ကမ္ဘောဒီးယား၌ကျင်းပမည့် WLC:12ပြိုင်ပွဲတွင် အနိုင်ရသူက ထိုးကြေးအားလုံးရရှိမည့် တွဲဆိုင်းတစ်ပွဲ ထည့်သွင်းကျင်းပရန် စီစဉ်

ကမ္ဘောဒီးယား၌ကျင်းပမည့် WLC:12ပြိုင်ပွဲတွင် အနိုင်ရသူက ထိုးကြေးအားလုံးရရှိမည့် တွဲဆိုင်းတစ်ပွဲ ထည့်သွင်းကျင်းပရန် စီစဉ်
Photos : WLC
Photos : WLC
Published 8 February 2020

မြန်မာလက်ခမောင်းကုမ္ပဏီသည် ကမ္ဘောဒီးယားနိုင်ငံ၌ကျင်းပမည့် WLC:12 ပြိုင်ပွဲတွင် အနိုင်ရသူက ထိုးကြေးအားလုံးရရှိမည့် တွဲဆိုင်းတစ်ပွဲ ထည့်သွင်းကျင်းပရန် စီစဉ်ထားကြောင်း သိရသည်။

မြန်မာလက်ခမောင်းကုမ္ပဏီသည် ယင်းပြိုင်ပွဲတွင်ပါဝင်မည့် တွဲဆိုင်းအားလုံး ထုတ်ပြန်ခြင်းမရှိသေးသော်လည်း အနည်းဆုံး ခုနစ်ပွဲနှင့်အထက် ထည့်သွင်းကျင်းပမည်ဖြစ်သည်။

တွဲဆိုင်းများတွင် Winner Takes All ဟု အမည်ပေးထားသည့် ကမ္ဘောဒီးယားကစားသမားနှစ်ဦး ယှဉ်ပြိုင်ထိုးသတ်မည့်ပွဲ ထည့်သွင်းကျင်းပမည်ဖြစ်ပြီး အနိုင်ရသည့်ကစားသမားက နှစ်ဦးစလုံး၏ထိုးကြေးကို ခံစားခွင့်ရမည်ဖြစ်သည်။

''ဒီပွဲကို ကမ္ဘောဒီးယားဘက်က တောင်းဆိုလို့ ထည့်သွင်း ကျင်းပမှာဖြစ်ပါတယ်။ ကမ္ဘောဒီးယားမှာရှိတဲ့ လက်ဝှေ့ရုံနှစ်ရုံက ထိပ်တန်းကစားသမား နှစ်ဦး ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ နှစ်ဦးစလုံးရဲ့ထိုးကြေးကို အနိုင်ရတဲ့သူက အားလုံးခံစားခွင့်ရမှာပါ။ WLC ရဲ့ စည်းမျဉ်းအတိုင်း အမှတ်နဲ့ ဆုံးဖြတ်မှာဖြစ်ပြီး ရှုံးနိမ့်တဲ့သူက ထိုးကြေးရရှိမှာမဟုတ်ပါဘူး။ ဒီပွဲက ထူူးခြားမှုရှိတဲ့ တွဲဆိုင်းတစ်ခုဖြစ်လာမှာပါ''ဟု မြန်မာ လက်ခမောင်းကုမ္ပဏီ၏ တာဝန်ရှိသူတစ်ဦး က ပြောကြားသည်။

မြန်မာလက်ခမောင်းကုမ္ပဏီသည် မြန်မာ့ရိုးရာလက်ဝှေ့ ကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲကို ပြည်ပနိုင်ငံများ၌ ပထမဆုံးအဖြစ် ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပရန်စီစဉ်ထားပြီး ဧပြီ ၃ ရက်တွင် ဖနွမ်းပင်မြို့၌ ကျင်းပမည်ဖြစ်သည်။

ယင်းပြိုင်ပွဲ၏ အဓိကတွဲဆိုင်းအဖြစ်  လိုက်ဝယ်လ်တာဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲတွင် လက်ရှိချန်ပီယံ ပေါ်တူဂီနိုင်ငံသား အန်တိုနီယိုဖာရီယာနှင့် ကမ္ဘောဒီးယားနိုင်ငံသား ဆော့သ်တေးတို့ ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်သည်။

အန်တိုနီယိုဖာရီယာသည် WLC တွင် အလဲထိုးအနိုင်ရသည့် မှတ်တမ်းကောင်း ပိုင်ဆိုင်ထားသူဖြစ်ပြီး စောထူးအောင်ကို အလဲထိုးကာ လိုက်ဝယ်လ်တာဝိတ်တန်း ကမ္ဘာ့ ချန်ပီယံဆု ရရှိထားခြင်းဖြစ်သည်။

ကမ္ဘော ဒီးယား လက်ဝှေ့သမား ဆော့သ်တေးမှာလည်း ခွန်ခမာလက်ဝှေ့ပြိုင်ပွဲ လိုက်ဝယ်လ်တာဝိတ်တန်း၏ အကောင်းဆုံးကစားသမားများတွင် တစ်ဦးအပါအဝင်ဖြစ်ပြီး ခွန်ခမာပြိုင်ပွဲ၏ ၀ိတ်တန်းအလိုက် ချန်ပီယံတစ်ဦးဖြစ်သလို ကစားသမားဘဝတစ်လျှောက် ပွဲပေါင်း ၃၀၀ နီးပါး ယှဉ်ပြိုင်ထားရာ ၂၂၁ ပွဲအထိ အနိုင်ရ ထားသည်။

WLC:12 တွင် မြန်မာ့ရိုးရာလက်ဝှေ့သမားများ ပါဝင်မှုနည်းပါးမည်ဖြစ်ပြီး လက်ရှိအချိန်ထိ ရန်နိုင်ထွန်း တစ်ဦးတည်းသာ အတည်ပြုနိုင်သေးကြောင်း သိရသည်။

မြန်မာလက်ခမောင်းကုမ္ပဏီသည် ပါဝင်မည့် တွဲဆိုင်းများကို ယခုလအတွင်း ထုတ်ပြန်နိုင် ရန် ကြိုးပမ်းလျက်ရှိသည်။