ပင်လုံတွင် ကျင်းပသည့် ပြည်ထောင်စုနေ့အခမ်းအနားကို NCA ရေးထိုးထားသောအဖွဲ့ ကိုးဖွဲ့နှင့် NCA မထိုးရသေးသောအဖွဲ့ သုံးဖွဲ့ တက်ရောက်

ပင်လုံတွင် ကျင်းပသည့် ပြည်ထောင်စုနေ့အခမ်းအနားကို NCA ရေးထိုးထားသောအဖွဲ့ ကိုးဖွဲ့နှင့် NCA မထိုးရသေးသောအဖွဲ့ သုံးဖွဲ့ တက်ရောက်
Published 12 February 2020
စည်သာ (တောင်ကြီး)

ရှမ်းပြည်တောင်ပိုင်း ပင်လုံမြို့တွင် ကျင်းပသည့် ပြည်ထောင်စုနေ့ အခမ်းအနားသို့ NCA ရေးထိုးထားသော အဖွဲ့ကိုးဖွဲ့နှင့် NCA လက်မှတ်မထိုးရသေးသော အဖွဲ့သုံးဖွဲ့ တက်ရောက်ခဲ့ကြပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်နိုင်လိမ့်မည်ဟု တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက ပြောကြားသည်။

NCA လက်မှတ်ရေးထိုးထားသော ၁၀ ဖွဲ့၌ KNU အဖွဲ့ မတက်ရောက်နိုင်ဘဲ ကျန်အဖွဲ့ပေါင်း ကိုးဖွဲ့နှင့် လက်မှတ်မရေးထိုးထားသော အဖွဲ့များဖြစ်ကြသည့် မိုင်းလား၊ SSPP/SSA ၊ KNPP တို့ တက်ရောက်ခဲ့ကြသည်။

“ နိုင်ငံရေးစနစ် အသွင်ပြောင်းမှာပေ့ါ။ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်မယ်ဆိုရင်တော့ ငြိမ်းချမ်းရေးအခြေခံပေါ်မှာပဲ တည်ဆောက်လို့ ရမယ်။ ပြည်တွင်း စစ်ရပ်စဲရမယ်။ လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းရမယ်။ ငြိမ်းချမ်းရေး လက်ထဲရောက်လာရင် ပင်လုံစိတ်ဓာတ်ပေါ့။ ပြန်ပြီးတော့ ဖော်ထုတ်ပြီးတော့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်မယ်။ ဘယ်နိုင်ငံသားမဆို ဘယ်အဖွဲ့အစည်းမဆို၊ ဘယ်လူမျိုးမဆို၊ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ချင်တယ်လို့ တကယ့် စိတ်နေစိတ်ထားရှိရင် ခွဲထွက်မယ်ဆိုတဲ့ အယူအဆကိုတော့ စွန့်လွှတ်သင့်တယ်။ ခွဲထွက်မယ်ဆိုတဲ့ အယူအဆကို စွန့်လွှတ်မှ စစ်မှန်သော ပြည်ထောင်စုကို အာမခံချက်ရှိရှိ တည်ဆောက်နိုင်မှာပေ့ါ။ အဲဒီလိုမဟုတ်ဘူးဆိုရင် တစ်ဖက်မှာလည်း ခွဲထွက်မယ့် အယူအဆ ကိုင်ထားတယ်။ စစ်မှန်သော ပြည်ထောင်စုလည်း လုပ်ချင်တယ်ဆိုရင် ယုံကြည်မှု အားနည်းပြီးတော့ ဇဝေဇဝါ ဖြစ်တတ်တယ်။ တစ်ခုခု တကယ့်ကို စစ်မှန်သောပြည်ထောင်စုလို့ ယတိပြတ်သန္နိဋ္ဌာန်ချတယ်ဆိုရင် ခွဲထွက်ရေးက ထည့်မပြောရင် အကောင်းဆုံးပဲ” ဟု ပအိုဝ်းလက်နက်ကိုင်အဖွဲ့ နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောကြားသည်။

“ အထူးအားဖြင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောသွားတဲ့အထဲမှာ လေးလေးနက်နက် ထည့်သွင်းပြောကြားသွားတာ ရှိပါတယ်။ ပင်လုံ စိတ်ဓာတ်ကို အခြေခံပြီးတော့ ပြောင်းလဲလာတဲ့ ဆက်စပ်အခြေအနေတွေကို လုပ်ဖို့ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးလုပ်လို့ လွတ်လပ်ရေး ရခဲ့တယ်။ တိုင်းပြည်ရဲ့ အရေးကြီးဆုံးသော အချိန်တွေမှာ တိုင်းရင်းသားတွေနဲ့ ညီညွတ်ရေးရခဲ့သလို ပင်လုံစာချုပ်ကို ချုပ်နိုင်တယ်။ လွတ်လပ်ရေးကို ယူနိုင်ခဲ့တယ်ဆိုတဲ့အချက်ကို ပြောသွားတာ ဖြစ်ပါတယ်။ ဒါကြောင့်မို့  ဒီနေ့အခမ်းအနားမှာ NCA လက်မှတ်ရေးထိုးသူတွေရော၊ လက်မှတ် မရေးထိုးသူတွေရော  တက်ရောက်ခဲ့ကြပါတယ်။ ဒီကနေ ပြည်ထောင်စုအစိုးရနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်တဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အောင်မြင်မယ်လို့ မြင်ပါတယ်” ဟု PNLO အဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်းက ပြောကြားသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုင်းပြည်ငြိမ်းချမ်းရေး ရရှိရန် အထူးအရေးကြီးပြီး ယခင်က ခေါင်းဆောင်ကြီးများ၏ သဘောထားကြီးမှုနှင့် စွန့်စားရဲသောစိတ်ဓာတ်တို့ဖြင့် အများပြုလုပ်ရန် ခဲယဉ်းသောလုပ်ငန်းကို ဆောင်ရွက်ကြခြင်းအားဖြင့် ကမ္ဘာကြီးနှင့် နိုင်ငံ၏ လိုအပ်ချက်များဖြစ်သော လုပ်သင့်လုပ်ထိုက်သည့် အလုပ်များကို ယခင်နှစ်ပေါင်း ၇၀ ကျော်က မည်သူမျှမလုပ်ဖူးသော်လည်း ယခုမျိုးဆက်တွင် လုပ်မည်ဆိုသောသတ္တိနှင့် ဉာဏ်ပညာ အမြော်အမြင်ကြီးစွာဖြင့် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြပါရန် အားလုံးကို တိုက်တွန်းပါကြောင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။ 

 

 

Most Read

Most Recent