Novel Corona Virus ကြောင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် တရုတ်နိုင်ငံရှိ မြို့များသို့ချိတ်ဆက်ပျံသန်းနေသည့် လေကြောင်းခရီးစဉ်ရပ်ဆိုင်းသည့် လေကြောင်းလိုင်း ၁၂ ခုအထိရှိလာ

Novel Corona Virus ကြောင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် တရုတ်နိုင်ငံရှိ မြို့များသို့ချိတ်ဆက်ပျံသန်းနေသည့် လေကြောင်းခရီးစဉ်ရပ်ဆိုင်းသည့် လေကြောင်းလိုင်း ၁၂ ခုအထိရှိလာ
Published 3 February 2020
ရွှန်းလဲ့ဝင်း

တရုတ်နိုင်ငံတွင် ဖြစ်ပွားနေသည့် Novel Corona Virus ကြောင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် တရုတ် နိုင်ငံရှိ မြို့များသို့ ချိတ်ဆက်ပျံသန်းနေသည့် လေကြောင်းခရီးစဉ် ရပ်ဆိုင်းသည့် လေကြောင်းလိုင်း ၁၂ ခုအထိရှိလာကြောင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ သိရသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် နှင့် လေကြောင်းခရီးစဉ် ချိတ်ဆက်ပျံသန်း မှု ယာယီရပ်နားလိုက်သည့် လေကြောင်း လိုင်းများမှ China Eastern လေကြောင်းလိုင်း၊ 9 Air လေကြောင်းလိုင်းနှင့် JC (Combodia) လေကြောင်းလိုင်း၊ Qingdao Airlines ၊ Xiamen Airlines ၊ Hainan Air နှင့်Spring Air ၊MAI ၊ MNA ၊ China Southern ၊Sichuan Airlines ၊Air China၊ Kunming Airlines တို့ဖြစ်ကြောင်း သိရသည်။

ယင်းသို့လေကြောင်းခရီးစဉ်ပျံသန်းမှု ရပ်ဆိုင်းသည့် လေကြောင်းလိုင်း ၁၂ ခုအ နက် လေကြောင်းလိုင်း ကိုးခုမှ တရုတ်နိုင်ငံ မှ လေကြောင်းလိုင်းများဖြစ်ပြီး အများစုမှာ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလကုန်အထိ လေကြောင်းခရီးစဉ်ပျံသန်းမှုများကို ရပ်ဆိုင်းထားခြင်းဖြစ်သည်။

နိုင်ငံတွင်းသို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ကူးစက်မြန်ရောဂါများ ဝင်ရောက်ပျံနှံ့မှုမရှိစေရန်အတွက် Airport Health Quarantine Team မှ ရန်ကုန်လေဆိပ်သို့ ဆင်းသက်လာသော လေယာဉ်များ အားလုံး၊ အထူးသဖြင့် ရောဂါဖြစ်ပွားပျံ့နှံ့နေသော နိုင်ငံများမှလာရောက်သည့် လေယာဉ်များအား အဓိကထား စဉ်ဆက်မပြတ် ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများအား အထူးကြပ်မတ်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။ ယင်းသို့စစ်ဆေးရာတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အသိမှတ်ပြု Infrared Thermal Scanne များဖြင့် အဖျားတိုင်း တာစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းစဉ်များအား ဆောင်ရွက်နေသကဲ့သို့ SOP များ ချမှတ်ပြီးလေကြောင်းလိုင်းများအပါအဝင် အခြားဌာနဆိုင်ရာများနှင့်ပါ ပူးပေါင်းကာ အသေးစိတ်စစ်ဆေးမှုများ ဆောင်ရွက်နေကြောင်း သိရသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ကမ္ဘာ လှည့်ခရီးသွားများကို ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်များမှ ဆိုက်ရောက်ဗီဇာ (Visa On Arrival) ဖြင့် ဝင်ရောက်ခွင့် ယာယီရပ်ဆိုင်းခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟူပေပြည် နယ် ဝူဟန်မြို့မှ စတင်ဖြစ်ပွားခဲ့သည့် ၂၀၁၉ Corona Virus (2019 n-Cov) ကြောင့် အဆုတ်ရောင်ရောဂါကူးစက်ပြန့်ပွားမှုနှင့် ပတ်သက်၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးမှ ကမ္ဘာလုံးဆိုင်ရာ အရေးပေါ်အခြေအနေအဖြစ် ၃၀-၁-၂၀၂၀ ရက်မှစ၍ ကြေညာခဲ့ပြီး မလိုအပ်ဘဲ ခရီးသွားလာခြင်းမပြုရန်နှင့် ကာကွယ်ကုသထိန်းချုပ်ရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရန် ထုတ်ပြန်ခဲ့သည်။

ယင်းသို့ ဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှုအထူးစိုးရိမ်ဖွယ်ရာအခြေအနေသို့ ရောက်ရှိလာခြင်းကြောင့်လည်းကောင်း၊ မြန်မာနိုင်ငံသား ပြည်သူပြည်သားများ၏ ကျန်းမာရေး အတွက် ယင်းကူးစက်ရောဂါကို ကာကွယ်ထိန်းချုပ်ရန်အတွက်လည်းကောင်း တရုတ် ပြည်သူ့သမ္မတနိုင်ငံမှ မြန်မာနိုင်ငံသို့ လာရောက်ကြမည့် ကမ္ဘာလှည့်ခရီးသွားများအား ဆိုက်ရောက်ဗီဇာထုတ်ပေးခြင်းအား ယာယီ ရပ်ဆိုင်းထားရန် သက်ဆိုင်ရာဌာနများသို့ အကြောင်းကြားထားကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက ဖေဖော်ဝါရီ ၁ ရက်က ထုတ်ပြန်ခဲ့သည်။                              

Most Read

Most Recent