မြောက်အိုင်ယာလန်နာမည်ကျော်ဂေါ့ဖ်သမား မက်အီရွိုင်းသည် လာမည့်အပတ် တွင် ကမ္ဘာ့အဆင့် ၁ နေရာကို လွှဲပြောင်းရယူနိုင်တော့မည်ဖြစ်ကြောင်း BBC သတင်းဌာန က ဖော်ပြခဲ့သည်။
မေဂျာဖလား လေးကြိမ်အထိရရှိထားသူ မက်အီရွိုင်းအနေဖြင့် ဖေဖော်ဝါရီ ၆ ရက် တွင်ကျင်းပမည့် PGA Tour ပွဲစဉ် AT & T Pebble Beah Pro AM ဂေါ့ဖ်ပြိုင်ပွဲ၌ ပါဝင်ယှဉ်ပြိုင်မည်မဟုတ်သော်လည်း ကမ္ဘာ့အဆင့် ၁ နေရာသို့ တက်လှမ်းနိုင်မည်ဖြစ်သည်။

လက်ရှိကမ္ဘာ့အဆင့် ၁ ဘရွတ်ကပ်ကာနှင့် အဆင့် ၃ ဂျွန်ရမ်းတို့မှာလည်း ယင်းပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခြင်းမရှိသဖြင့် အမှတ်ပေးပုံစံအရ မက်အီရွိုင်းမှာ အဆင့် ၁ နေရာကို ရယူနိုင်လိမ့်မည်ဟု ယင်းသတင်းတွင် ရေး သားခဲ့သည်။ မက်အီရွိုင်းသည် ၂၀၁၅ စက်တင်ဘာလနောက်ပိုင်းကတည်းက ကမ္ဘာ့အ ဆင့် ၁ နေရာကို ပြန်လည်တက်လှမ်းနိုင်မည်လည်းဖြစ်သည်။

ဂေါ့ဖ်ကမ္ဘာ့အဆင့်တွက်ချက်မှုမှာ အနည်းငယ်ရှုပ်ထွေးပြီး ၃၀ နှစ်အရွယ်ရှိ မက်အီရွိုင်းသည် လက်ရှိတွင် ကပ်ကာ၏နောက် ၀.၂ မှတ်အကွာဖြင့်ရှိနေရာမှ ၁၀၀ ပုံ ၃ ပုံအသာ ဖြင့် ပွတ်ကာသီကာကျော်ဖြတ်ကာ ထိပ်ဆုံး သို့ရောက်ရှိလာမည်ဟု ယင်းသတင်းတွင် ရေးသားခဲ့သည်။ ပြီးခဲ့သည့်နှစ် လက်ရှိကာလတွင် အဆင့် ၉ နေရာသာရှိသေးသည့် မက်အီရွိုင်းသည် သူ၏နောက်ဆုံးပြိုင် ပွဲ ၂၅ ပွဲတွင် လေးပွဲဗိုလ်စွဲခဲ့ပြီး ထိပ်ဆုံး ၁၀ ဦးစာရင်းဝင်မှု ပွဲ ၂၀ ရှိခဲ့သည်။









