“အရှေ့အလယ်ပိုင်းမှာ နိဒါန်းသစ်တစ်ရပ် စတင်ဖို့ ကျွန်တော်တို့ အတူတကွ ဖန်တီးနိုင်ပါပြီ” ဟု ထရန့်က ဇန်နဝါရီ ၂၈ ရက်တွင် ပြောကြားခဲ့သည်။ အိမ်ဖြူတော်ရှိ East Room ထဲတွင် သမ္မတထရန့်သည် အစ္စရေး ဝန်ကြီးချုပ် နေတန်ယာဟုနှင့်အတူ ယှဉ်တွဲရပ်ပြီးသကာလ ကာလရှည်ကြာစွာ နှောင့် နှေးနေခဲ့သော အစ္စရေး-ပါလက်စတိုင်းငြိမ်းချမ်းရေး အစီအစဉ်အတွက် အမေရိကန်က ကြားဝင်ဖျန်ဖြေမှုများ ပြုလုပ်ခဲ့သည်မှာ ဆယ်စုနှစ်များစွာကြာခဲ့သော်လည်း အောင် မြင်မှုများနှင့် အလှမ်းဝေးနေခဲ့သည်။ ယခု အခါတွင်မူ ထိုကျဆုံးမှုများ ကျော်လွှားနိုင် လိမ့်မည်ဟု မိမိယုံကြည်ထားကြောင်း ထရန့် က ပြောကြားလိုက်သည်။ ထို့ပြင် ယခင်က သံတမန်ရေးရာ ကြိုးပမ်းမှုများသည် ရေရာ မှုမရှိဟု ထရန့်က ဝေဖန်ခဲ့သည်။
စာမျက်နှာ ၈၀ ပါပြီး သုံးနှစ်ကြာ ရေးခဲ့ရသော အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေး အစီအစဉ်၌ အရှေ့အလယ်ပိုင်းရှိ အိမ်နီးချင်း များ၏ အနာဂတ် မြေပုံကိုလည်း အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးအစီအစဉ်၌ ထည့် သွင်းထားသည်။ ထရန့်၏ အရှေ့အလယ်ပိုင်းဆိုင်ရာ ငြိမ်းချမ်းရေး အစီအစဉ်သည် ပါလက်စတိုင်း ပိုင်နက်များပေါ်တွင် ဂျူးများ နေထိုင်ခွင့်ကို တရားဝင်စေခြင်းဖြစ်ရာ အ နောက်ဘက်ကမ်းတွင် အစ္စရေးများ အခြေ ချခြင်းသည် နိုင်ငံတကာ တရားဥပဒေကို ချိုးဖောက်နေခြင်းပင်ဖြစ်သည်။ ပါလက်စ တိုင်းပိုင်နက်ကို အစ္စရေးတို့က မိမိတို့ပိုင် နက်အဖြစ် ချဲ့ထွင်ခြင်းကို ထောက်ခံရာရောက်ပြီး နောင်တစ်ချိန်တွင် ယင်းဒေသကို အစ္စရေးတို့ရရှိပြီး ချုပ်ကိုင်နိုင်တော့မည်ဖြစ်သည်။
အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေး အစီအစဉ်ကို မထုတ်ပြန်မီကတည်းက သမ္မတ ထရန့်အနေဖြင့် မိမိချပြမည့် အစီအစဉ်ကို ပါလက်စတိုင်းခေါင်းဆောင်များက လက်မခံဘဲ ငြင်းပယ်လိမ့်မည်ဖြစ်ကြောင်း ပြောကြား ခဲ့သေးသည်။ မည်သည့်အတွက်ကြောင့် ထ ရန့်အနေဖြင့် ဤငြိမ်းချမ်းရေးအစီအစဉ်ကို တင်ပြရသနည်းဆိုသော မေးခွန်းအတွက် အဖြေတစ်ခုကတော့ ဝန်ကြီးချုပ် နေတန် ယာဟုသည် ဇန်နဝါရီတွင် ခြစားမှုသုံးခုနှင့် ပတ်သက်ပြီး စွဲချက်တင်ခံနေရသလို မတ်လ ၂ ရက် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရ မည်ဖြစ်သည်။ အခြားတစ်ဘက်တွင်လည်း သမ္မတထရန့်ကိုယ်တိုင် အာဏာအလွဲသုံး စားလုပ်မှု စွပ်စွဲချက်နှင့် ပတ်သက်၍ တရား ရုံးတွင် ကြားနာစစ်ဆေးမှုနှင့် ရင်ဆိုင်နေ ရသည်။ ထို့ပြင် နိုဝင်ဘာတွင် ကျင်းပမည့် ရွေးကောက်ပွဲတွင်လည်း ထပ်မံ အနိုင်ရရှိ ရေးအတွက် အခက်အခဲများနှင့် ရင်ဆိုင်နေ ရရာ ထရန့်ရော၊ နေတန်ယာဟုပါ စွပ်စွဲပြစ် တင်မှုများနှင့်ရော ရွေးကောက်ပွဲဝင်ရောက် ယှဉ်ပြိုင်ရေးပါ အခက်အခဲများ နှင့် ရင်ဆိုင် နေကြရသည့်အနေအထား ရောက်နေချိန်တွင် ထရန့်က အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးအစီအစဉ်ကို ထုတ်ဖော်လိုက်ခြင်းဖြစ်သည်။
ဤ အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေး အစီအစဉ်ကို ထရန့်နှင့် နေတန်ယာဟုတို့ ပူးပေါင်းကြံစည်ထားချက်အဖြစ် ပါလက်စတိုင်း သမ္မတ အဘားစ်က ရှုမြင်ထားသည်။ ယခုအစီအစဉ်သည် ပါလက်စတိုင်းများကို သမိုင်းအမှိုက်ပုံထဲကို ပို့ဆောင်စေမည်ဟု အဘားစ်က ပြောကြားခဲ့သည်။
“ကျွန်တော် ထရန့်နဲ့ နေတန်ယာဟုကို ပြောမယ်၊ ဂျေရုစလင်ဟာ ရောင်းချဖို့မဟုတ် ဘူး။ ကျွန်တော်တို့ရဲ့ ရပိုင်ခွင့်တွေဟာ ရောင်းချဖို့ မဟုတ်ဘူး။ ဘာနဲ့မှလည်း အပေး အယူလုပ်ဖို့ လဲလှယ်ဖို့ မဟုတ်ဘူး။ ခင်ဗျား တို့ ပြောတဲ့ ငြိမ်းချမ်းရေးအစီအစဉ်ဆိုတာ ကလည်း သစ္စာဖောက်မှုတစ်ခုပဲ။ ကျွန်တော် တို့ လက်မခံနိုင်ဘူး” ဟု အဘားစ်က အနောက်ဘက်ကမ်းခြေရှိ ရာမာလာမြို့မှနေ ၍ ရုပ်သံမှတစ်ဆင့် ပြောကြားခဲ့သည်။
ထရန့်၏ အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးအစီအစဉ် မကြေညာမီအချိန်၌ ဂါဇာကမ်းခြေတွင် ထောင်ပေါင်းများစွာသော ပါလက်စတိုင်းများက ဆန္ဒပြပွဲများ ပြုလုပ်ခဲ့ကြ သည်။ အစ္စရေး ၄၀၀,၀၀၀ ခန့်သည် အ နောက်ဘက်ကမ်းခြေရှိ လူနေအခြေစိုက်စခန်းများတွင် နေထိုင်လျက်ရှိရာ ဤသို့ နေ ထိုင်ခြင်းသည် နိုင်ငံတကာ တရားဥပဒေကို ဆန့်ကျင်သည့် သဘောသက်ရောက်လျက် ရှိသော်လည်း အစ္စရေးတို့ကမူ တရားဥပဒေနှင့် မညီဆိုသော အချက်ကို ငြင်းပယ် ထားသည်။
ထရန့်ကမူ အရှေ့အလယ်ပိုင်း ငြိမ်း ချမ်းရေးလုပ်ငန်းစဉ်ထဲတွင် အစ္စရေးတို့ သည် ကြီးမားသော ခြေလှမ်းတစ်လှမ်းချခဲ့ ကြောင်း၊ ယခုငြိမ်းချမ်းရေး အစီအစဉ်သည် ပါလက်စတိုင်းနှင့် အစ္စရေးတို့ နှစ်ဦးနှစ်ဖက် စလုံး အပြန်အလှန် အကျိုးဖြစ်စေမည့်
လုပ်ငန်းစဉ်ဟု ယူဆကြောင်းနှင့် အထူးသ ဖြင့် ပါလက်စတိုင်း၏ နိုင်ငံတည်ရှိမှုနှင့် အစ္စ ရေးနိုင်ငံ၏ လုံခြုံမှုတို့ကို အာမခံချက်ပေးနိုင် မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထရန့် အဆိုပြုချက်များထဲတွင် အငြင်း ပွားနေသည့် ပိုင်နက်များတွင် အစ္စရေးတို့၏ တည်ရှိမှုကို အမေရိကန်က အသိအမှတ်ပြု သည်။ ထို့ပြင် ပါလက်စတိုင်းတို့၏ ပိုင်နက် ကို နှစ်ဆခန့် ရှိစေရေးလည်း ပါဝင်သည်။ ပါလက်စတိုင်းမြို့တော် အရှေ့ဂျေရုစလင် ကိုမူ အစ္စရေးတို့က ၁၉၆၇ စစ်ပွဲတွင် သိမ်း ပိုက်ထားခြင်းဖြစ်ရာ ဤဒေသမှာ မိမိတို့၏ အနာဂတ်မြို့တော်အဖြစ် ပါလက်စတိုင်းတို့ က ရည်ရွယ်ထားသည်။ ဂျေရုစလင်နှင့် ပတ် သက်၍ အစ္စရေးနှင့် ပါလက်စတိုင်းတို့ ပူးတွဲ ပိုင်ဆိုင်မှု ထားရှိရေးကို ထရန့်က တင်ပြထား သည်။ တစ်ဖက်တွင်မူ ပါလက်စတိုင်းတို့ အနေဖြင့် လွတ်လပ်သော နိုင်ငံတစ်ခုအဖြစ် တည်ထောင်ရေး လုပ်ဆောင်နိုင်ကြောင်း ဖော်ပြထားသည်။ အနောက်ဘက်ကမ်းခြေ တွင် ရှိနေသည့် ပါလက်စတိုင်းနှင့် အစ္စရေး တို့၏နေအိမ်များကို ဖြိုဖျက်ခြင်းမပြုရ။ အစ္စ ရေး လူနေအခြေစိုက်စခန်းများကို ယခုအ တိုင်း ဆက်လက်တည်ရှိစေရေမည်ဟု ဖော် ပြထားသည်။
ပါလက်စတိုင်းတို့သည် ဆင်းရဲမွဲတေ မှုပြဿနာများနှင့် ရင်ဆိုင်နေကြရသည်။ အကြမ်းဖက်မှုများနှင့်လည်း ကြုံတွေ့နေရ သည်။ သူတို့သည် အကြမ်းဖက်မှုနှင့် အစွန်း ရောက်မှု နယ်ရုပ်လေးများသဖွယ် ဖြစ်နေကြ သည်။ သူတို့အတွက် ပိုမိုကောင်းမွန်သော လူနေမှုဘဝမျိုး ခံစားခွင့်ရှိသည်ဟု ထရန့်က ပြောကြားခဲ့သည်။
ထရန့်၏ တင်ပြချက်ထဲတွင် အနောက် ဘက်ကမ်းခြေကို ယခုအတိုင်း ဆက်လက် ထားရှိရေး ပါဝင်သည်။ ထရန့်၏ အဆိုပြု ချက်ကို နေတန်ယာဟုက ထောက်ခံမှုများ ပြုလုပ်ထားသည့် အရှေ့အလယ်ပိုင်း ငြိမ်း ချမ်းရေးအစီအစဉ်သည် အနောက်ဘက် ကမ်းခြေတွင် အခြေချနေထိုင်သည့် အစ္စ ရေးများအရေး၊ ဂျေရုစလင်မြို့ပြဿနာ၊ ပါ လက်စတိုင်းဒုက္ခသည်များ၏ အနေအထား များကို ဖြေရှင်းရန် ရည်ရွယ်ထားသည်မှာ မှန်သော်လည်း အစ္စရေးတို့ဘက် အသာစီး ရစေသော အစီအစဉ်များ ဖြစ်နေသည်။ ထရန့်နှင့် နေတန်ယာဟုတို့၏ အရှေ့အ လယ်ပိုင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ပါ လက်စတိုင်းများက မတက်ရောက်ဘဲ သ ပိတ်မှောက်ထားခဲ့သည်။
အရှေ့ဂျေရုစလင်ကို ပါလက်စတိုင်း တို့၏ မြို့တော်အဖြစ် သတ်မှတ်ရေးသည် ပါလက်စတိုင်းတို့၏ အဓိက ပန်းတိုင်ဖြစ် သည်။ ထရန့်၏ ငြိမ်းချမ်းရေး အစီအစဉ်ထဲ တွင် ဂျေရုစလင်ကို အစ္စရေးနှင့် ပါလက် စတိုင်းတို့အတူ ပူးတွဲပိုင်ဆိုင်နေခြင်းဖြစ် သဖြင့် ခွဲခြား၍မရဟု ဖော်ပြထားသည်။
“ကျွန်တော်တို့ အကြိမ်ထောင်ပေါင်းများစွာ ပြောခဲ့ပြီးပါပြီ။ ပါလက်စတိုင်းတွေ၊ အာရပ် တွေ၊ မွတ်စလင်၊ ခရစ်ယာန် ကလေးသူငယ် တွေအနေနဲ့ ဂျေရုစလင်ဟာ ပါလက်စတိုင်း မြို့တော်ဖြစ်ရမယ်။ အဲဒီလို မဟုတ်ဘဲနဲ့ ပါ လက်စတိုင်းနိုင်ငံ တည်ထောင်လို့ မရဘူး။ ဒီတော့ အမေရိကန်နဲ့ အစ္စရေးတို့ တင်ပြတဲ့ အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေး အစီအစဉ် ကို ကျွန်တော် ကန့်ကွက်တယ်။ ကျွန်တော်တို့ ရပ်တည်ချက်က မှန်တယ်” ဟု အဘားစ်က ပြောကြားခဲ့သည်။
ဂါဇာကမ်းခြေကို ချုပ်ကိုင်ထားသော ဟားမားစ် စစ်သွေးကြွများကလည်း ထရန့် အဆိုပြုထားသော အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးအစီအစဉ်ကို လက်မခံကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ ဤအစီအစဉ်သည် ပါလက်စတိုင်းနိုင်ငံ တည်ထောင်ရေး စီမံကိန်းကို ဖြိုခွင်းသည့် အစီအစဉ်မျှသာ ဖြစ်ကြောင်း ထုတ်ပြန်လိုက်သည်။ ယခု အစီအစဉ်သည် အစ္စရေးတို့အနေဖြင့် ပါလက်စတိုင်းပိုင်နက်ကို သိမ်းပိုက်လိုက်နိုင်ရေးကို တရားဝင်ဖော်ဆောင်သည့် သဘောသက်ရောက်နေကြောင်း ဝေဖန်မှုများ ထွက်ပေါ် နေသည်။
၂၀၁၇ တွင် ပါလက်စတိုင်းနှင့် ထရန့် အစိုးရကြား ဆက်ဆံရေးများ ဖြတ်တောက်ခဲ့သည်။ ဤသို့ ဖြစ်ရသည်က ဂျေရုစလင်ကို အစ္စရေးနိုင်ငံ၏ မြို့တော်အဖြစ် သတ်မှတ် ချက်ကို ၀ါရှင်တန်က ထောက်ခံခဲ့သည်။ တဲ အဗစ်တွင် ဖွင့်လှစ်ထားသော အမေရိကန်သံရုံးကို ဂျေရုစလင်သို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့သည်။ ဤသို့ဖြင့် အမေရိကန်နှင့် ပါလက်စတိုင်းတို့၏ ဆက်ဆံရေးများ ပြတ်တောက်ခဲ့ရတော့သည်။
ဂျေရုစလင်အရေး၊ ပါလက်စတိုင်းနိုင်ငံ တည်ထောက်မှုအရေး၊ အစ္စရေး-ပါလက် စတိုင်းနယ်စပ်အရေး၊ အနောက်ဘက်ကမ်းခြေနှင့် အရှေ့ဂျေရုစလင်ရှိ လူနေအခြေချမှု များအရေး၊ အရှေ့အလယ်ပိုင်းမှ ပါလက် စတိုင်းဒုက္ခသည် ၅ ဒသမ ၅ သန်းအရေးတို့ မှာ ဖြေရှင်းရမည့် အဓိက ပြဿနာများဖြစ် နေသည်။ နိုင်ငံရေး အကဲခတ်သမားများ ကတော့ ထရန့်၏ အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေး အစီအစဉ်သည် အစ္စရေးရွေးကောက် ပွဲ ဝင်ရောက်မည့် နေတန်ယာဟုအတွက် အထောက်အကူဖြစ်စေသည်ဟု ဝေဖန်သုံးသပ်ခဲ့သည်။ နိုင်ငံရေး ပြဿနာများ ကြုံတွေ့ ရသော ထရန့်နှင့် နေတန်ယာဟုတို့၏ အရှေ့ အလယ်ပိုင်း ငြိမ်းချမ်းရေး အစီအစဉ်သည် အမှန်တကယ် အကောင်အထည်ဖော်နိုင်ခြင်းရှိမည် မရှိသည်မှာ စောင့်ကြည့်ရမည့် ကိစ္စဖြစ်နေသော်လည်း ထရန့်နှင့် နေတန်ယာဟုတို့ကတော့ နိုင်ငံရေးကစားကွက်တစ်ခုအဖြစ် ငြိမ်းချမ်းရေးအစီအစဉ်ကို ရှေ့တန်းတင်လာခဲ့ခြင်းဖြစ်သည်။










