“ရေနစ်နေတဲ့အချိန်မှာ ကျူရိုးလေးတစ်ချောင်းကလည်း အသက်ရှင်ဖို့ မျှော်လင့်ချက်လေး တစ်ခုဖြစ်သလိုပေါ့။ ကျွန်တော်တို့အလှူက အများကြီး မဟုတ်ပေမဲ့ မိသားစု တစ်စုအတွက် တစ်နပ်စာလောက် အဆင်ပြေသွားမယ်ဆိုရင်ပဲ ကျေနပ်ပါတယ်” လို့ ကိုသားချောက ဆိုပါတယ်။
ကိုသားချောက ငွေကြေးမပြေလည်ကြတဲ့ သက်ကြီးရွယ်အို အဘိုး၊ အဘွားတွေရဲ့ နံဘေးမှာထိုင်ပြီး ပုံတူပန်းချီ၊ ရုပ်ပြောင်ပန်းချီတွေ ရေး ဆွဲပေးတဲ့သူဖြစ်ပါတယ်။ သူ့ဆီ ပန်းချီလာဆွဲတဲ့သူတွေဆီက အဖိုးအခ မယူဘဲ မရှိဆင်းရဲသား သက်ကြီးရွယ်အိုအဘိုး၊ အဘွားတွေကိုသာ စေတနာရှိသလောက် လှူဒါန်းဖို့ ပြောပါတယ်။ အစပိုင်းမှာ သူနဲ့ သူ့ သူငယ်ချင်းတစ်ဦးသာ ဒီလိုပန်းချီဆွဲပြီး လှူဒါန်းနေရာမှ နောက်ပိုင်းမှာ ၀ါသနာတူ လူငယ်များ ပူးပေါင်းပါဝင်လာခဲ့ကြတယ်။
လွန်ခဲ့တဲ့ ခြောက်နှစ်ဝန်းကျင်က ကိုသားချောဟာ ပန်းချီနဲ့သီချင်းကို ၀ါသနာပါတာကြောင့် သူ့အိပ်မက်တွေ အကောင်အထည်ဖော်ဖို့ တောင်ကြီးကနေ ရန်ကုန်မြို့ကို ပြောင်းရွှေ့လာခဲ့ပါတယ်။ အစပိုင်းမှာ ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုမှာ အလုပ်ကြမ်းသမားအဖြစ် လုပ်ကိုင်ခဲ့ရပြီး သူဝါသနာပါတဲ့ ပန်းချီနဲ့ သီချင်းတွေကို အွန်လိုင်းကနေ လေ့လာခဲ့တယ်လို့ ဆိုပါတယ်။
စားဝတ်နေရေးအတွက် အလုပ်ကြမ်း လုပ်နေရတာကြောင့် ပန်းချီဆွဲလေ့ကျင့်ဖို့ အချိန်မရှိခဲ့ပါဘူး။ အားတဲ့အချိန် ပန်းချီဆွဲဖို့ စာရွက်ကိုင်လိုက်ရင်တောင် အလုပ် လုပ်ထားတဲ့၊ စွန်းထင်းနေတဲ့လက် အပေတွေကြောင့် စာရွက်အဖြူကို စွန်းကုန်တယ်လို့ ခံစားခဲ့တယ်လို့ ဆိုပါတယ်။
“ဆောက်လုပ်ရေးမှာ အလုပ်လုပ်နေတဲ့ အချိန်တုန်းကဆိုရင် ကျွန်တော်ပန်းချီကို ၀ါသနာပါပေမဲ့ ကျွန်တော့်အတွက် ဘယ်လိုမှ အဆက်အစပ်မရှိဘူး။ ကျွန်တော်လုပ်ရတဲ့ အလုပ်က အလုပ်ကြမ်းလေ။ ကိုယ်အားနေတဲ့အချိန်မှာ ခဲတံလေးကိုင် စာရွက်လေးကိုင်ပြီး ပုံဆွဲမယ်ဆိုရင်တောင် အဲဒီစာရွက်က ညစ်ညစ်ပတ်ပတ် ဖြစ်သွားသလိုပဲ” လို့ ကိုသားချောက သူ့ရဲ့အတိတ်ကို ပြန်ပြောင်းပြောဆိုပါတယ်။
ကိုသားချောအနေနဲ့ ဆောက်လုပ်ရေး လုပ်ငန်းမှာ ငါးနှစ်လောက် အလုပ်လုပ်ပြီးနောက် အလုပ်က ထွက်ခဲ့တယ်။ နောက်တော့ သူဝါသနာပါတဲ့ သီချင်းနဲ့ ပန်းချီပညာကို သေချာလေ့ကျင့်နိုင်ခဲ့တဲ့အတွက် တိုးတက်မှုတွေရှိလာတယ်။
ရန်ကုန်မြို့ လမ်းမတွေပေါ်မှာ ကိုသားချော သွားရင်းလာရင်း မရှိဆင်းရဲသား အဘိုး၊ အဘွားတွေကို တတ်နိုင်တဲ့ဘက်က လှူဒါန်းချင်တဲ့ စိတ်ကူးပေါ်လာတယ်။ ဒီစိတ်ကူးကို အကောင်အထည်ဖော်ဖြစ်တာက ၂၀၁၉ ခုနှစ် ဒီဇင်ဘာမှာ ဖြစ်တယ်။
“ကျွန်တော်က ဒီအတိုင်းနေလည်း ပုံတွေဆွဲဖြစ်နေတာပဲ။ ပုံကလည်း အမြဲဆွဲချင်တဲ့စိတ် ဖြစ်နေတာပဲလေ။ ပြီးတော့ သွားရင်းလာရင်းနဲ့ အသက်ကြီးတဲ့ အဘိုးအဘွားတွေကို တွေ့တဲ့အခါ ကျွန်တော် ဘာလုပ်ပေးနိုင်မလဲလို့ တွေးမိတယ်။ ကိုယ့်ပိုက်ဆံနဲ့ ကိုယ်သွားလှူဖို့ကလည်း ကျွန်တော်လှူရင် တစ်ထောင်ထက် ပိုပြီး မတတ်နိုင်ဘူးလေ။ ဒီတော့ ကျွန်တော်တတ်နိုင်တာလေး လုပ်ချင်တဲ့အတွက် ကျွန်တော်ကပုံတွေ ဆွဲမယ်။ ဘယ်လောက်ဆိုပြီး စျေး မသတ်မှတ်ဘူး။ သဒ္ဓါသလောက် ဒီအဘိုးကို လှူပေးပါပေါ့” လို့ ဆိုပါတယ်။
လမ်းမတွေပေါ်ထွက်ပြီး ပုံတွေမဆွဲခင် အွန်လိုင်းမှာ ပုံကြမ်း၊ ပုံတူလိုချင်တဲ့သူတွေကို အခမဲ့ဆွဲပေးပါမယ်လို့ ကြော်ငြာခဲ့ရတယ်။ အခမဲ့ဆိုတော့ သူ့ဆီမှာ လူအများအပြား သူတို့ပုံတွေလာအပ်ကြတယ်။
သူဆွဲပေးခဲ့တဲ့ ပုံတွေကို လူတွေ ကြိုက်၊ မကြိုက်၊ သဘောကျ၊ မကျနားစွင့်နေခဲ့တယ်။ နောက်ဆုံးမှာတော့ လမ်းပေါ်ထွက် ပုံဆွဲဖို့အဆင်သင့်ဖြစ်ပြီလို့ ယူဆတဲ့အတွက် အပြင်ထွက်အလှူခံဖို့ စတင်ခဲ့တယ်။ ဒါပေမဲ့ လက်တွေ့ရေးဆွဲတဲ့အခါမှာတော့ အခက်အခဲ အနည်းငယ် ကြုံခဲ့ရပါတယ်။
“စလုပ်တော့ တော်တော် ခက်ခဲတယ်။ ပထမဆုံးက ကျွန်တော်နဲ့ တခြားကူညီပေးတဲ့ သူငယ်ချင်းတစ် ယောက်နဲ့ပေါ့။ ပြီးတော့ လူတွေက ပုံကိုသူတို့နဲ့ အတတ်နိုင်ဆုံးတူချင်တယ်။ ကျွန်တော်တို့က လမ်းဘေးမှာလည်း ထိုင်ဆွဲတာဖြစ်နေတော့ သူတို့အနေနဲ့ အကြာကြီးလည်း မစောင့်ချင်ဘူး။ လူတစ်ယောက်က အချိန်အကြာဆုံးစောင့်နိုင်ရင် မိနစ်နှစ်ဆယ်ပေါ့။ အဲဒီတော့ သူတို့က လောကြတယ်။ ကြိုဆိုကြတဲ့သူတွေလည်း အများကြီးရှိပါတယ်။ ပထမ ဦးဆုံး စဆွဲတုန်းကတော့ လူတွေကလည်း အုံကြည့်နေတော့ လက်တွေတုန်ပြီး စစချင်းပုံတွေက သိပ်အဆင် မပြေဘူး။ ကျွန်တော်လည်း အခုမှ စလုပ်တာမို့ပါဆိုပြီး ပွင့်ပွင့်လင်းလင်းပြောပြပြီး တောင်းပန်ရတယ်” လို့ ကိုသားချောက ပြောပြပါတယ်။
ကိုသားချောရဲ့ ပထမဆုံး အလှူကတော့ စည်ပင်ရုံးနားက ပေါင်ချိန်စက်တစ်လုံးနဲ့ အလုပ်လုပ်နေတဲ့ အဘိုးရဲ့နံဘေးမှာ ပုံဆွဲပြီး အလှူခံခဲ့တယ်။ သုံးရက်အတွင်း ပုံဆွဲပြီးရတဲ့ အလှူငွေ ခြောက်သောင်းကျော်ကို အဘိုးကို လှူပေးနိုင်ခဲ့ပါတယ်။
ပိုက်ဆံမရှိလို့ နားကိုက်နေတာတောင် ဆေးခန်းမပြနိုင်တဲ့ အဘိုးဟာ ကိုသားချော လှူဒါန်းတဲ့ ငွေ ခြောက်သောင်းကြောင့် ဆေးခန်းသွားပြီး ပြဖြစ်ခဲ့တယ်။ အဘိုးရဲ့နား ကိုက်တာသက်သာတဲ့အကြောင်း ကိုသားချောကြားရတော့ ဝမ်းသာပြီး နောက်ထပ်ဆက်လုပ်ဖို့လည်း အင်အားတစ်ခုဖြစ်လာတယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ သူကိုယ်တိုင်ကလည်း အလုပ်တစ်ဖက်နဲ့ အချိန်မအားတာကြောင့် အဘိုးကိုလှူပြီးနောက်ပိုင်း အပြင်ကို ပုံထွက်မဆွဲဖြစ်တော့ပါဘူး။ ဒီလိုအချိန်မှာ လူမှုကွန်ရက်ကနေ သားကလေဖြတ်နေပြီး မိ သားစုများကာ အဆင်မပြေတဲ့ အဘွားအိုတစ်ယောက်အကြောင်းကို တွေ့ခဲ့ပါတယ်။ ကိုသားချောကိုယ်တိုင်ကလည်း အဘွားမရှိတော့ပေမဲ့ အဘွားကို အရမ်းချစ်တာကြောင့် ကိုယ့်အဘွားသာဆိုရင် အတွေးနဲ့ လှူချင်စိတ်ဖြစ်မိခဲ့တယ်။ အဘွားဆီ ကိုယ်တိုင်သွားရောက်ပြီး ပုံဆွဲအလှူခံဖို့ အချိန်အဆင်မပြေတာမို့ အွန်လိုင်းပေါ်ကနေပဲ ပုံတူဆွဲပြီး အဘွားအတွက် အလှူခံခဲ့ပါတယ်။ ဒုတိယအကြိမ်အဖြစ် အဘွားကိုလှူပေးနိုင်ဖို့ သူ့အလုပ်တွေပြီးတဲ့ညပိုင်းမှာ ပုံတွေဆွဲခဲ့ရတယ်။ တချို့ပုံတွေဆိုရင် သူကိုယ်တိုင် ဘောင်သွားအပ်ပြီး ပုံကို ပုံအပ်သူတွေထံ ကိုယ်တိုင်သွားရောက်ပေးခဲ့ရပါတယ်။
“ကျွန်တော် အွန်လိုင်းကနေ လာအပ်တဲ့ပုံတွေကို ညဘက် ကျွန်တော်အားတဲ့အချိန်တွေမှာ ဆွဲပေးတယ်။ စျေးနှုန်းသတ်မှတ်ထားတာ မဟုတ်တော့ ပုံတွေဘယ်လောက် အထိဆွဲပြီးရင် ဘယ်လောက်ရမယ်လို့တော့ ပုံသေသတ်မှတ်လို့ မရဘူး။ တစ်လကျော်လောက်အထိတော့ ပိုက်ဆံစုလိုက်ရတယ်။ တစ်သိန်းသုံးသောင်းလောက်ရတယ်။ အဘွားကို ကိုးသောင်းလောက် လှူဖြစ်တယ်။ ကျန်တဲ့လေးသောင်းက ဆွာမြို့က ဘိုးဘွားရိပ်သာကို လှူပေးခဲ့တယ်” လို့ ပြောပါတယ်။
အခုအချိန်မှာတော့ ကိုသား ချောနဲ့အတူ ၀ါသနာတူ သူငယ်ချင်း ခြောက်ဦးအထိ ရှိနေပါပြီ။ သူတို့အတူ မြေနီကုန်းဘက်မှာ ပုံတူဆွဲပြီး အလှူငွေတွေ ကောက်ခံခဲ့ပါတယ်။ နောက်ထပ် အားတဲ့အချိန်တွေမှာလည်း သူငယ်ချင်းတွေစုကာ ပုံထွက်ဆွဲပြီး အလှူခံသွားမယ်လို့ ပြောပြပါတယ်။
အွန်လိုင်းကနေလည်း ပုံတူတွေ လက်ခံဆွဲပေးနေပြီး တချို့လူ ငယ်ပန်းချီဆရာတွေ ဆိုရင်လည်း သူတို့ရဲ့ အနုပညာကြေးထဲကနေ လာရောက်လှူဒါန်းတယ်လို့ ဆိုပါတယ်။
ပုံတူတွေကို စျေးနှုန်းမသတ် မှတ်ထားဘဲ စေတနာရှိသလောက် လှူဒါန်းနိုင်ပါတယ်။ စျေးနှုန်းတစ်ခု သတ်မှတ်လိုက်တဲ့အခါ ကိုယ့်ရဲ့ ပုံတူပန်းချီရဖို့ စျေးမတတ်နိုင်တာတွေ ရှိလာမှာစိုးလို့ စျေးနှုန်းမသတ်မှတ်တာလို့ သိရပါတယ်။ ပုံတူတွေကို အနည်းဆုံး ၁၀၀၀ ကျပ်ကစလို့ ငါးသောင်းလောက်အထိ လှူဒါန်းကြတဲ့သူတွေရှိပါတယ်လို့ သိရပါတယ်။
လူတိုင်းမှာ ပုံတူပန်းချီဖြစ်ဖြစ်၊ ရုပ်ပြောင်ပန်းချီဖြစ်ဖြစ် ပိုင်ဆိုင်သင့်တယ်လို့ ကိုသားချောက သူ့အထင်ကို ပြောပြခဲ့ပါတယ်။
ဒီလို အပြင်ထွက်ပန်းချီရေးဆွဲ အလှူခံတဲ့အချိန်မှာ လူတော်တော်များများက ပန်းချီကို စိတ်ဝင်တစား ရှိကြတာကို မြင်တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ လူတွေဟာ သူတို့ရဲ့ ပုံတူပန်းချီ၊ ရုပ်ပြောင်ပန်းချီတွေကို တွေ့ရတဲ့အခါ ဝမ်းသာကြကြောင်း နဲ့ တန်ဖိုးထားကြတာကိုလည်း တွေ့ရတယ်လို့ ဆိုပါတယ်။
ကိုသားချောက အခုအခါမှာတော့ အစပိုင်းလို ရှက်တာတွေ လန့်တာတွေ မရှိတော့ပါဘူး။ အခုဆိုရင် ပုံကြမ်းဆွဲတာအပြင် ကယ်ရီကေး ချားဆွဲတာတွေကိုလည်း သင်လာနိုင်တယ်လို့ ဆိုပါတယ်။
သူ့မှာ အလုပ်တစ်ဖက်ရှိနေတာကြောင့် အမြဲတမ်း လုပ်ဖြစ်မှာ မဟုတ်ပေမဲ့ အားတဲ့အချိန်တွေမှာ တတ်နိုင်သလောက် ဒီလိုအလှူကို လုပ်သွားမယ်လို့ ကိုသားချောကဆိုပါတယ်။ အွန်လိုင်းကနေ ပုံတွေဆွဲပြီး အလှူခံဖြစ်မယ်လို့လည်း ဆိုပါတယ်။ ဒီလိုအလှူကို အကြောင်း ပြပြီး ကိုယ်ကျိုးစီးပွားရှာနေတယ်လို့ အများကထင်မြင်မှာ စိုးရိမ်နေသလားလို့ မေးကြည့်တဲ့အခါ ကိုယ့် ပညာနဲ့ကိုယ် ရပ်တည်တာမို့ ဘယ်တော့မှ ဒီလိုကိစ္စမျိုးကို မစိုးရိမ်ဘူးလို့ ကိုသားချောက ပြတ်သားစွာ ပြောပါတယ်။










