တရားဥပဒေစိုးမိုးရေးသည် အဓိကစိန်ခေါ်မှုဖြစ်သည့်အတွက် သေချာလုပ်ရမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ် ပြောကြား

တရားဥပဒေစိုးမိုးရေးသည် အဓိကစိန်ခေါ်မှုဖြစ်သည့်အတွက် သေချာလုပ်ရမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ် ပြောကြား
Published 13 February 2020

တရားဥပဒေစိုးမိုးရေးသည် အဓိကစိန်ခေါ်မှုဖြစ်သည့်တွက် သေချာလုပ်ရမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်က ပြောကြားသည်။

 ဖေဖော်ဝါရီ ၁၃ ရက် ပြုလုပ်သည့်  ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ပြည်ထောင်စုလွှတ်တော်နာယက ရှေ့မှောက်တွင် ကတိသစ္စာပြုပြီးနောက် လွှတ်တော်အစည်းအဝေး ခေတ္တရပ်နားချိန်တွင် မီဒီယာများ၏ မေးမြန်းမှုကို ပြည်ထဲဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်က အထက်ပါကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

“ တရားဥပဒေစိုးမိုးရေးကတော့ အဓိကစိန်ခေါ်မှုပေါ့။ အဲတာကို ကိုယ်တို့က သေချာလုပ်ရမှာပေါ့။ ကိုယ်တို့နိုင်ငံမှာ တရားဥပဒေစိုးမိုးရေးက အဓိက အရေးကြီးတာကို။ ဒါတွေကိုရအောင် ဆောင်ရွက်ပေးရမှာပေါ့” ဟု ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

ပြည်ထဲရေးတွင် အမှုများနှင့်ပတ်သက်၍ မည်သို့စဉ်းစားထားသနည်းဟု မေးမြန်းမှုအပေါ် ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ် “ အမှုဆိုတာကတော့ ရှိမှာပဲလေ။ အမှုရှိတာကို ကိုယ်တို့က ရအောင် ဖော်ထုတ်ရမှာပေါ့။ ဟိုတစ်နေ့ကဆိုရင် ရန်ကုန်မှာဖြစ်သွားတဲ့ ဘဏ်အမှုဆိုလို့ရှိရင် ဖော်ထုတ်နိုင်တာပေါ့။ ဒါ ရဲ ရဲ့ စွမ်းဆောင်နိုင်မှုပါပဲ။ ရဲစွမ်းဆောင်နိုင်သလိုပဲ၊ အမှုတစ်ခုဖြစ်လာတယ်ဆိုရင် ရဲတစ်ယောက်တည်း လုပ်လို့ရတာ မဟုတ်ဘူး။ ရဲတစ်ဖွဲ့တည်းလုပ်လို့ရတာမဟုတ်ဘူး။ ပြည်သူလူထုက ဝိုင်းဝန်းကူညီဆောင်ရွက်မှရတာ။ အမှုတစ်ခုဖြစ်တိုင်း အမှုတစ်ခုဖြစ်တိုင်းဖော်ထုတ်ဖို့ဆိုတာ ရဲ မှာပဲ တာဝန်ရှိတယ်၊ လုံခြုံရေးလုပ်တဲ့သူမှာ တာဝန်ရှိတာ မဟုတ်ဘူး။ ပြည်သူလူထုအားလုံးက ဝိုင်းဝန်းကူညီဆောင်ရွက်ကြမှ ဖော်ထုတ်လို့ရတာပါ” ဟု ပြောကြားသည်။

ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသော ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေအား မူလစစ်ဘက်ဆိုင်ရာ တာဝန်ဝတ္တရားများ ပြန်လည် ထမ်းဆောင်စေမည်ဖြစ်သဖြင့် ခွင့်ပြုလိုက်ကြောင်း ဖေဖော်ဝါရီ ၄ ရက်က နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ကြေညာခဲ့ပြီး ၎င်း၏ နေရာတွင် ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်အား ခန့်အပ်တာဝန်ပေးလိုကြောင်း နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော်သို့ တင်ပြခဲ့ပြီး လွှတ်တော်တွင်ကန့်ကွက်သူမရှိသဖြင့် ဖေဖော်ဝါရီ ၁၀ ရက်တွင် ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်အား ပြည်ထဲရေးဝန်ကြီးအဖြစ် နိုင်ငံတော်သမ္မတက ခန့်အပ်ခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent