စီမံခန့်ခွဲမှု အမှားများကြောင့်ဟုဆိုကာ ရှယ်ယာရှင်များက ပိုက်ဆံပြန်တောင်းနေသည့် ရန်ကုန်တိုင်းအစိုးရအဖွဲ့ပိုင် YUPT ကုမ္ပဏီ

စီမံခန့်ခွဲမှု အမှားများကြောင့်ဟုဆိုကာ ရှယ်ယာရှင်များက ပိုက်ဆံပြန်တောင်းနေသည့် ရန်ကုန်တိုင်းအစိုးရအဖွဲ့ပိုင် YUPT ကုမ္ပဏီ
  ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် YUPT ကုမ္ပဏီလက်အောက်ရှိ YBS ယာဉ်လိုင်းမှ ယာဉ်တစ်စီးကို တွေ့ရစဉ် (ဓာတ်ပုံ- ကြည်နိုင်)
ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် YUPT ကုမ္ပဏီလက်အောက်ရှိ YBS ယာဉ်လိုင်းမှ ယာဉ်တစ်စီးကို တွေ့ရစဉ် (ဓာတ်ပုံ- ကြည်နိုင်)
Published 5 February 2020
ဇော်မင်းနိုင်

ဖေဖော်ဝါရီ ၄ ရက်တွင် YRTA လက်အောက်ရှိ YUPT ကုမ္ပဏီမှ ရှယ်ယာရှင်များက ၎င်းတို့၏ ရှယ်ယာများကို ပြန်လည်ထုတ်ပေးရန် သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ တောင်းဆိုခဲ့သည်။

ရှယ်ယာတစ်စုလျှင် မူလက ကျပ်သိန်း ၉၀ သတ်မှတ်ခဲ့ပြီး နောက်ပိုင်းတွင် ရှယ်ယာတစ်စုလျှင် ကျပ် တစ်သိန်းအဖြစ် သတ်မှတ်ခဲ့သည့် YUPT ရှယ်ယာများမှာ လက်ရှိအချိန်အထိ အမြတ်မရသည့်အပြင် ထည့်ထားသည့်ရှယ်ယာများကို ပြန်လည်ထုတ်ယူရန်ကိုပင် အခက်အခဲများ ဖြစ်နေသဖြင့် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ကာ တောင်းဆိုခဲ့ကြခြင်းဖြစ်သည်။

“ထည့်ထားတဲ့ပိုက်ဆံက အမြတ်မရတဲ့အပြင် အရင်းတောင် ပြန်တောင်းလို့မရဘူး” ဟု ရှယ်ယာရှင်တစ်ဦးဖြစ်သည့် ဦးထိန်ဝင်းက ပြောကြားသည်။

YUPT ကုမ္ပဏီတွင် ရှယ်ယာဝင်ထားသူအများစုမှာ ယခင်ကယာဉ်ပိုင်ရှင်အများစုဖြစ်ပြီး YBS စနစ်ကို စတင်အသက်သွင်းချိန်တွင် ရန်ကုန်တိုင်းအစိုးရက ၎င်းတို့၏ယာဉ်များကို အသစ်လဲရန် ညွှန်ကြားခဲ့သဖြင့် ယာဉ်များကို ယာဉ်အိုယာဉ်ဟောင်းစလစ်တစ်စောင်သာ ပြန်လည်ရရှိခဲ့သူများဖြစ်သည်။

ယင်းနောက် ယာဉ်ပိုင်ရှင်များမှာ အစုရှယ်ယာရှင်များအဖြစ် ကုမ္ပဏီများတွင် ဝင်ရောက်ရင်းနှီး မြှုပ်နှံခဲ့ခြင်းဖြစ်သည်။

“အဲဒီတုန်းက ဦးတို့ကားတွေက နှစ်ရာ (သိန်း) လောက်တန်တယ်။ ဒါပေမဲ့ဝန်ကြီးချုပ်က အများပြည်သူအတွက် လဲပါဆိုလို့ လဲပေးခဲ့တာ။ ပြန်ရတဲ့စလစ်က သိန်း ၉၀ ပဲရတယ်။ အဲဒါကြောင့် အခုဒီလိုထပ်ဖြစ်တော့ မိအေးနှစ်ခါနာ ဖြစ်နေတာပေါ့ကွာ” ဟု ဦးထိန်ဝင်းက ပြောကြားသည်။

ရန်ကုန်မြို့တွင် အများပြည်သူ သယ်ယူပို့ဆောင်ရေးအတွက် ပြောင်းလဲမှုတစ်ခုဖြစ်သည့် မထသ စနစ်မှ YBS စနစ်သို့ ပြောင်းလဲရာတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ဝင်ရောက်ရင်းနှီးမြှုပ်နှံထားသည့် ကုမ္ပဏီမှာ နှစ်ခုရှိသည်။ ယင်းကုမ္ပဏီများမှာ YUPT နှင့် YRTA ဆိုသည့် ကုမ္ပဏီများတွင်ဖြစ်သည်။ မထသမှ YBS စနစ်သို့ ပြောင်းလဲရာတွင် မထသထံမှ ကျပ်သိန်းခြောက်သောင်း ရရှိထားသည်ဟု YRTA တာဝန်ရှိသူများက ပြောကြားထားသည်။

ယင်းကုမ္ပဏီနှစ်ခုတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ကျပ်ဘီလျံ ၇၀ မတည်ထားပြီး တရုတ်နိုင်ငံမှ မော်တော်ယာဉ်အစီး ၁၀၀၀ ဝယ်ယူရာတွင် မလုံလောက်သဖြင့် ဧရာဝတီဘဏ်မှ ချေးငွေ လေးဘီလျံကို ချေးယူခဲ့ရသည်။ အဆိုပါမော်တော်ယာဉ်များကို ကုမ္ပဏီနှစ်ခုသို့ တစ်ခုလျှင် အစီး ၅၀၀ စီထည့်ကာ ယာဉ်လိုင်းပြေးဆွဲစေခဲ့သည်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားထားသည်။

ဧရာဝတီဘဏ်မှ ချေးယူထားသည့် ကျပ်လေးဘီလျံကို ပေးဆပ်ပြီးဖြစ်ကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ်က ၂၀၁၉ ခုနှစ် ဇွန် ၁၈ ရက်တွင် မီဒီယာများအား လွှတ်တော်၌ ပြောကြားခဲ့သည်။

ယင်းသို့ဘဏ်မှ ချေးငွေရယူပြီး YBS စနစ်အောက်တွင် လုပ်ကိုင်နေသည့်ကုမ္ပဏီများမှာ အစိုးရပိုင် ကုမ္ပဏီများအပြင် ပုဂ္ဂလိကကုမ္ပဏီများလည်း ပါဝင်ပြီး စုစုပေါင်းချေးငွေရယူထားသည့် ကုမ္ပဏီမှာ ၁၀ ခုရှိကြောင်း ၂၀၁၉ ခုနှစ် မတ် ၈ ရက်တွင် ဧရာဝတီဘဏ်က ထုတ်ပြန်ထားသည်။

ယင်းသို့ချေးယူပြီး ချေးငွေများပြန်မဆပ်သဖြင့် ဧရာဝတီဘဏ်က တရားစွဲဆိုရန် စီစဉ်ခဲ့သေးသည်။ တရားစွဲဆိုမည်ဟု ဧရာဝတီဘဏ်ကကြေညာခဲ့သည့် ကုမ္ပဏီသုံးခုမှာ ဦးကျော်နေဝင်းပိုင်ဆိုင်သည့် Omini Focus အပါအဝင် Central Yangon Network နှင့် Keen Support ကုမ္ပဏီတို့ဖြစ်သည်။

လတ်တလောတွင် ရှယ်ယာရှင်များက ၎င်းတို့၏ရှယ်ယာများကို ပြန်ထုတ်ပေးရန် (သို့မဟုတ်) ဝယ်ယူပေးရန် တောင်းဆိုနေသည့်ကုမ္ပဏီမှာ တိုင်းအစိုးရ ငွေပင်ငွေရင်းထည့်ထားသည့် YUPT ကုမ္ပဏီဖြစ်သည်။

ရန်ကုန်မြို့ပြ အများပြည်သူသယ်ယူပို့ဆောင်ရေး အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် (YUPT Public Co., LTd) တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ရင်းနှီးထည့်ဝင်ထားသည့် ကျပ် ၃၅ ဘီလျံနှင့် ရှယ်ယာရှင်၂၈၉ ဦးက ရင်းနှီးထည့်ဝင်ထားသည့် ကျပ် ၅ ဒသမ ၆ ဘီလျံကျော် စုစုပေါင်း ကျပ် ၄၀ ဘီလျံကျော် ရှိသည်။

ရှယ်ယာရှင်များအနေဖြင့် လက်ရှိတွင် တရုတ်မှ ဝယ်ယူထားသည်ဆိုသည့် မော်တော်ယာဉ်များမှာ မည်မျှတန်သည်၊ တစ်စီးလျှင် ကုန်ကျငွေမည်မျှရှိသည်ဆိုသည်ကို မသိရှိကြောင်း ရှယ်ယာရှင်များကဆိုသည်။

“ကားတန်ဖိုး ဘယ်လောက်ရှိတယ်။ တရက်ကို ဘယ်လောက်ရတယ်ဆိုတာ လုံးဝမသိရပါဘူးဗျာ။ ဒီလိုင်းတွေမှာက တစ်ရက်ကို တစ်သိန်းလောက်ရတယ်။ ဒါက ကိုယ်က ယာဉ်ပိုင်ရှင်အဖြစ်လုပ်ခဲ့တော့ သိတာ။ အခုက ဘယ်လောက်ရတယ်။ ဘယ်လောက်တန်တယ် ဘာဆိုဘာမှမသိရဘူး” ဟု ဦးထိန်ဝင်းက ပြောကြားသည်။

ရှယ်ယာရှင်များက ရှယ်ယာပြန်ထုတ်ပေးရန် တောင်းဆိုနေသည့် ကုမ္ပဏီတွင် နေ့စဉ်နေ့တိုင်း ရပ်နားထားရသည့် မော်တော်ယာဉ်အစီးရေ ၂၀၀ နီးပါးရှိသည်ဟု ရှယ်ယာရှင်များကဆိုသည်။ မော်တော်ယာဉ် ပျက်နေခြင်း၊ ယာဉ်မောင်းမရှိခြင်းများမှာ YUPT ကုမ္ပဏီအတွက် မရိုးနိုင်သည့်ဖြစ်စဉ်များဟု ဆိုနိုင်ကြောင်း ရှယ်ယာရှင် ဦးထိန်ဝင်းက ပြောကြားသည်။

“နေ့တိုင်းကို ၂၀၀ လောက်က ပျက်နေတယ်။ အဲဒီလိုမဆွဲနိုင်ဘူးဆိုမှတော့ ဒီကုမ္ပဏီက အရင်းကျေပါဦးမလား။ ပြောရရင် စီမံခန့်ခွဲမှု အမှားတွေပေါ့” ဟု ဦးထိန်ဝင်းက ပြောကြားသည်။

စီမံခန့်ခွဲမှုများအနက် အသေးငယ်ဆုံးဟုဆိုရမည့် မော်တော်ယာဉ်ဘီးပေါက်ခြင်းကိုပင် စီမံခန့်ခွဲမှုအမှားဖြင့် လုပ်ဆောင်နေသည်ဟု ဦးထိန်ဝင်းက ဝေဖန်သည်။

“ဘီးပေါက်တာကိုပြင်တာ သုံးရက်ကြာတယ်ဗျာ။ ဖုန်းနှစ်ချက်လောက် ဆက်လိုက်ရင်ပြီးနေပြီ။ ပြောရင်တော့ အစုအဖွဲ့နဲ့လုပ်လို့ကြာတာဆိုပြီး အကြောင်းပြဦးမယ်။ လုပ်လို့ရတဲ့နည်းတွေ အများကြီးရှိပါတယ်။ ခဏခဏလည်း ပြောတယ်။ နားမှမထောင်ဘဲ” ဟု ဦးထိန်ဝင်းကဆိုသည်။

မော်တော်ယာဉ်ဘီးပေါက်သည်ဆိုပါက စာတင်ရကြောင်း၊ ရုံးပိတ်ရက်ခံသဖြင့် ဘီးလဲရန် စာတင်ရသည်မှာ သုံးရက်ကြာကြောင်း၊ ယာဉ်တစ်စီးပျက်သဖြင့် ရပ်တန့်ထားပါက တစ်ရက်လျှင် ဝင်ငွေတစ်သိန်း နစ်နာကြောင်း၊ လက်ရှိ YUPT တွင် ယာဉ်အစီးရေ ၂၀၀ နီးပါး ရပ်တန့်ထားရသဖြင့် ဝင်ငွေမည်မျှ နစ်နာသလဲဆိုသည်ကို တွေ့ရမည်ဖြစ်ကြောင်း ဦးထိန်ဝင်းက ပြောကြားသည်။

အလားတူ ၂၀၁၇ -၂၀၁၈ စာရင်းစစ်ချုပ်အစီရင်ခံစာအရ ယင်းကုမ္ပဏီနှစ်ခုမှာ ကျပ်သန်းပေါင်း ၃၈၀၀ ကျော် အရှုံးပေါ်နေကြောင်း ဖော်ပြထားသည်။ YBPC ကုမ္ပဏီ၏ အသားတင်အရှုံးမှာ ကျပ်သန်းပေါင်း ၃၀၀၄ ဒသမ ၄၈၅ ဖြစ်ပြီး YUPT ကုမ္ပဏီ၏ အသားတင်အရှုံးမှာ ကျပ်သန်းပေါင်း ၈၅၃ ဒသမ ၄၂၂ ဖြစ်သည်ဟု စာရင်းစစ်ချုပ် အစီရင်ခံစာအရ သိရသည်။

သို့သော် YBS စနစ်ကို အကောင်အထည်ဖော်နေသည့် YRTA အဖွဲ့အစည်းတွင်မူ ပိုလျှံငွေ ၇၆၉၁ ဒသမ ၈၀ သန်း ရရှိခဲ့သည်ဟု အစီရင်ခံစာအကျဉ်းချုပ်တွင် ဖော်ပြထားသည်။ YRTA က အဓိကရရှိထားသည့် ဝင်ငွေမှာ YBS ဘတ်စ်ကားများမှ ဝင်ငွေ၊ ငှားရမ်းခ၊ ဒဏ်ကြေးရငွေ၊ အဝေးပြေးယာဉ်များမှ ဝင်ငွေ၊ City Taxi မှ ဝင်ငွေနှင့် အခြားရငွေ (ဘဏ်တိုးစသည်တို့မှ)ဖြစ်ပြီး ရငွေစုစုပေါင်း ကျပ်သန်း ၉၄၀၀ ကျော်ရရှိခဲ့သည်။ ယင်းသို့ရရှိသည့်အနက်မှ စီမံအုပ်ချုပ်သူများအတွက် လစာအပါအဝင် အခြားကုန်ကျစရိတ်များအတွက် ကျပ် ၁၇၉၆ ဒသမ ၁၈၄ သန်းကို အသုံးပြုခဲ့သည်။

“စာရင်းစစ်ချုပ်အစီရင်ခံစာအရ YRTA မှာ အဲဒီပိုက်ဆံတွေရှိတယ်။ သူတို့ပေးမယ်ဆိုရင် ပြန်ပေးလို့ရတယ်။ ဘာကြောင့်လဲဆိုတာ စဉ်းစားလို့မရဘူး။ အခုဟာက အရင်းပျောက်သွားမှာစိုးလို့ ပြန်တောင်းနေရတာ” ဟု ဦးထိန်ဝင်းက ပြောကြားသည်။

ယင်းသို့ပိုလျှံငွေများမှာ ရှယ်ယာရှင်များထံမရောက်ဘဲ မည်သည့်နေရာတွင် သုံးစွဲနေသည်ကို မေးခွန်းထုတ်ရမည်ဖြစ်ကြောင်း ရှယ်ယာရှင်များက ဆိုသည်။

ယင်းအခြေအနေများကို သိရှိနိုင်ရန် နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်တို့ထံ ရှယ်ယာရှင်များက စာရေးသားတင်ပြထားသော်လည်း ထူးခြားမှုမရှိခြင်းကြောင့် ရှယ်ယာရှင်များစုပေါင်းပြီး သတင်းစာရှင်းလင်းပွဲကို လုပ်ဆောင်ခဲ့ရခြင်းဖြစ်သည်ဟု ရှယ်ယာရှင်များကဆိုသည်။

လက်ရှိ စီမံခန့်ခွဲမှုအတိုင်းသွားပါက ရန်ကုန်မြို့၏ သယ်ယူပို့ဆောင်ရေးစနစ်ကိုပါ ထိခိုက်လာမည်ဖြစ်ကြောင်း ရှယ်ယာရှင်ဦးထိန်ဝင်းက ပြောကြားသည်။

“အခုမထွက်နိုင်တဲ့ကားတွေ ရပ်ထားရတဲ့ကားတွေ အများကြီးပဲ။ ဘာမှကိုမလုပ်တာ။ ဒီအတိုင်းထားထားတယ်။ အဲဒါတွေပိုများလာပြီဆိုရင် သယ်ယူပို့ဆောင်ရေးအတွက် အခက်အခဲဖြစ်မယ်။ နောက်ဆုံးပြောရမယ်ဆိုရင် စီမံခန့်ခွဲမှုအမှားတွေပဲ” ဟုဦးထိန်ဝင်းက ပြောကြားသည်။

စီမံခန့်ခွဲမှုအမှားများကြောင့် နစ်နာသည်မှာ ရှယ်ယာရှင်များသာမက ပြည်သူ့ဘဏ္ဍာများပါ နစ်နာခြင်းဖြစ်ကြောင်း ရှယ်ယာရှင်များကဆိုသည်။

“လွန်ခဲ့တဲ့ သုံးနှစ်တုန်းက ရှုံးတယ်ဘာညာ မပြောသေးဘူး။ ဒီနှစ်သုံးနှစ်ပြည့်အခမ်း အနားမှာ ကားခက ၂၀၀ နဲ့ဆို ရှုံးမယ်ဆိုပြီး အသံထွက်လာပြီ။ အဲဒီကနေ ရှုံးလို့ဆိုပြီး ယာဉ်စီးခတွေ စျေးတက်မယ့်အခြေအနေကို ဖန်တီးချင်လာတာလားဆိုတာ မေးခွန်းထုတ်ရတော့မယ်။ အမှန်ကတော့ စီမံခန့်ခွဲမှုမှားနေလို့ ရှုံးတာ” ဟု ဦးထိန်ဝင်းက ပြောကြားသည်။

ပြည်သူ့ဘဏ္ဍာငွေများ အလဟသကုန်ဆုံးပြီး နိုင်ငံတော်တွင်နစ်နာမှုများ ရှိလာသည်ကို ထင်ထင်ရှားရှား ပြနိုင်ပါက အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အနေဖြင့် ကျော်စောသတင်းအဖြစ် သတ်မှတ်ကာ စုံစမ်းစစ်ဆေးရမည့် အခြေအနေဟု ရန်ကုန်စောင့်ကြည့်အဖွဲ့ တည်ထောင်ထားသူ ဒေါက်တာဒေါ်ညိုညိုသင်းက အကြံပြုသည်။

“နိုင်ငံတော်က နစ်နာနေပြီဆိုတာကို ထင်ထင်ရှားရှားပြနိုင်ရင် အဂတိလိုက်စားမှုနဲ့ ငြိတာပေါ့။ ကော်မရှင်အနေနဲ့လည်း အဂတိဖြစ်နိုင်တယ်လို့ ယူဆလို့ရရင် တရားစွဲနိုင်တယ်” ဟု ဒေါ်ညိုညိုသင်းက ပြောကြားသည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၏ လူမှုကွန်ရက်စာမျက်နှာတွင် ရန်ကုန်တိုင်း စာရင်းစစ်ချုပ် အစီရင်ခံစာနှင့်ပတ်သက်ပြီး စစ်ဆေးပေးရန် တောင်းဆိုမှုများရှိနေသော်လည်း ကော်မရှင်အနေဖြင့် တုံ့ပြန်မှု တစ်စုံတစ်ရာမရှိခြင်းအပေါ် ဒေါ်ညိုညိုသင်းက “အခုဟာက အဂတိမှာကလည်း အမှုတွေက များနေတော့ ဒီလိုဖြစ်စဉ်မျိုးကို နစ်နာတယ်လို့ သတ်မှတ်ပုံမရဘူးပေါ့နော်။ အမှန်ကတော့ အဂတိကော်မရှင်က ဒီကိစ္စတွေကို အထူးအလေးထားပြီး ဆောင်ရွက်သင့်တယ်” ဟု သုံးသပ်ပြောကြားသည်။

ဇန်နဝါရီ ၂၂ရက်ကပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ၁၁ ကြိမ်မြောက် ပုံမှန်အစည်းအဝေး သတ္တမနေ့တွင် ရန်ကုန်တိုင်းဒေသကြီးစာရင်းစစ်ချုပ်၏ ၂၀၁၇ -၂၀၁၈ခု ဘဏ္ဍာရေးနှစ် စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာအပေါ် ပြည်သူ့ငွေစာရင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာနှင့် စပ်လျဉ်းပြီး ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီကိုယ်စား ဥက္ကဌဒေါ်စန္ဒာမင်းက ဆွေးနွေးရာတွင် လုပ်ထုံးလုပ်နည်း စီမံခန့်ခွဲမှု မှားယွင်းခြင်းများအနေဖြင့် BPI စက်ရုံမှူး ဒေါက်တာအောင်ဇော်၏ ဖြစ်စဉ်ကို အတုယူသင့်ကြောင်း ဒေါ်စန္ဒာမင်းက မှတ်ချက်ပြုပြောကြားခဲ့သည်။

လက်ရှိဖြစ်ပွားနေသည့် YUPT ကုမ္ပဏီ ဖြစ်စဉ်မှာ စီမံခန့်ခွဲမှုအမှားများကြောင့်ဖြစ်သည်ဟု ရှယ်ယာရှင်များက ထောက်ပြဝေဖန်နေပြီး ယင်းဖြစ်စဉ်မှာ ပိုမိုဆိုးရွားလာပါက မြန်မာနိုင်ငံ၏ အဓိကစီးပွားရေးမြို့တော် ရန်ကုန်မြို့အတွက် သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် အခက်တွေ့လာတော့မည်ဖြစ်သည်။

 

 

Most Read

Most Recent