမှ ထပ်တိုးပေးတယ်ဆိုရင်တော့ ဒီထက်ပိုပြီးတော့ လုပ်နိုင်တယ်” ဟု ဒေါက်တာလှမိုးက ဆိုသည်။

ထိုသို့ ဖွံ့ဖြိုးရေးရန်ပုံငွေ ထပ်တိုးတောင်းရခြင်းမှာ ပြည်ထောင်စုလွှတ်တော် ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် လုပ်ဆောင်ရာတွင် သက်ဆိုင်ရာ လုပ်ငန်းဆောင်ရွက်မည့် လုပ်ငန်းအဖွဲ့ များဖွဲ့စည်းပြီး လုပ်ဆောင်မည့် လုပ်ငန်းမှာ ကျပ်သိန်း ၅၀၊ သိန်း ၇၀ ခန့် ကုန်ကျမည်ဖြစ်သော်လည်း ၁၀ သိန်းခန့်သာ ချပေးနိုင်သည့်အတွက် ရပ်ရွာက လိုအပ်သည့် ကုန်ကျငွေကို စိုက်ထုတ်၍ ဆောင်ရွက်နေရသောကြောင့်ဖြစ်ကြောင်း ဒေါက်တာလှမိုးက ရှင်းပြသည်။

“အဲဒီအခါကျတော့ နံပါတ် (၁) ဖွံ့ဖြိုးတိုးတက်မှုက ပိုပြီးလျင်မြန်တယ်။ ဒီထက်ပိုပေးရင် ဒီထက်ပိုပြီးတော့ အလုပ်လုပ်နိုင်တယ်။ ဒါကြောင့်မို့လို့ တိုးတောင်းတာ” ဟု ဒေါက်တာလှမိုးက ပြောကြားသည်။

ပြည်ထောင်စုလွှတ်တော် ဖွံ့ဖြိုးရေးရန်ပုံငွေမှာ ကိုယ်စားလှယ် တစ်ဦးလျှင် ကျပ်သိန်းတစ်ထောင်နှုန်း ဆိုသော်လည်း မြို့နယ်ပေါင်း ၃၃၀ ကျော်ရှိသည့်အတွက် တစ်နှစ်လျှင် ကျပ် ၃၃ ဘီလျံ ကုန်ကျနေသည်။

ထို့ပြင် အောက်ခြေမှ တက်လာသည့် စီမံကိန်းများ၊ အစိုးရကို တောင်းသည့် စီမံကိန်းများလည်း ရှိနေသည့်အတွက် ပြည်ထောင်စုလွှတ်တော်အနေဖြင့် တိုးပေးမည်ဆိုပါက ယင်းစီမံကိန်းများမှ ဘတ်ဂျက်များကို ဖဲ့ပေးရန်သာရှိကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် မိထ္ထီလာ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမောင်သင်းက ထောက်ပြသည်။

“အဲဒါတွေလည်းရှိတော့ တစ်မြို့နယ်ကို တစ်ဘီလျံလောက်ရှိတာကို။ တစ်ဘီလျံလောက်ရှိတယ် ဆိုတဲ့ အခါကျတော့ ရှင်းရှင်းပြောရလို့ရှိရင် ပေးမယ်ဆိုရင် ဟိုဘက်က ဖဲ့ပေးမှပဲရမယ့် သဘောတော့ ရှိတာပေါ့” ဟု ဒေါက်တာမောင်သင်းက ပြောကြားသည်။

မဲဆန္ဒနယ်မြေများနှင့် ပတ်သက်၍ လိုအပ်ချက်များ ရှိနေသည် မှန်သော်လည်း နိုင်ငံတော်က ပေးနိုင်သည့် အခြေအနေနှင့် ပြန်ချိန်ဆမည်ဆိုပါက လက်ရှိအခြေအနေတွင် တိုးမြှင့်ပေးရန်သည် ခက်ခဲသည့် အခြေအနေတွင်ရှိသည်ဟု မြင်မိကြောင်း ၎င်းက ဆိုသည်။

“ အဲဒါကတော့ အမြဲတမ်းတော့ ရှိနေမှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံရဲ့ ဘယ်မြို့နယ် ကြည့်ကြည့် လိုနေတာတွေ အများကြီးပဲလေ။ ငါးနှစ်စာမှ သိန်း ၅၀၀၀ ရှိတာ။ တစ်နှစ်ကို အစိုးရအနေနဲ့ တစ်ဘီလျံ သူတို့က လုပ်တာတောင် အမြဲလိုနေသေးတာပဲ ဥစ္စာ။ လိုနေတယ်ဆိုတာ နှစ်ခုပေါ့။ နဂိုကတည်းက မရှိလို့ လုပ်ရတာရှိတယ်။ ရှိပြီးတော့ ပျက်စီးနေတာကို ပြင်ဆင်ရတာရှိတယ်။ အဲဒီလိုဟာမျိုးနဲ့ တွက်ကြည့်ရင်တော့ လိုနေမှာပဲ” ဟု ဒေါက်တာမောင်သင်းက ပြောကြားသည်။

ပြည်ထောင်စုလွှတ်တော် ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့်အခါတွင် အခက်အခဲရှိနေသော်လည်း ယင်းအခက်အခဲသည် တစ်ဦးတစ်ယောက်တည်းတွင် ရှိနေခြင်း မဟုတ်ဘဲ ရရှိထားသည့် နိုင်ငံတော်၏ဘတ်ဂျက်ကို မည်သို့လုပ်ရမည်ကို ချိန်ဆရမည်ဖြစ်ကြောင်း ဒေါက်တာမောင်သင်းက ပြောကြားသည်။

“ချိန်ဆပြီးမှ သုံးသင့် မသုံးသင့် ဆိုတာကတော့ အဲဒါလေးကတော့ လက်ရှိအခြေအနေမှာတော့ နိုင်ငံရဲ့ဝင်ငွေဟာ သိသိသာသာတိုးလာတာ မရှိတဲ့အတွက်ကြောင့် အန်ကယ် မြင်တာကတော့ တစ်ဖက်က မြို့နယ်တစ်မြို့နယ်အတွက် အစိုးရက တည်ဆောက်နေတဲ့လုပ်ငန်းတွေမှာ သူတို့ပေးထားတာလည်း ရှိတဲ့အတွက်ကြောင့် လွှတ်တော်အနေနဲ့ကတော့ ရှင်းရှင်းပြောရရင်တော့ သိန်း ၁၀၀၀ ဆိုတာ လုံလောက်ပါပြီ” ဟု ဒေါက်တာမောင်သင်းက ပြောကြားသည်။

အထက်ပါရန်ပုံငွေသည် အခြားနိုင်ငံများတွင်မရှိဘဲ မိမိတို့နိုင်ငံ၌ လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန်အတွက် လိုလိုမည်မည်ထုတ်ပေးထားခြင်းဖြစ်ပြီး ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်က စတင်ထုတ်ပေးခဲ့ခြင်းဖြစ်ကြောင်း ဒေါက်တာမောင်သင်းက ပြောကြားသည်။

“ဆိုတော့ ပိုက်ဆံပိုပေးရင် ပိုလုပ်နိုင်တယ်ဆိုပြီး ထင်တဲ့ပုံစံမျိုးနဲ့ တွေးပြီးတော့ အဲဒီလိုပုံစံမျိုးလည်း သက်ရောက်နိုင်တာပေါ့။ တကယ်တမ်းကျတော့ ရှိပြီးသား ၁၀၀၀ ကိုလည်းပဲ ထိထိရောက်ရောက် သုံးစွဲလို့ရှိရင် အကျိုးရှိပါတယ်” ဟု ဒေါက်တာမောင်သင်းက ပြောကြားသည်။

ဖေဖော်ဝါရီ ၇ ရက်က ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးကို တွေ့ရစဉ်

စီမံ/ဘဏ္ဍာက ဘာပြောလဲ

ပြည်ထောင်စုလွှတ်တော်ရန်ပုံငွေကို ကျပ်သိန်း ၁၀၀၀ မှ ကျပ်သိန်း ၂၀၀၀ သို့မဟုတ် အခြားပမာဏတစ်ခုသို့ တိုးမြှင့်သုံးစွဲခွင့်ပေးရန် အစီအစဉ် ရှိ မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း နှင့်ပတ်သက်၍ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနသည် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေ ဥပဒေအရ တိုင်းဒေသကြီး/ ပြည်နယ်များသို့ ထောက်ပံ့ရမည့် ဖွံ့ဖြိုးရေးရန်ပုံငွေများကို ပြည်ထောင်စုလွှတ်တော်ရုံးက အကြောင်းကြားလာသည့်အခါ မြို့နယ်တစ်မြို့နယ်အတွက် ကျပ်သိန်းတစ်ထောင်စီနှင့် မြို့နယ် ၃၃၀ အတွက် ကျပ် ၃၃ ဘီလျံကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှ စတင်၍ နှစ်စဉ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေတွင် ထည့်သွင်းလျာထားပေးလျက်ရှိကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက လွှတ်တော်၌ ပြန်လည်ဖြေကြားသည်။

ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေ ဥပဒေပုဒ်မ (၄) တွင် ပြည်ထောင်စုလွှတ်တော်ရုံးသည် ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဖွံ့ဖြိုးရေးရန်ပုံငွေကို နှစ်စဉ်လျာထား၍ ဗဟိုကော်မတီသို့ တင်ပြရမည်၊ ပုဒ်မ (၅) တွင် ဗဟိုကော်မတီသည် ပြည်ထောင်စုလွှတ်တော်ရုံးက နှစ်စဉ် အဆိုပြုသည့် ဖွံ့ဖြိုးရေးရန်ပုံငွေ လျာထားချက်ကို သက်ဆိုင်ရာ ဘဏ္ဍာနှစ်အလိုက် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ ဥပဒေကြမ်းတွင် ပြည်ထောင်စု၏ ထောက်ပံ့ငွေအဖြစ် ထည့်သွင်းခွင့်ပြုနိုင်ရေး ဘဏ္ဍာရေးကော်မရှင်နှင့် ညှိနှိုင်းဆောင်ရွက်ရမည်ဟု ပြဋ္ဌာန်းပါရှိကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။

ထို့ပြင် ပုဒ်မ (၇) တွင် ဖွံ့ဖြိုးရေး လုပ်ငန်းဗဟိုကော်မတီ၏ လုပ်ငန်းတာဝန်များကို သတ်မှတ်ထားရာ၌ ပုဒ်မခွဲ (ဃ) ၌ ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့်လုပ်ငန်းများနှင့် စပ်လျဉ်း၍ မူဝါဒချမှတ်ခြင်း၊ ပုဒ်မ (၇) (ခ) တွင် ဖွံ့ဖြိုးရေးရန်ပုံငွေကို နှစ်စဉ်လျာထားသတ်မှတ်၍ ပြည်ထောင်စုဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းတွင် ထည့်သွင်းရေးဆွဲနိုင်ရန် ဘဏ္ဍာရေးကော်မရှင်နှင့် ညှိနှိုင်းဆောင်ရွက်ခြင်း၊ ဖွံ့ဖြိုးရေး ရန်ပုံငွေကို မြို့နယ်အရွယ်အစားနှင့် ဖွံ့ဖြိုးမှုအလိုက် စိစစ်ခွင့်ပြုခြင်းဆိုသည့် အချက်များလည်း ပြဋ္ဌာန်းပါရှိကြောင်း ဒုတိယဝန်ကြီးက ရှင်းလင်း ပြောကြားသည်။

“အဆိုပါပြဋ္ဌာန်းချက်များအရ ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လုပ်ငန်းများနဲ့ စပ်လျဉ်းပြီးတော့ မူဝါဒချမှတ်မှုတွေ၊ ဖွံ့ဖြိုးရေး ရန်ပုံငွေကို နှစ်စဉ်လျာထားသတ်မှတ်၍ ပြည်ထောင်စုဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းမှာ ထည့်သွင်းရေးဆွဲနိုင်ဖို့ ဘဏ္ဍာရေးကော်မရှင်နဲ့ ညှိနှိုင်းဆောင်ရွက်မှုများကို ဗဟိုကော်မတီက ဆောင်ရွက်နိုင်တာကိုလည်းပဲ တွေ့ရရှိရပါတယ်။ သို့ဖြစ်ပါ၍ ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေကို ကျပ်သိန်း ၁၀၀၀ မှ ကျပ်သိန်း ၂၀၀၀ သို့မဟုတ် အခြားပမာဏတစ်ခုသို့ တိုးမြှင့်သုံး စွဲရန်ကိစ္စနှင့်စပ်လျဉ်းပြီး  ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေး ရန်ပုံငွေဥပဒေနှင့်အညီ ဆောင်ရွက်ရမည့် ကိစ္စဖြစ်ပါကြောင်း ရှင်းလင်း ဖြေကြားအပ်ပါတယ်” ဟု ဒုတိယဝန်ကြီးက ဆိုသည်။

ပြည်ထောင်စုလွှတ်တော် ဖွံ့ဖြိုးရေးဆိုင်ရာ ရန်ပုံငွေဥပဒေ၏ အခန်း (၄) တွင် ပြည်ထောင်စုလွှတ်တော် နာယကသည် ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် (သို့မဟုတ်) အမျိုးသားလွှတ်တော် ဥက္ကဋ္ဌသည် ဒုတိယဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌများ၊ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီဥက္ကဋ္ဌ၊ စီမံကိန်းများနှင့် ဘဏ္ဍာရေး ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းကော်မတီဥက္ကဋ္ဌတို့သည် အဖွဲ့ဝင်များ၊ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ အတွင်းရေးမှူးသည် အတွင်းရေးမှူး၊ စီမံကိန်းများနှင့် ဘဏ္ဍာရေး ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းကော်မတီအတွင်းရေးမှူးသည် တွဲဖက်အတွင်းရေးမှူး စသည့် ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းရမည်ဟု ပြဋ္ဌာန်းထားသည်။

 

ဥပဒေပြင်ဖို့ လိုပြီလား

ပြည်ထောင်စုလွှတ်တော် ဖွံ့ဖြိုးရေးရန်ပုံငွေနှင့်ပတ်သက်၍ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေ ဥပဒေတွင် ကျပ်သိန်း ၁၀၀၀ ဟု ပါရှိသည့်အတွက် တိုးတောင်း၍ မရနိုင်ပေ။ ရန်ပုံငွေကို ထပ်တိုးလိုချင်ပါက ဥပဒေကို ပြင်ဆင်ရမည်ဖြစ်ပြီး ဥပဒေမပြင်ပါက မည်သို့မျှလုပ်၍ မရကြောင်း ကျောက်ဖြူ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘရှိန်က ပြောကြားသည်။

ဖွံ့ဖြိုးရေးရန်ပုံငွေ ချပေးခြင်းသည် စီမံကိန်းအနေဖြင့် လုပ်ဆောင်ရန် ပေးခြင်းမဟုတ်ဘဲ စီမံကိန်းနှင့် ဆောင်ရွက်သည့် အလုပ်များတွင် အကျုံးမဝင်သော သာမန်အလုပ်များနှင့် ကျပ်သိန်း ၅၀ အောက် အလုပ်များကို မဖွံ့ဖြိုးသည့် ဒေသများတွင် ဆောင်ရွက်ရန် ပေးခြင်းဖြစ်ကြောင်း ဦးဘရှိန်က ဆိုသည်။

“မဖွံ့ဖြိုးတဲ့ဒေသတွေကို လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့က ဟိုနားရောက်တယ်၊ ဒီနားရောက်တဲ့အခါ ဒေသခံတွေနဲ့ တွေ့မယ်။ ဒေသခံတွေက လိုချင်တာတွေကို သိန်း ၅၀ အောက်၊ သိန်း ၅၀ အထက် မပိုတဲ့ဟာတွေကို လုပ်လို့ရအောင် အဲဒီလိုလုပ်တာ။ လွှတ်တော်ကိုယ်စားလှယ်တွေကို နောက်ထပ် ၁၀၀၀ ပေးမယ်။ အဲဒီလို လွှတ်တော်ကိုယ်စားလှယ်တွေကို စီမံခန့်ခွဲမယ့် အလုပ်တွေကို အပ်လို့ဘယ်ရမလဲ” ဟု  ဦးဘရှိန်က ပြောကြားသည်။

NLD အစိုးရလက်တွင် ပြည်ထောင်စုလွှတ်တော် ဖွံ့ဖြိုးရေးရန်ပုံငွေကို လေးကြိမ်အထိ ထုတ်ပေးခဲ့ပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် နောက်တစ်ကြိမ် ထပ်မံထုတ်ပေးရဦးမည် ဖြစ်သည်။

မြို့နယ်တစ်ခုအတွက် ဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ်သိန်းတစ်ထောင် ပေးလိုက်ပြီဆိုပါက လာမည့်အောက်တိုဘာ ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်(ဘတ်ဂျက်နှစ်) အတွင်း သုံးစွဲရမည်ဖြစ်ပြီး လမ်း၊ တံတားနှင့် သောက်သုံးရေ ရရှိရေးအတွက်သာ ပေးအပ်ခြင်းဖြစ်ကြောင်း ဦးဘရှိန်က ရှင်းလင်းပြောကြားသည်။

“ကျန်တဲ့အလုပ်တွေကတော့ ကျောင်းတစ်ကျောင်းအတွက် အိမ်သာလေးတစ်လုံး လုပ်ပေးချင်တယ်။ သိန်း ၅၀ လောက်ပဲ ရမယ်ဆိုလို့ရှိရင် ကျောင်းမှာ အစိုးရရဲ့စီမံကိန်းနဲ့ဆိုရင်လည်း ကြာမယ်။ အဲဒီမှာ ဖွံ့ဖြိုးရေးရန်ပုံငွေဗဟိုပေါ့။ ဗဟိုလုပ်ငန်းကော်မတီကို ခွင့်ပြုချက်တောင်းရတယ်။ ခွင့်ပြုချက်ပေးတယ်ဆိုလို့ ရှိရင် အဲဒါလုပ်လို့ရတယ်။ အခြားခေါင်းစဉ်နဲ့ဆို ခွင့်ပြုချက် တောင်းရတယ်” ဟု ၎င်းက ပြောကြားသည်။

 ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေသည် တစ်နှစ်တစ်ကြိမ်သာ ခွင့်ပြုထားခြင်းဖြစ်ပြီး ယင်းရန်ပုံငွေကို အသုံးပြု၍ လမ်းဖောက်လုပ်မည်ဆိုပါက မူလရှိသည့် အခြေအနေများကို မှတ်တမ်းယူ၍ မည်သည့် စက်ယန္တရားများကို အသုံးပြုမည်၊ လူအင်အားမည်မျှဖြင့် လုပ်ဆောင်မည်ဆိုသည်ကို ဓာတ်ပုံမှတ်တမ်းများ ထားရှိပြီး လုပ်ငန်းပြီးစီးချိန်တွင် အကောင်အထည်ဖော်သည့် ကျေးရွာများတွင် ဖွဲ့စည်းထားသည် လုပ်ငန်းကော်မတီမှ တာဝန်ရှိသူများက လက်မှတ်ရေးထိုး၍ ဓာတ်ပုံမှတ်တမ်းများနှင့် တင်ပေးရခြင်း ဖြစ်သည်။

“သွားကြည့်နိုင်တော့ သွားကြည့်ဖြစ်ကြတာပေါ့။ သွားမကြည့်နိုင်ရင်တော့ တစ်ခါတလေ ယုံကြည်မှုနဲ့ လုပ်လိုက်ရတယ်။ မှတ်တမ်းမှတ်ရာတွေ အကုန်လုံးပါလာတဲ့ဟာ။ အဲဒါဆိုလို့ရှိရင် လုပ်ငန်းက အကုန်လုံး ပြီးစီးပြီဆိုပြီးတော့ ဒီလုပ်ငန်း  ၅၀၊ ၅၀ ဟာ ဓာတ်ပုံမှတ်တမ်းတွေနဲ့ စာရွက်စာတမ်း မှတ်တမ်းတွေနဲ့ တင်ပြလာတဲ့အတွက်ကြောင့် ဒါကို ပြီးစီးပြီဖြစ်ကြောင်း တင်ပြအပ်ပါတယ်ဆိုပြီးတော့ အစီရင်ခံရတယ်။ သက်ဆိုင်ရာ ဘတ်ဂျက်နှစ်စာရင်း ပိတ်တဲ့အခါ” ဟု ဦးဘရှိန်က ပြောကြားသည်။

အဆိုပါရန်ပုံငွေကို ပထမအကြိမ် လွှတ်တော်သက်တမ်းတွင် ပြည်ထောင်စုလွှတ်တော် နာယကအဖြစ် တာဝန်ယူခဲ့သည် သူရဦးရွှေမန်းက လုပ်ဆောင်ပေးခဲ့ခြင်းဖြစ်ပြီး ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေသည် တိုးတောင်း၍ရသည့် ရန်ပုံငွေမျိုးမဟုတ်ပေ။ ပြည်ထောင်စုလွှတ်တော် ဖွံ့ဖြိုးရေးရန်ပုံငွေသည် ဥပဒေပြဋ္ဌာန်း၍ ပေးထားခြင်းဖြစ်သည့်အတွက် သိန်းနှစ်ထောင်လိုချင်ပါက ယင်းဥပဒေ၏ ပုဒ်မကို သိန်း ၂၀၀၀ အဖြစ် ပြင်ဆင်၍ လွှတ်တော်သို့ တင်ပြရမည်ဟု ဦးဘရှိန်က ပြောကြားသည်။

ထိုသို့သောအခြေအနေတွင် စီမံကိန်းများတွင် မပါဝင်သည့် ဒေသအကျိုးပြု ဖွံ့ဖြိုးရေးရန်ပုံငွေကို ထပ်မံတိုးမြှင့်ရန်ဆိုသည်မှာ ဥပဒေ ပြင်ဆင်ပြီးမှသာ ဖြစ်နိုင်ဖွယ်အနေအထားတွင် ရှိနေသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ဒေါက်တာလှမိုးက “ ဥပဒေကို ပြင်ဖို့ လိုရင်တော့ ပြင်မှာပေါ့။ ပြင်စရာ မလိုဘူးဆိုရင် မပြင်ဘူးပေါ့။ ပြင်စရာမလိုဘဲနဲ့ ဒီအတိုင်းပေးလို့ရရင် ဒီအတိုင်းပဲ သွားမှာပေါ့” ဟု ပြောကြားသည်။

Most Read

Most Recent