ဗိုလ်ချုပ်အောင်ဆန်း ၁၀၅ နှစ်ပြည့် မွေးနေ့ပွဲကို မွေးရပ်ဇာတိ နတ်မောက်မြို့တွင် လေးရက်ဆက်တိုက် ကျင်းပမည်

ဗိုလ်ချုပ်အောင်ဆန်း ၁၀၅ နှစ်ပြည့် မွေးနေ့ပွဲကို မွေးရပ်ဇာတိ နတ်မောက်မြို့တွင် လေးရက်ဆက်တိုက် ကျင်းပမည်
Published 10 February 2020
အောင်သူငြိမ်း

ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင် ကျရောက်မည့် မြန်မာနိုင်ငံ၏ လွတ်လပ်ရေးဖခင်ကြီး၊ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ၁၀၅ နှစ်ပြည့် မွေးနေ့ပွဲကို သူ၏မွေးရပ်ဇာတိ မကွေးတိုင်းဒေသကြီး နတ်မောက်မြို့ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် ရင်ပြင်တွင် လေးရက်ဆက်တိုက် ကျင်းပမည်ဖြစ်ပြီး နတ်မောက်ကဗျာဆု နှစ်ဆုလည်း ချီးမြှင့်မည် ဖြစ်ကြောင်း အဆိုပါပွဲ ဖြစ်မြောက်ရေး ကော်မတီဝင်များထံမှ သိရသည်။

၂၀၁၅ ခုနှစ်က ဗိုလ်ချုပ်အောင်ဆန်း၏ နှစ် ၁၀၀ ပြည့် မွေးနေ့ကိုနတ်မောက်မြို့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပြီးနောက် နှစ်စဉ်ကျင်းပလာခဲ့ခြင်း ဖြစ်ကြောင်း ယခုနှစ် ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ပွဲကို ဖေဖော်ဝါရီ ၁၀ ရက် ညနေပိုုင်းက စတင်ဖွင့်လှစ်ခဲ့ပြီး ကဗျာရွတ်ပွဲ၊ စာပေဟောပြောပွဲ၊ ဖိုးချစ်ဇာတ်သဘင်နှင့် အငြိမ့်အဖွဲ့များ၏ ဖျော်ဖြေပွဲများအပြင် နတ်မောက်မြို့ခံ ပြည်သူများက စုုပေါင်းချီးမြှင့်မည့် ကဗျာဆရာ မောင်ဖီလာနှင့် ကဗျာဆရာ ခင်ဇော်မြင့်တို့ နှစ်ဦးအား ကဗျာဆုပေးအပ်ပွဲလည်း ပါဝင်မည်ဖြစ်ကြောင်း မွေးနေ့ပွဲ ကျင်းပမည့် ဗိုလ်ချုပ်ကြေးရုပ်ရင်ပြင်တွင် မြန်မာနိုင်ငံအနှံ့မှ ကဗျာဆရာများ၏ ကဗျာ ၁၀၅ ပုဒ်ကိုလည်း ဗီနိုင်းများဖြင့်ထောင်၍ ပြသထားသည်။

“ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့နဲ့ ပတ်သက်လို့ လူငယ်လေးတွေ၊ ကလေးလေးတွေကစလို့ တိုးတက်အောင်၊ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မြင့်မြတ်မှုတွေ၊ ဗိုလ်ချုပ်အောင်ဆန်းရဲ့ နိုင်ငံကိုချစ်စိ်တ်တွေ ပေါ်လွင်ထင်ရှားအောင်လို့ဆို ပန်းချီပြိုင်ပွဲလေးတွေ၊ ကဗျာပြိုင်ပွဲလေးတွေ၊ မိန့်ခွန်းပြောပြိုင်ပွဲတွေ ဆောင်ရွက်ပါတယ်။ အခြားသော လူငယ်တွေအတွက်လည်း ဗိုလ်ချုပ်ကို ပေါ်လွင်တဲ့ ကဗျာ ၁၀၅ ပုဒ်ကိုကဗျာ ဘုတ်တိုင်လေးတွေ စိုက်ထူခြင်းအားဖြင့်လည်း ဗိုလ်ချုပ်ကို ချစ်မြတ်နုုိးတဲ့စိတ်၊ ဗိုလ်ချုပ်ကဲ့သို့သော လေးစားအတုယူထိုက်တဲ့ စိတ်တွေ ပေါ်ထွန်းလာလိမ့်မယ်လို့ ယုံကြည်ပါတယ်” ဟု နတ်မောက်မြို့မှ စာရေးဆရာဦးမျိုး (မကွေး) က ပြောကြားသည်။

နတ်မောက်မြို့ ဗုုိလ်ချုပ်အောင်ဆန်း နေအိမ်ပြတိုက်လမ်းတွင် နေထိုင်သည့် ဗိုလ်ချုပ်အောင်ဆန်း၏ နှမတစ်ဝမ်းကွဲ တော်စပ်သူ အဘွားဒေါ်ခင်နွဲ့က “အဘွားကတော့ ဗိုလ်ချုပ်ကို အမှတ်ရတာတွေရှိတယ်။ အာဇာနည် နေ့တိုင်းရောပဲ။ ဗိုလ်ချုပ်ပြောဆိုခဲ့တာတွေကို နားထဲမှာ ကြားနေတာပါ။ ဗိုလ်ချုပ်က စကားလည်းနည်းတယ်။ သိပ်မပြောဘူး။ ရန်ကုန်တက္ကသိုလ် ရောက်မှသာ သူနိုင်ငံရေးလုပ်တာ။ အစတုန်းက အေးအေးဆေးဆေးနေတာ။ ဗိုလ်ချုပ်ကိုတော့ အချစ်များကြတယ်။ ပြည်သူကလည်းချစ်တယ်။ မွေးချင်း ဆွေမျိုးတွေကလည်း ချစ်ကြတယ်” ဟု ပြောကြားသည်။

 

Most Read

Most Recent