မန္တလေး ပွဲစားကုန်သည်စက်ပိုင်များ မဟာကထိန်တော်အသင်းတွင် လက်ရှိ တရုတ်နှစ်သစ်ကူး ပြီးနောက်ပိုင်း ဝင်ရောက်ကြမည့် နိုင်ငံခြားသား ဧည့်သည်များကို ဝူဟန်ကိုရိုနာဗိုင်းရပ်စ်ထိန်းချုပ်နိုင်သည့် အခြေအနေရောက်မှသာ ဝင်ရောက်ခွင့်ပေးရန်များကြောင်း၊ တရုတ်ဘက်မှ တင်သွင်း နေသည့် စားတော်ပဲက ပစ္စည်း ဝင်ရောက်မှု နည်းသော်လည်း အိန္ဒိယ တမူးလိုင်းက ဝယ်ယူမှုမရှိဘဲ ပြည်တွင်းပဲခွဲစက်သမားများ သာ ဝယ်ယူမှုရှိကြောင်း၊ ပေါ်ဦးပေါ်ဖျား ကုလားပဲ အုပ်စုဝင် ဠ၂ စျေးသည် မနှစ်ထက် က အဖွင့်စျေးကောင်းရနေကြောင်း မန္တလေး ပွဲစား ကုန်သည် စက်ပိုင်များ မဟာကထိန် တော်အသင်း ဒုဥက္ကဋ္ဌ ဦးမျိုးဆွေက ပြောကြားသည်။
“မန္တလေးကုန်စည်ဒိုင်မှာ ဧည့်သည်ဝင်ခွင့် အနေနဲ့ က တရုတ်နှစ်သစ်ကူး မတိုင်ခင် ကတည်းက တရုတ်ပြည်မပြန်ဘဲ မန္တလေးမှာ ပဲဝယ်နေတဲ့ ဧည့်သည်လေးယောက်ရှိတယ်။ သူတို့က ဆက်တိုက်ဝင်နေတယ်။အပတ်စဉ် ဝင်ခွင့်တောင်းပြီး ဝင်နေတယ်။သူတို့ကို ခွင့်ပြုပေးထားပါတယ်။တရုတ် နှစ်သစ်ကူး နောက်ပိုင်းမှ လာတဲ့ ဧည့်သည်တွေ ကို လောလောဆယ် ဝင်ခွင့်ပိတ်ထားပါတယ်။ အဓိက တရုတ်ဧည့်သည် တင်မဟုတ်ပါဘူး နိုင်ငံခြားသားဧည့်သည် အကုန်လုံးကို ဝင်ခွင့်ပိတ်ထားပါတယ်။ အခုဖြစ်နေတဲ့ ရောဂါအခြေအနေအပေါ်မူတည်ပြီး ဆက်ပိတ်ထားဖို့ ဆုံးဖြတ်ထားပါတယ်။စားတော် ပဲက လောလောဆယ် အိန္ဒိယတမူးလိုင်းက မဝယ်သေးဘူး ပြည်တွင်းပဲခွဲစက်သမားတွေ က ဝယ်နေကြတယ်။ စျေးနှုန်းက ၆၈၀၀၀ စျေး။ တရုတ်ဘက်ကနေ ဝင်နေတဲ့ စားတော် ပဲ ဖြစ်တယ်။ အခုရက်ပိုင်း တရုတ်နစ်သစ်ကူး ကြောင့် ပဲအဝင်နည်းသွားတယ်။ တရုတ်ကုန်သည်တွေက သူ့ဘက်မှာဖြစ်နေတဲ့ ကျန်းမာရေး အခြေအနေကြောင့် အရောင်း အဝယ် မလုပ်ကြတဲ့အတွက် တရုတ်ဘက်က စားတော်ပဲ ဝင်ရောက်မှုက နည်းပါးတယ်။ ကုလားပဲ အုပ်စုအနေနဲ့က ပဲအဟောင်း ဠ၂ က ၈၂ဝဝဝစျေး ၉၂၉ အဟောင်း ၈၁၀၀၀ စျေး၊ ဠရ က စျေးကွက်ထဲမှာ ပစ္စည်းမရှိဘူး။ ပဲအသစ်အနေနဲ့က စျေးကွက်ထဲကို ဠ၂ ပစ္စည်း အသစ်ဝင်ရောက်ပါတယ်။တစ်ရက် ကို အိတ်ပေါင်း ၂ဝဝလောက်ဝင်ရောက်ပါ တယ်။ အရောင်းအဝယ်ဖြစ်တဲ့ စျေးက ကျပ် ၈၁၀၀၀ စျေးဖြစ်ပါတယ်။ ကာလတူနှစ် အနေနဲ့ ပြောရရင် စပေါ်တုန်းက ၈၀၀၀၀ အောက်စျေး ရှိတယ်။ နောက်ဆုံးကျသွား တာက ၇၀၀၀၀ အထိ စျေးကျသွားတယ်။ ဒီနှစ် အသစ်က အခုမှ စပေါ်တာဆိုတော့ နောက်ပြီး အဟောင်းလက်ကျန်က နည်းနေတော့ အဖွင့်စျေး ၈၀၀၀၀ ကျော်နဲ့ စျေး အဖွင့် စခဲ့ပြီး အဖွင့်စျေးကောင်းရနေတယ် နောက်ရက် ပဲအဝင်များလာရင်လည်း ပဲခွဲ စက်ဝယ်လိုအားနဲ့ နိုင်ငံခြားတင်ပို့မှုရှိ မရှိ ပေါ် မူတည်စျေးအတက်အကျတော့ ဖြစ်နိုင်ပါတယ်”ဟု မန္တလေးပွဲစားကုန်သည်စက်ပိုင်များ မဟာကထိန်တော်အသင်း ဒုဥက္ကဋ္ဌ ဦးမျိုးဆွေက ပြောကြားသည်။
တရုတ်နိုင်ငံဘက်မှ ဝယ်ယူနေသည့် ဆီထွက်သီးနှံနှင့် ပဲမျိုးစုံတို့သည် အရောင်း အဝယ်အေးနေကြောင်း၊ အိန္ဒိယနိုင်ငံဘက် မှလဲ လက်ရှိအချိန်အထိ ဝယ်ယူမူမရှိသေးသည့် ပဲစင်းငုံ၊ မတ်ပဲစျေးတို့ စျေးအေးနေကြောင်း သိရသည်။
တရုတ်နိုင်ငံမှ တင်သွင်းသည့် ကနေဒါ စားတော်ပဲ စျေးသည့် သုံးတင်းဝင်တစ်အိတ်လျှင် ယခင်က ကျပ် ၆၆၀၀၀ စျေးရှိပြီး လက်ရှိ အချိန်တွင် ကျပ် ၆၈၀၀၀ စျေးသာရှိကြောင်း၊ မြေထောက်ပဲ အသစ်စျေး ကျပ် ၉၅၀၀၀၊ မတ်ပဲ အသစ် ကျပ် ၁၀၁၀၀၀၊ ပဲတီ စိမ်းရွှေဝါ (ခရမ်း) ကျပ် ၁၂၄၀၀၀၊ နှမ်းနက် (စမုန်) ကျပ် ၂၁၈၀၀၀၊ နှမ်းဖြူ ကျပ် ၁၃၀၀၀၀ စျေး၊ နှမ်းညို ကျပ် ၁၂၄၀၀၀၊ ကုလားပဲအုပ်စု ဝင် ကုလားပဲများဖြစ်သည့် (ထိုင်ဝမ်) ကျပ် ၈၀၀၀၀ ၊ (၉၂၉)ကျပ် ၈၁၀၀၀၊ (ဠ၂) ကျပ် ၈၂၀၀၀ တို့မှာ ဖေဖော်ဝါရီ ၃ ရက် ပေါက် စျေးများဖြစ်ကြောင်း သိရ သည်။















