နှစ်စဉ် ဖေဖော်ဝါရီ ၁၄ ရက်တိုင်း၌ ဖြစ်သည်။ ကျွန်တော်တို့ပတ်ဝန်းကျင်တစ်ဝိုက်၊ ပြီးတော့ အွန်လိုင်းစာမျက်နှာတစ်ခုလုံး ညိုမှောင်သွားခဲ့၏။ ချောကလက်အရောင်များ လွှမ်းခြုံရစ်သိုင်းသွားခြင်းကြောင့် ဖြစ်လေသည်။ လူငယ်လူရွယ်များ၏ ချစ်မှုရေးရာနယ်ပယ်၌ ချောကလက်ကျွေးခြင်းအမှုသည် ကင်ဆာရောဂါတစ်ခုသဖွယ် ဗိုင်းရပ်စ်ပိုးများ ပျံ့နှံ့၍ ခိုင်မာစွာ အမြစ်တွယ်နေပြီဖြစ်သည်။ ချောကလက်လက်ဆောင်ပေးခြင်းသည် ချစ်သူများနေ့၏ ပြယုဂ်တစ်ခုဟုပင်ဆိုနေကြ၏။ ချစ်သူများနေ့အကြောင်းကို လူငယ်တိုင်း၏ နှုတ်ဖျားမှ ကြားနေရ၏။ မြန်မာလူငယ်လူရွယ်များကြား၌ သည်နေ့ဟာ အလွန်ပင် ရေပန်းစားနေလေသည်။ ချစ်သူများနေ့၌ အကျႌဆင်တူဝတ်၍ လည်ပတ်ကြသည်။ ထိုနေ့တွင် လူသူကင်းမဲ့ဇုန်တချို့၌ အရောင်တူလိပ်ပြာများ ပျာပန်းခတ်မျှ ဝဲပျံနေတတ်ကြ၏။
ချောကလက်ကို Cacao (Theobroma cacao) ဆိုသောသစ်ပင်၏ အစေ့ကနေ ရရှိပါသည်။ Theobroma ဆိုတာ ဂရိစကားလုံးဖြစ်ပြီး “ဘုရားသခင်၏စားစရာ” ဟု အဓိပ္ပာယ်ရကြောင်း ဆိုပါသည်။ သည်သစ်ပင်များ၏ ကနဦးအစကတော့ အမေရိကတိုက်၏ Mesoamerica region ကပါတဲ့။ သည်ဒေသများမှာ cacao စားသုံးမှုဟာ အနည်းဆုံး နှစ်ပေါင်း ၃၀၀၀ ကျော်ရှိပြီဟု ယုံကြည်ရပြီး အစောဆုံး သက်သေအထောက်အထားအနေဖြင့် cacao ကို ဖျော်ရည်အဖြစ် သောက်သုံးမှုအား ဘီစီ ၁၉၀၀ မှာ တွေ့ရှိထားသည်ဟု ဆိုပါသည်။ သည်ဒေသက Maya လူမျိုးများဟာ cacao ကို ဘုရားဝတ်ပြုပွဲ၊ မင်္ဂလာပွဲ စသည့် ပွဲလမ်းသဘင်များမှာ အထွတ်အမြတ်စားစရာအဖြစ် စားသောက်ကြသည်။ Aztecs လူမျိုးများကတော့ သူတို့ နေရာမှာ cacao မဖြစ်ထွန်းသည့်အတွက် ဇိမ်ခံပစ္စည်းအဖြစ် တင်သွင်းစားသုံးကြပါသည်တဲ့။ cacao အစေ့ကို ငွေကြေးအဖြစ် သုံးစွဲမှုတောင်ရှိသည်ဟု ဆိုပါသည်။ သူတို့ဟာ cacao ဖျော်ရည် xocolatl ကို တီထွင်ခဲ့ သူများဖြစ်ပါသည်။ သည် xocolatl ဖျော်ရည်လေးကတော့ chocolate ဆိုသည့် ကမ္ဘာကျော် အစားအစာအမည်လေး၏အစဟု ယုံကြည်ကြပါသည်။ အမေရိကတိုက်ကို တွေ့ရှိခဲ့သော ကိုလံဘတ်ဟာ cacao ကို စပိန်နိုင်ငံသို့ သယ်ဆောင်လာခဲ့ပြီးနောက်မှာတော့ ချောကလက်ဟာ ဥရောပမှာ နာမည်ကျော်ကြားလာခဲ့လေသည်။ စပိန်လူမျိုးများက အရသာရှိအောင် သကြား၊ ဗနီလာ အစရှိသည့် အရာများကိုရောပြီး ချိုအောင်ပြုလုပ်ခဲ့ကြသည်။ သည်လိုနှင့် ချောကလက်ဟာ ဥရောပနိုင်ငံများမှာ ကျော်ကြားလာပြီး အဲဒီကနေ ကမ္ဘာအနှံ့ကို ပျံ့ခဲ့လေ၏။ ဥရောပ စက်မှုတော်လှန်ရေး၏ နောက်မှာတော့ ခေတ်ပေါ်နည်းပညာ ထွန်းကားမှုနှင့်အတူ အရသာပိုမိုကောင်းမွန်သည့် ချောကလက်များ ပေါ်ထွက်လာခဲ့၏။ ပိုမိုလူကြိုက်များလာသော ချောကလက်ကို စားသုံးသည့်ပမာဏဟာ ကမ္ဘာမှာ တစ်နှစ်ကို တန်ချိန်ပေါင်း ခြောက်မီလျံရှိသည်ဟု ဆိုပါသည်။
ချောကလက်စားခြင်းဟာ လူ၏စိတ်ကို ကျေနပ်စေသည်။ ကောင်းမွန်သော စိတ်ခံစားမှုများရစေသည်။ ချစ်စိတ်ကို ဖြစ်ပေါ်စေသည်ဟုလည်း ဆိုကြသည်။ ချောကလက်၏သမိုင်း ဤမျှရှည်လျားခဲ့တာနှင့်အမျှ ချောကလက်ဟာ ကမ္ဘာကျော် ပွဲလမ်းသဘင်များ၏ မပါမဖြစ် အထိမ်းအမှတ် အစားအစာဖြစ် လာခဲ့လေသည်။ အီစတာပွဲတော်မှာ Easter Egg နှင့် Easter Bunny ချောကလက်ဟာ မပါမဖြစ်သလို ခရစ်စမတ်မှာ စင်တာကလော့ပုံ ချောကလက်များဟာလည်း လူကြိုက်များသည့် ပွဲတော်အထိမ်းအမှတ် ဖြစ်လာသည်။ ချောကလက်ဟာ ချစ်စိတ်ကိုဖြစ်စေသည်ဟု ယူဆသည့်အတွက် Valentine Day မှာ အသည်းပုံပါသော ချောကလက် သို့မဟုတ် အသည်းပုံဘူးထဲမှာ ထည့်ထားသော ချောကလက်ကို ပန်းစည်းနှင့်အတူ ပေးကြပါသည်။ ဒါဟာ ကမ္ဘာအနှ့ံက ချစ်သူများ၏ Valentine Day မှာ မဖြစ်မနေပေးကြသည့် မျှော်လင့်စောင့်စားကြသည့် ချောကလက်၏ ရာဇဝင်ပင်ဖြစ်၏။
တစ်ဦးနှင့်တစ်ဦး လက်ဆောင်ပေးခြင်းသည် မင်္ဂလာရှိသော အပြုအမူပင်ဖြစ်၏။ သို့သော် ချောကလက်လက်ဆောင်သည်ကား ထိုသို့မဟုတ်။ ချောကလက် လက်ဆောင်ပေးခြင်း၏နောက်ကွယ်၌ အကြောင်းတရား အကျိုးတရားများစွာ ကပ်ငြိနေလေသည်။ ချောကလက်အား ချစ်သက်လက်ဆောင်ဟူ၍ပင် ဆိုကြလေ၏။ ချစ်သူနှစ်ဦးကြား ဇနီးမောင်နှံကြား ချောကလက် လက်ဆောင်ပေးခြင်းဖြင့် အချစ်များတိုးပွားပြီး သံယောဇဉ် ပိုမိုခိုင်မြဲလာနိုင်သည်ဟုလည်း ဆိုကြပါသည်။ ရည်ရွယ်ချက် ကောင်းမွန်စွာဖြင့် ချောကလက် လက်ဆောင်ပေးခြင်းအား အပြစ်ဆိုစရာမရှိပါ။ သို့သော် ထိုသို့လက် ဆောင်ပေးခြင်းမျိုးကား ရာခိုင်နှုန်းအလွန်နည်းပါး၏။
သည်စာစုသည် ချောကလက်စားသုံးခြင်းအား ပြစ်တင်ရှုတ်ချလိုခြင်းမဟုတ်ပါ။ သက်မဲ့ပစ္စည်း ချောကလက်အား ရမယ်ရှာ အပြစ်ဖွဲ့လိုခြင်းလည်းမဟုတ်ပါ။ ချောကလက် လက်ဆောင်ပေးခြင်းနှင့်အတူ ကပ်ငြိပါလာတတ်သော ညစ်နွမ်းသည့် ချစ်ခြင်းတရားများအား ထိန်းသိမ်းစေလိုသော ရည်ရွယ်ချက်ပင်ဖြစ်ပါသည်။ ဖေဖော်ဝါရီ ၁၄ ရက် ချစ်သူများနေ့၌ ချစ်ကြသူနှစ်ဦး ဆင်တူဝတ်စုံဝတ်ဆင်ကြသည်။ ချောကလက် လက်ဆောင်ပေးကြသည်။ ထို့နောက် ပန်းခြံစသည့် လူသူကင်းမဲ့ဇုန်များသို့ နယ်ကျွံကြသည်။ ဤသည်မှစ၍ နောက်ဆက်တွဲ လူမှုပြဿနာများ ဖြစ်ထွန်းလာကြတော့၏။ ခေတ်ရေစီးကြောင်းအား တားဆီး၍မရ စကောင်းသည်မှာ မှန်ပါသည်။ သို့သော် တိုးတက်လာသော လူ့ယဉ်ကျေးမှုများ ဘက်ပြန်၍ ကမ္ဘာဦးကျောက်ခေတ်ဆီ ပြန်ရောက်မသွားရအောင်မူ ထိန်းသိမ်းကြရပေမည်။
ယခုဆိုလျှင် ချောကလက် ယဉ်ကျေးမှုအား လူအများကြား၌ ပေါ့ပေါ့ပါးပါးပင် ကျင့်သုံးလာကြ၏။ ချောကလက် လက်ဆောင်ပေးခြင်းနှင့်ပတ်သက်၍ စနောက်ကြသည်။ အလေးထားစရာ သတိပြုစရာကိစ္စတစ်ခုအဖြစ် မမြင်ကြတော့ပေ။ အထူးသဖြင့် ကျောင်းသားလူငယ်လေးများကြား၌ ချောကလက်ယဉ်ကျေးမှု စိမ့်ဝင်လာခြင်းမှာ လက္ခဏာကောင်းတစ်ရပ်တော့ မဟုတ်ပေ။ ကျောင်းသားတစ်ဦးက ကျောင်းသူတစ်ဦးကို ချောကလက် လက်ဆောင်ပေးနိုင်လျှင် ကြွားဝါစရာတစ်ခုအဖြစ် ယူဆလာကြသည်။ ထို့အတူ ကျောင်းသူတစ်ဦးကလည်း ကျောင်းသားတစ်ယောက်ထံမှ ချောကလက်လက်ဆောင်အပေးခံရခြင်းသည် ဂုဏ်ယူစရာအဖြစ် မြင်လာနေကြ၏။ စိုးရိမ်စရာ အကောင်းဆုံးမှာ အလယ်တန်းအဆင့် ကျောင်းသား ကျောင်းသူများကြားသို့ပင် ချောကလက်ယဉ်ကျေးမှု စိမ့်ဝင်လာခြင်းဖြစ်၏။
ဖိုနှင့်မ ယှဉ်တွဲနေထိုင်သောသည် ကမ္ဘာကြီး၌ ချစ်ခြင်းတရားအား တားဆီး၍ မရစကောင်းပါ။ ထို့အတူ ချစ်ခြင်းတရား၏ သက်သေသာဓကဖြစ်သော ချစ်သက်လက်ဆောင်ပေးခြင်းအားလည်း တားဆီး၍မဖြစ်နိုင်ပါ။ သို့သော် တစ်စုံတစ်ရာသော မှောင်မှိုက်မှုများ လွှမ်းခြုံနေသည့် ချောကလက်လက်ဆောင်ပေးခြင်းကိုတော့ တားဆီးသင့်ပေသည်။ မြန်မာ့ယဉ်ကျေးမှု စစ်စစ်မဟုတ်သော ဗယ်လင်တိုင်းယဉ်ကျေးမှုအားလည်း သတိပြုဆင်နွှဲသင့်၏။ လူငယ်လူရွယ်များ၏အကြား စိမ့်ဝင်အမြစ်တွယ်နေသော ချောကလက်ကင်ဆာအား အချိန်မီကုသဖို့ လိုအပ်နေပါသည်။ ချောကလက်ဗိုင်းရပ်စ်များ ကူးစက်ခြင်းအန္တရာယ်မှ ကင်းဝေးအောင် ကြိုတင်ကာကွယ်ထားဖို့ လိုနေပါပြီ။ အနာဂတ်၏ သားပျိုသမီးပျိုများဖြစ်သော လူငယ်လူရွယ်များအားလုံး ချစ်ချင်းတရားအား မှန်ကန်စွာဖြူစင်စွာ စားသုံးကြစေဖို့ သတိပေးချင်ပါသည်။ ဖေဖော်ဝါရီ ၁၄ ရက်မှာ အပျော်လွန်ကြမည့် သားငယ်၊ သမီးငယ်များအတွက် ကဗျာလေးတစ်ပုဒ်နှင့် သတိပေးလိုက်ချင်ပါသည်။
ဖေဖော်ဝါရီ ၁၄ သို့
ဒီနေ့လေး တစ်နေ့တည်းကွက်ပြီး
အချစ်ကြောင့် ကမ္ဘာကြီးနုပျိုတာ
ဘယ်သူ ငြင်းမလဲတဲ့
မငြင်းဘူး မငြင်းပါဘူး
အချစ်ကြောင့် ဘဝကြီးနူးပြီး
ပြိုကျမသွားဖို့ပဲ သတိပေးချင်တာ။ ။










