ဒေါ့မွန်အသင်း၏ ကြယ်ပွင့်ကစားသမားတစ်ဦးဖြစ်သည့် ဆန်ချိုသည် လာမည့်နွေရာသီတွင် အသင်းမှထွက်ခွာရန် စီစဉ်နေပြီဖြစ်ပြီး ၎င်းအား မန်ယူအသင်းက ယူရိုသန်း(၁၅၀) အထိပေးကာ ခေါ်ယူရန် စိတ်ဝင်စားနေကြကြောင်း Sky Germany က ဖော်ပြခဲ့သည်။

နာမည်ကျော်ကစားသမားများကို ထိုက်တန်သည့် ပြောင်းရွှေ့ကြေးများဖြင့် ရောင်းထုတ်လေ့ရှိသည့် ဒေါ့မွန်အသင်းသည် အသက်(၁၉)နှစ်သာရှိသေးသည့် ဆန်ချိုကိုလည်း ရောင်းထုတ်ရန် စိတ်ဝင်စားနေပြီး ထိုက်တန်သည့် ပြောင်းရွှေ့ကြေးကို အလိုရှိနေသည်။
ဆန်ချိုအား ယာဂန်ကလော့ပ်၏ လီဗာပူးလ်အသင်းကလည်း ခေါ်ယူရန် ဆန္ဒရှိနေပြီး လီဗာပူးလ်အသင်းကမူ ယူရိုသန်း (၁၀၀) ဝန်းကျင်သာ အသုံးပြုလိုသည်။

ဒေါ့မွန်အသင်းက ဆန်ချိုအတွက် အလိုရှိနေသည့် ယူရိုသန်း(၁၅၀)ဝန်းကျင် ပမာဏကိုမူ မန်ယူအသင်းကသာပေးနိုင်ရာ ကစားသမားက လီဗာပူးလ်ကို ပိုစိတ်ဝင်စားသည့်တိုင် မန်ယူက အားသာနေသည်ဟု Sky Germany က ဖော်ပြခဲ့သည်။
မန်ယူအသင်းသည် လက်စတာအသင်း၏ ကွင်းလယ်လူ ဂျိမ်းစ်မတ်ဒီဆန်ကိုလည်း စိတ်ဝင်စားနေပြီး လက်စတာအသင်းက မတ်ဒီဆန်အတွက် ပြောင်းရွှေ့ကြေးကို ယူရိုသန်း (၈၀) နှင့် (၉၀) ဝန်းကျင်အထိ အလိုရှိနေရာ မန်ယူအသင်းက ဆန်ချိုကိုသာ ပိုမိုအာရုံစိုက်လိုခြင်းလည်းဖြစ်သည်။

ဆန်ချိုသည် ပရီးမီးယားလိဂ်ထိပ်သီး မန်စီးတီးလူငယ်စီမံကိန်း ထွက်ကစားသမားတစ်ဦးဖြစ်ပြီး ပေါင် (၅)သန်းမျှဖြင့်ဒေ့ါမွန်သို့ ပြောင်းရွှေ့သွားကာ ယခုအချိန်တွင် ဥရောပထိပ်တန်းအသင်းကြီးများ၏ စိတ်ဝင်စားခြင်းကိုခံနေရသူဖြစ်သည်။









