အမျိုးဘာသာသာသနာနှင့် အချုပ်အခြာအာဏာအပေါ် စိုးရိမ်ဖွယ်ရာ ထိပါးစော်ကားနေမှုများအား ကန့်ကွက်ရှုတ်ချပွဲကို ရန်ကုန်၌ လူအင်အားထောင်ချီဖြင့် ပြုလုပ်

အမျိုးဘာသာသာသနာနှင့် အချုပ်အခြာအာဏာအပေါ် စိုးရိမ်ဖွယ်ရာ ထိပါးစော်ကားနေမှုများအား ကန့်ကွက်ရှုတ်ချပွဲကို ရန်ကုန်၌ လူအင်အားထောင်ချီဖြင့် ပြုလုပ်
Published 9 February 2020
မျိုးထက်ပိုင်

 

အမျိုးဘာသာသာသနာနှင့် အချုပ်အခြာအာဏာအပေါ် စိုးရိမ်ဖွယ်ရာ ထိပါးစော်ကားနေမှုများအား ကန့်ကွက်ရှုတ်ချပွဲကို ရန်ကုန်၌ လူအင်အားထောင်ချီဖြင့် ဖေဖော်ဝါရီ ၉ ရက် မွန်းလွဲ ၁၂ နာရီက စတင်ပြုလုပ်ခဲ့သည်။

အဆိုပါ ကန့်ကွက်ရှုတ်ချပွဲကို မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသားရေး အစည်းအရုံး (MNO) မှ ဦးဆောင် ပြုလုပ်ခြင်းဖြစ်ပြီး လူအင်အား ထောင်နှင့်ချီ ပါဝင်ကာ ဗဟန်းမြို့နယ်၊ ရေခဲဆိုင်မှတ်တိုင်မှ စတင်ပြီး မဟာဗန္ဓုလပန်းခြံရှေ့အထိ လမ်းလျှောက် ချီတက်ခဲ့ကြသည်။

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်အသီးသီးမှ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ဝင်များ၊ စစ်မှုထမ်းဟောင်းများ အပါအဝင် အမျိုးသားရေး တတ်ကြွလှုပ်ရှားသူများ ပူးပေါင်းပါဝင်ခဲ့ကြောင်း သိရသည်။



ချီတက်ရာ လမ်းတစ်လျှောက်တွင် အမျိုးဘာသာ သာသနာ ကာကွယ်စောင့်ရှောက်ရေး၊ အချုပ်အခြာအာဏာ ကာကွယ်စောင့်ရှောက်ရေး၊ ပုဒ်မ ၅၉ (စ) အား ကာကွယ်စောင့်ရှောက်ရေး၊ လူမျိုးလိမ် ရိုဟင်ဂျာ မပေါ်ပေါက်ရေး၊ အမျိုးသားရေး မတရားဖိနှိပ်မှု ချက်ချင်းရပ်၊ လက်စားချေ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်မည့်အကြံ တို့လက်မခံ၊ ဗုဒ္ဓသာသနာ မကာကွယ်သည့် သာသနာရေးဝန်ကြီး အလိုမရှိ၊ နိုင်ငံတော် အချုပ်အခြာ အာဏာကို ထိပါးစော်ကားနေသည့် ပြည်တွင်းပြည်ပ အဖွဲ့အစည်းများ အလိုမရှိ၊ အမျိုးသားရေး အောင်ရမည် စသည့်ဗီနိုင်းများ ကိုင်ဆောင်ကာ ကြွေးကြော်ချီတက်ခဲ့ကြသည်။

ထို့နောက် မဟာဗန္ဓုလပန်းခြံရှေ့တွင် စုဝေးကာ အခမ်းအနား ဖွင့်လှစ်ခြင်း၊ နိုင်ငံတော်သီချင်း သီဆိုခြင်း၊ အမျိုးဘာသာ သာသနာနှင့် ပတ်သက်သည့် ဟောပြောခြင်းများ ပြုလုပ်ခဲ့ကြသည်။

Most Read

Most Recent