ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် သို့ China Southern လေကြောင်းလိုင်းဖြင့် ဇန်နဝါရီ ၃၁ ရက် နံနက်ပိုင်းက လိုက်ပါလာသော တရုတ်နိုင်ငံသားခရီးသည် တစ်ဦးတွင် ကိုရိုနာဗိုင်းရပ်စ် သံသယလက္ခဏာများ တွေ့ရှိ၍ရောဂါအတည်ပြုနိုင်ရန် စစ်ဆေးခဲ့ရာ သွေးစစ်ဆေးမှုအဖြေတွင် ကိုရိုနာဗိုင်းရပ်စ် ပိုး တွေ့ရှိခြင်းမရှိကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ပြောကြားသည်။
“တရုတ်နိုင်ငံသားရဲ့အဖြေတော့ ရပါပြီ။ သတင်းကောင်းပါ။ ပထမဆုံး ဝေဘာဂီ လူနာဓာတ်ခွဲအဖြေက Negative ပါ” ဟု ဒေါက်တာခင်ခင်ကြီးက ပြောကြားသည်။
အဆိုပါ စောင့်ကြည့်လူနာ Person Under Investigation for 2019 –nCov pneumonia အဖြစ် သတ်မှတ်ထားရှိသော တရုတ်နိုင်ငံသား အမျိုးသားထံမှ နှာခေါင်း တို့ဖတ်နမူနာများ ရယူပြီး ရည်ညွှန်းဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးခဲ့ရာ 2019 Novel Coronavirus ဗိုင်းရပ်စ်ရောဂါပိုး မရှိကြောင်း ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်းနှင့် အဆိုပါအမျိုးသား၏ ကျန်းမာရေးအခြေအနေ ကောင်း မွန်လျက်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန က ဖေဖော်ဝါရီ ၃ ရက်က ထုတ်ပြန်ကြေညာခဲ့သည်။
သို့ဖြစ်၍ အဆိုပါ တရုတ်နိုင်ငံသား အမျိုးသားကို သီးခြားခန်းတွင် ဆက်လက်ကုသ ရန်မလိုတော့သဖြင့် ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ ပြီးဖြစ်ကြောင်းနှင့် ၎င်းနှင့်အတူ မြန်မာနိုင်ငံသားခရီးသည်နှစ်ဦးသည်လည်း ကျန်းမာ ရေးကောင်းမွန်နေပြီး ရောဂါကူးစက်မှုရှိမရှိ စောင့်ကြပ်ကြည့်ရှုမှု ဆက်လက်စောင့်ကြည့် ရန် မလိုတော့သဖြင့် ဆေးရုံမှ ဆင်းခွင့်ပြု လိုက်ပြီဖြစ်ကြောင်းလည်း သတင်းထုတ်ပြန်ထားသည်။
ထို့ပြင် ကိုရိုနာဗိုင်းရပ်စ် သံသယလူနာ သုံးဦးအား မင်းပြားမြို့နယ် ကျိုင်းတုံမြို့နှင့် ရန်ကုန်မြို့တို့တွင် ထပ်မံတွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂ ရက်က သတင်းထုတ်ပြန်ခဲ့ သည်။
သတင်းထုတ်ပြန်ချက်တွင် တရုတ်နိုင်ငံ ဂျယ်ခေါင်မြို့မှ ဇန်နဝါရီ ၂၀ ရက်တွင် ရခိုင်ပြည်နယ် မင်းပြားမြို့နယ်သို့ ပြန်လည်ရောက် ရှိခဲ့သည့် အသက် ၃၈ နှစ်အရွယ်ရှိ အမျိုး သားတစ်ဦးတွင် ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူကျပ်ခြင်း ရောဂါလက္ခဏာများ တွေ့ရှိရသဖြင့် ၎င်းအား သံသယလူနာအဖြစ် သတ်မှတ်၍ မင်းပြားဆေးရုံ၌ သီးသန့်ခန်း (Isolation Ward) တွင် ထားရှိ၍ လူနာအား လိုအပ်သောဆေးကုသမှုများပေးပြီး စောင့်ကြပ်ကြည့်ရှုလျက်ရှိသည်ဟု ထုတ်ပြန်ခဲ့သည်။
ထို့ပြင် ဇန်နဝါရီ ၁၉ ရက်က တရုတ်နိုင်ငံ စီချွမ်ပြည်နယ်မှ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သည့် မိသားစုမှ အသက် တစ်နှစ်နှစ်လအရွယ်ရှိ ကလေးငယ်တစ်ဦး တွင် ဖျားခြင်း၊ ချောင်းဆိုးခြင်း ရောဂါလက္ခဏာများဖြင့် ကျိုင်းတုံမြို့ရှိ ပုဂ္ဂလိကဆေးခန်းသို့ လာရောက်ပြသခဲ့ရာ အဆိုပါကလေးငယ်ကို သံသယလူနာအဖြစ် သတ်မှတ်၍ ဖေဖော်ဝါရီ ၁ ရက်တွင် ကျိုင်းတုံပြည်သူ့ ဆေးရုံရှိ သီးခြားခန်း (Isolation Room) ၌ ထားရှိကုသလျက်ရှိပြီး လူနာ၏ အခြေအနေမှာ သက်သာကောင်းမွန်လျက်ရှိကြောင်း နှင့် လူနာနှင့် ထိစပ်မှုရှိသည့် မိသားစုဝင် စုစုပေါင်း ငါးဦးအား ရောဂါလက္ခဏာတစ်စုံ တစ်ရာမရှိသော်လည်း စောင့်ကြပ်ကြည့်ရှုလျက်ရှိကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ထို့အတူ ဖေဖော်ဝါရီ ၁ ရက် ညနေပိုင်း တွင် ရန်ကုန်မြို့မှ ပုဂ္ဂလိကဆေးရုံတစ်ခုသို့ ဖျားခြင်း၊ ချောင်ဆိုးသွေးပါခြင်း၊ အသက်ရှု ကျပ်ခြင်းရောဂါလက္ခဏာများဖြင့် လာရောက်ပြသခဲ့သူ အသက် ၁၅ နှစ်အရွယ် ထိုင်ဝမ်နိုင်ငံသားကလေးတစ်ဦးရှိကြောင်းကို ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲနှင့် ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး နှင့် ကုသရေးဦးစီးဌာနများသို့ ဆက်သွယ် အကြောင်းကြားခဲ့သဖြင့် သက်ဆိုင်ရာ ပြည်သူ့ကျန်းမာရေးပညာရှင်များက လူနာရောဂါ ရာဇဝင်နှင့် ခရီးသွားရာဇဝင်ကို သုံးသပ်ပြီး သံသယလူနာအဖြစ် သတ်မှတ်၍ ဝေဘာဂီ ဆေးရုံကြီးသို့ ချက်ချင်းလွှဲပြောင်းကုသမှု ပေးခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဖော်ပြထားသည်။















