ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်တွင် နောက်ထပ်လူ ၄၅ ဦး သေဆုံးခဲ့ပြီး စုစုပေါင်းသေဆုံးသူအရေအတွက် ၃၀၄ ဦးအထိ ရှိလာ

ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်တွင် နောက်ထပ်လူ ၄၅ ဦး သေဆုံးခဲ့ပြီး စုစုပေါင်းသေဆုံးသူအရေအတွက် ၃၀၄ ဦးအထိ ရှိလာ
ဇန်နဝါရီ ၂၆ ရက်က ဝူဟန်မြို့တွင် ရောဂါကာကွယ်ရေးဝတ်စုံများ ဝတ်ဆင်ထားသည့် ဆေးဘက်ဝန်ထမ်းများက  လူနာတင်ကားတစ်စီးအနီး လူနာတစ်ဦးကို ကူညီနေစဉ်
ဇန်နဝါရီ ၂၆ ရက်က ဝူဟန်မြို့တွင် ရောဂါကာကွယ်ရေးဝတ်စုံများ ဝတ်ဆင်ထားသည့် ဆေးဘက်ဝန်ထမ်းများက လူနာတင်ကားတစ်စီးအနီး လူနာတစ်ဦးကို ကူညီနေစဉ်
Published 2 February 2020
Ref: CNA/ AFP

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကြောင့် တရုတ်နိုင်ငံအလယ်ပိုင်း ဟူဘေးပြည်နယ်တွင် သေဆုံးသူ ၄၅ ဦး ထပ်တိုးလာခဲ့ပြီး ဖေဖော်ဝါရီ ၁ ရက်နေ့အထိ သေဆုံးသူအရေအတွက် စုစုပေါင်းမှာ ၃၀၄ ဦးအထိ ရှိ လာပြီဖြစ်ကြောင်း တရုတ်နိုင်ငံပိုင် ရုပ်သံဌာနက သတင်းထုတ်ပြန်ခဲ့သည်။

ရောဂါကူးစက်ဖြစ်ပွားမှု စတင်ရာ ဟူဘေးပြည်နယ်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၁,၉၂၁ ဦးထပ်တိုးလာခဲ့ပြီး ထိုပြည်နယ်တစ်ခုတည်းတွင်ပင် ဗိုင်းရပ်စ်ကူးစက်ခံရသူ အရေအတွက်စုစုပေါင်း ၉,၀၇၄ ဦးအထိ ရှိလာကြောင်း သိရသည်။

တရုတ်တစ်နိုင်ငံလုံးတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူ အရေအတွက်မှာ ၁၄,၃၀၀ ကျော်ထိရှိနေပြီဖြစ်သည်။ ဗိုင်းရပ်စ်ပိုးကြောင့် နိုင်ငံအတွင်း၌ လူသေဆုံးမှု အများဆုံးနှင့်ကူးစက်ခံရမှုအများဆုံး ဒေသမှာ လူဦးရေ ထူထပ်သိပ်သည်းသော ဟူဘေးပြည်နယ်ဖြစ်သည်။

ကိုရိုနာဗိုင်းရပ်စ်သည် လူဦးရေ ၁၁ သန်းကျော်နေထိုင်ရာ ဝူဟန်မြို့၌ ပြီးခဲ့သည့် ဒီဇင်ဘာလတွင် စတင်ကူးစက်ပျံ့နှံ့ခဲ့ခြင်းဖြစ်ပြီး ဒေသဆိုင်ရာအာဏာပိုင်များက ဗိုင်းရပ်စ်ကူးစက်ပျံနှံ့မှု ထိန်းချုပ်ခြင်းအား အလွန် နှေးကွေးစွာ လုပ်ဆောင်နေခြင်းကြောင့် ဝူဟန်မြို့ရှိ ကွန်မြူနစ်ပါတီဝင်ထိပ်တန်း တာဝန်ရှိသူတစ်ဦးက ၎င်း၏အပြစ်မကင်းသည့် ခံစားချက်ကို ဖွင့်ဟခဲ့သည်။

သဘာဝတောရိုင်းတိရစ္ဆာန်များကို ရောင်းချသည့် ဝူဟန်မြို့ အသားစျေးတစ်ခုမှ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့ခဲ့ခြင်း ဖြစ်သည်ဟု ယူဆထားကြသည်။ ပြီးခဲ့သည့် သီတင်းပတ်တွင် တရုတ်ဗဟိုအစိုးရအဖွဲ့က ဟူ ဘေးပြည်နယ်အနီးတစ်ဝိုက်နှင့် ဝူဟန်မြို့ကို ပိတ်ဆို့ခဲ့ပြီး ပြည်သူများအား နိုင်ငံရပ်ခြား ခရီးသွားရောက်ခြင်းကို ပိတ်ပင်တားမြစ်ခဲ့သည်။

နိုင်ငံ ၂၀ ကျော်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုများဖြစ်ပွားလာခြင်းနှင့်အတူ ဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှုကို ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်း (WHO) က ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး အရေးပေါ်အခြေအနေကြေ ညာထားသည်။ သို့သော် WHO အနေဖြင့် နိုင်ငံတကာကုန်သွယ်မှု သို့မဟုတ် အပြည်ပြည်ဆိုင်ရာ ခရီးသွားလာမှုတို့ကို ကန့်သတ်မှုများ လုပ်ဆောင်ရန် အကြံပြုမထားကြောင်း ထုတ်ပြန်ခဲ့သည်။

လူသေဆုံးမှုများလာသော ကိုရိုနာဗိုင်း ရပ်စ်ကူးစက်ပြန့်ပွားမှုကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ထိန်းချုပ်၊ တိုက်ဖျက်ရာတွင် အကူအညီတိုးမြှင့်ပေးအပ်နေသော တရုတ်ဗဟိုဘဏ်က နိုင်ငံ့စီးပွားရေးစနစ်အတွင်းသို့ ဘဏ္ဍာငွေ ယွမ် ၁.၂ ထရီလျံ (ဒေါ်လာ ၁၇၃ ဘီလျံ) ထည့်သွင်းမည်ဟု ဖေဖော်ဝါရီ ၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ကူးစက်ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း ငွေကြေးစျေးကွက်တည်ငြိမ်စေရန်၊ ဘဏ်စနစ်တွင် သင့်တင့်မျှတသော၊ ကြွယ်ဝသော ငွေပေါ်လွယ်မှုကို ထိန်းသိမ်းထားရန်အတွက် ယွမ်ငွေ ၁.၂ ထရီလျံ ထည့်သွင်းမည် ဖြစ်ကြောင်း တရုတ်ပြည်သူ့ဗဟိုဘဏ် (PBOC) က ကြေညာခဲ့သည်။

ဘဏ်စနစ်၏ ငွေပြန်ပေါ်လွယ်မှုကို ယေဘုယျခန့်မှန်းပါက ယွမ်ဘီလျံ ၉၀၀ (ဒေါ်လာ ၁၂၉ ဘီလျံ) ရှိလိမ့်မည်ဖြစ်ပြီး ပြီးခဲ့သည့်နှစ်ထက် ငွေပမာဏပိုများလိမ့် မည်ဖြစ်ကြောင်း PBOC က ဆိုသည်။

ဆေးဝါးကုမ္ပဏီများကဲ့သို့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုတိုက်ဖျက်ရေးတွင် အကူအညီပေးနေကြသော စီးပွားရေးလုပ်ငန်းများကို ငွေကြေးနှင့်ချေးငွေထောက်ပံ့ခြင်းများ တိုးမြှင့်လုပ်ဆောင်မည့် စီမံချက်များကို PBOC က ဖေဖော်ဝါရီ ၁ ရက်တွင် ထုတ်ပြန် ကြေညာခဲ့သည်။

 

 

Most Read

Most Recent