“ ကျွန်တော်တို့အတွက် တရားဥပဒေ စိုးမိုးရေးဆိုတာ ဘာအဓိပ္ပာယ်လဲဆိုတာ ပြဖို့ အရှင်းဆုံး နည်းလမ်းကတော့ တရားဥပဒေစိုးမိုးရေး မရှိတဲ့အခါ ဘာဖြစ်မလဲလို့ နေ့စဉ်ဘဝကို ပြန်စဉ်းစားကြည့်လိုက်ဖို့ပါပဲ”
■ဒွိုက်ဒီအိုင်စင်ဟောင်းဝါး (၁၈၉၀-၁၉၆၉) ၃၄ ဦးမြောက် အမေရိကန်သမ္မတ
Oxford English Dictionary ၌ တရားဥပဒေစိုးမိုးရေး (Rule of Law) အား လူ့အဖွဲ့အစည်းအတွင်း ဥပဒေနှင့်ပတ်သက်သော လုပ်ပိုင်ခွင့်နှင့် သြဇာလွှမ်းမိုးမှု (အထူးသဖြင့် လူတစ်ဦးချင်းနှင့် အင်စတီကျူးရှင်းဆိုင်ရာ အပြုအမူအပေါ် ချုပ်ထိန်းမှုတစ်ရပ်အဖြစ်) သတ်မှတ်သည်။ ထို့ကြောင့် (အစိုးရအဖွဲ့ဝင်များ အပါအဝင်) လူ့အဖွဲ့အစည်းဝင်အားလုံး လူသိရှင်ကြား ထုတ်ပြန်ထားသော ဥပဒေပုဒ်မများနှင့် ဥပဒေလုပ်ငန်းစဉ်များကို အညီအမျှခံယူရမည်ဟု သတ်မှတ်ထားသော သဘောတရားဖြစ်သည်။ တရားဥပဒေ စိုးမိုးရေးဟူသည့် စကားရပ်သည် နိုင်ငံရေး အနေအထားတစ်ရပ်ကို ရည်ညွှန်းပြီး မည်သည့်သက်ဆိုင်ရာ ဥပဒေစည်းမျဉ်းတစ်ရပ်ကိုမျှ ရည်ညွှန်းခြင်း မဟုတ်ပေ။
ယင်းစကားရပ် အသုံးပြုမှုကို ၁၆ ရာစု၌ ဗြိတိန်နိုင်ငံတွင်လည်းကောင်း၊ ၁၇ ရာစု၌ ဘုရင်များ၏ တစ်ချက်လွှတ် အမိန့်ချပိုင်ခွင့်ကို ဆန့်ကျင်ဖော်ပြသည့် စကော့တလန် သဘောတရားရေးရာ ပညာရှင် ဆင်မြူယယ်ရူသာဖို့ဒ်၏ ဖော်ပြချက်၌လည်းကောင်း အစောဆုံးတွေ့ရှိရသည်ဟု ဆိုနိုင်သည်။ လူ့အဖွဲ့အစည်းအတွင်း၌ လွတ်လပ်မှုဟူသည် လွတ်လပ်မှုအပေါ် အစိုးရနှင့် တစ်သီးပုဂ္ဂလအရ ကန့်သတ်အုပ်ချုပ်မှုများမှနေ၍ လူတစ်ဦးအနေဖြင့် လွတ်မြောက်ခြင်းအပြင် လူတိုင်းအပေါ်ကျင့်သုံးသည့် ဥပဒေပြုမှုတစ်ရပ်အားဖြင့် ချမှတ်ထားသော ဥပဒေများကို ခံယူခြင်းသာလျှင်ဖြစ်ကြောင်း ဂျွန်လော့က်က ရေးသားခဲ့သည်။ ယင်းနောက် ၁၉ ရာစုတွင် ဗြိတိသျှတရားသူကြီး အေဗွီဒီဆေးကြောင့် တရားဥပဒေစိုးမိုးရေးဟူသည့် စကားရပ်မှာ ထပ်မံခေတ်စားလာခဲ့သည်။ သို့သော် စကားရပ်သက်သက် မဟုတ်သော သဘောတရားကို ရှေးဟောင်းတွေးခေါ်ရှင်များက သတိပြုမိပြီးသား ဖြစ်သည်။ ဥပမာအားဖြင့် အရစ္စတိုတယ်က “ နိုင်ငံသား မည်သူတစ်ဦးတစ်ယောက် မဆိုထက် တရားဥပဒေက လွှမ်းမိုးကြီးစိုးခြင်းသည်သာလျှင် ပို၍မှန်ကန်သင့်မြတ်ပေသည်” ဟု ရေးသားခဲ့သည်။
တရားဥပဒေစိုးမိုးရေးဟူသည် ဥပဒေပြုအမတ်များ၊ ဥပဒေထိန်းသိမ်းရေး အဖွဲ့အစည်းမှ သက်ဆိုင်ရာ အရာရှိများနှင့် တရားသူကြီးများ အပါအဝင် လူတိုင်းက ဥပဒေကို ခံယူခြင်းအား ရည်ညွှန်းခြင်းဖြစ်သည်။ ယင်းအမြင်အရ ကြည့်လျှင် တရားဥပဒေ စိုးမိုးရေးဟူသည် အုပ်စိုးသူများက ဥပဒေ၏ အထက်၌ရှိနေသော သက်ဦးဆံပိုင်စနစ် သို့မဟုတ် လူနည်းစုက နိုင်ငံရေးအာဏာကို ချုပ်ကိုင်ထားသော စနစ်များနှင့် ဆန့်ကျင် ရပ်တည်၍ နေသည်။ ဥပမာအားဖြင့် ဥပဒေကို လျစ်လျူပြုခြင်း သို့မဟုတ် အလွဲသုံးစားပြုခြင်းကြောင့် အာဏာရှင်စနစ်များ၌သာမက ဒီမိုကရေစီစနစ်များ၌ပါ တရားဥပဒေစိုးမိုးရေး ချို့တဲ့မှုကို တွေ့မြင်နိုင်သည်။ အစိုးရတစ်ရပ်အနေဖြင့် တရားဥပဒေကို ပြန်လည်ထိန်းသိမ်းရန်အတွက် ပြင်ဆင်ရေးလုပ်ငန်းစဉ်များကို ထိရောက်အောင် မဆောင်ရွက်နိုင်သည့်အခါ တရားဥပဒေစိုးမိုးရေးသည် ယိုယွင်းပျက်စီးရန်သာ ပိုမိုအလေးသာ နေတော့သည်။
မည်သည့်နိုင်ငံ၌မဆို တရားဥပဒေစိုးမိုးရေး ယိုယွင်းပျက်စီးလာပါက ပြည်သူလူထု၏ နေ့စဉ်ဘဝများ မလုံခြုံရုံမျှမက အသက်မွေးမှုအလုပ်များကိုလည်း ကောင်းစွာ ပြုလုပ်နိုင်တော့မည် မဟုတ်သောကြောင့် သက်ဆိုင်ရာ နိုင်ငံအနေဖြင့် အလုံးစုံ ပျက်သုဉ်းမှု လမ်းကြောင်းဆီသို့သာ ဦးတည်၍ သွားမည်ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။
■ (ဖေဖော်ဝါရီ ၉ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)









