မန္တလေးတက္ကသိုလ်အတွင်း Food Court ဆောက်လုပ်မှုနဲ့ နောက်ဆက်တွဲ အရေးယူမှုတွေအပေါ် ဆက်လက်စောင့်ကြည့်နေတဲ့ ကျောင်းသားသပိတ်

မန္တလေးတက္ကသိုလ်အတွင်း Food Court ဆောက်လုပ်မှုနဲ့ နောက်ဆက်တွဲ အရေးယူမှုတွေအပေါ် ဆက်လက်စောင့်ကြည့်နေတဲ့ ကျောင်းသားသပိတ်
မန္တလေးတက္ကသိုလ်အတွင်း Food Court ဆောက်လုပ်မှုနှင့်ပတ်သက်၍ မန္တလေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂက ဇန်နဝါရီ ၂၉ ရက်တွင် သပိတ်မှောက် ဆန္ဒထုတ်ဖော်စဉ် (ဓာတ်ပုံ-ဌေးလှအောင်)
မန္တလေးတက္ကသိုလ်အတွင်း Food Court ဆောက်လုပ်မှုနှင့်ပတ်သက်၍ မန္တလေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂက ဇန်နဝါရီ ၂၉ ရက်တွင် သပိတ်မှောက် ဆန္ဒထုတ်ဖော်စဉ် (ဓာတ်ပုံ-ဌေးလှအောင်)
Published 2 February 2020
ဌေးလှအောင်

မန္တလေးတက္ကသိုလ်အတွင်း Food Court ဆောက်လုပ်မှုမှာ နိုင်ငံတော်သမ္မတရုံးရဲ့ (၁/၂၀၁၇) ဖြစ်တဲ့ အမိန့်၊ ညွှန်ကြားချက်တွေကို လိုက်နာရန်ပျက်ကွက်ခဲ့တာကြောင့် မန္တလေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသီတာဝင်းကို ဇန်နဝါရီ ၂၈ ရက်မှာ ပညာရေးဝန်ကြီးဌာနက ရာထူးကနေ အငြိမ်းစားပေးလိုက်ပြီး အရေးယူလိုက်ပါတယ်။ ဒီလိုအရေးယူမှုတွေ မဖြစ်ခင်မှာ မန္တလေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂက Food Court ဆောက်လုပ်မှုဟာ သမ္မတရုံးရဲ့အမိန့်၊ ညွှန်ကြားချက်တွေနဲ့ တည်ဆဲဥပဒေတွေကို ချိုးဖောက်ပြီး တင်ဒါခေါ်ယူခြင်းမရှိခဲ့တာကြောင့် ပွင့်လင်းမြင်သာမှုမရှိတဲ့အတွက် ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် စက်တင်ဘာလက စတင်ပြီး သက်ဆိုင်သူတွေအပေါ် အရေးယူဆောင်ရွက်ပေးဖို့ သပိတ်မှောက် တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်က စတင်ခဲ့တဲ့ ကျောင်းသားများရဲ့သပိတ်မှောက် တောင်းဆိုဆန္ဒထုတ်ဖော်မှုဟာ သက်ဆိုင်ရာက စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေစဉ်မှာ ခေတ္တရပ်နားခဲ့ပြီး စောင့်ကြည့်နေခဲ့ကြပါတယ်။

ကျောင်းသားများရဲ့ သပိတ်မှောက် တောင်းဆိုဆန္ဒထုတ်ဖော်မှု ခေတ္တရပ်နားထားပြီး စောင့်ကြည့်နေခဲ့ရာကနေ ယခုနှစ် ဇန်နဝါရီလမှာတော့ သက်ဆိုင်ရာ ပညာရေးဝန်ကြီးဌာနက စုံစမ်းစစ်ဆေးမှုရလဒ်တွေကို လေးလကျော် ကြာမြင့်လာချိန်အထိ အပြီးသတ် ထုတ်ပြန်ပေးနိုင်ခြင်းမရှိသေးတာကြောင့် အပြီးသတ်ရလဒ်တွေနဲ့ အရေးယူ ဆောင်ရွက်မယ့် အခြေအနေတွေကို အမြန်ဆုံးထုတ်ပြန်ပေးဖို့ ဇန်နဝါရီ ၉ ရက်ကစတင်ပြီး ကျောင်းသားတွေက သပိတ်မှောက် ဆန္ဒထုတ်ဖော်မှုတွေ ပြန်လည်စတင်ခဲ့ကြပါတယ်။ အဲဒီလို သပိတ်မှောက် တောင်းဆိုဆန္ဒ ထုတ်ဖော်မှုတွေ ပြန်လည်ပြုလုပ်ခဲ့ပြီး သပိတ်တိုက်ပွဲ ရက် ၁၄၈ ရက်မြောက် သို့မဟုတ် လေးလ ကျော် ငါးလဝန်းကျင်ဖြစ်တဲ့ ဇန်နဝါရီ ၂၈ ရက်မှာ မန္တလေးတက္ကသိုလ်ပါမောက္ခချုပ်ကို ပညာရေးဝန်ကြီးဌာန ရာထူးကနေအငြိမ်းစားပေး အရေးယူခဲ့တာဖြစ်ပါတယ်။

 

ကျောင်းသားတွေ ဘာကြောင့်သပိတ်မှောက်ရတာလဲ

မန္တလေးတက္ကသိုလ် ကျောင်းသား သပိတ်အပေါ် လူမှုကွန်ရက်စာမျက်နှာနဲ့ အပြင်မှာ အမြင်အမျိုးမျိုးနဲ့ ပြောဆိုကြတာ၊ ဝေဖန်ကြတာ၊ ထောက်ခံတာ စသည်ဖြင့် အမြင်အမျိုးမျိုးနဲ့ သုံးသပ်ပြောဆိုနေကြတာ တွေ့နေရပါတယ်။ အဓိကအဖြေကို မြင်အောင်ကြည့်ဖို့ လိုအပ်ပါတယ်။ ကျောင်းသားတွေ ဘာကြောင့် သပိတ်မှောက်ကြတာလဲ။ ဘာကြောင့် ကျောင်းသားတွေ သပိတ်မှောက်ကြတာလဲဆိုတဲ့အဖြေကို မြင်ခဲ့မယ်ဆိုရင်တော့ ဝေဖန်မှုတွေ၊ ကန့်ကွက်မှုအသံတွေ သူ့အလိုလိုပျောက်သွားမှာ ဖြစ်ပါတယ်။ ဒါဆို ကျောင်းသားတွေ ဘာကြောင့် သပိတ်မှောက်ကြတာလဲဆိုတာ ဆက်လက်လေ့လာ ကြည့်ရအောင်ပါ။

မန္တလေးတက္ကသိုလ်အတွင်းမှာ Food Court လို့ဆိုတဲ့ ကျောင်းသားကျောင်းသူတွေ  ဆရာ ဆရာမတွေနဲ့ ဝန်ထမ်းတွေအတွက် စားသောက်ဆိုင်တန်း ဆောက်လုပ်ရာမှာ တက္ကသိုလ်ပါမောက္ခချုပ်က နိုင်ငံတော် သမ္မတရုံးရဲ့ ညွှန်ကြားချက်နဲ့ တည်ဆဲဥပဒေတွေကို ချိုးဖောက်ပြီး ဥပဒေနဲ့အညီ တင်ဒါခေါ်ယူခဲ့ခြင်း မရှိခဲ့ဘဲ Oriental House ကို ဆောက်လုပ်ခွင့်ပေးခဲ့တာ ဖြစ်ပါတယ်။ သမ္မတရုံးရဲ့ အမိန့်ညွှန်ကြားချက် (၁/၂၀၁၇)ဆိုတဲ့ တင်ဒါလုပ်ငန်းဆိုင်ရာ ညွှန်ကြားချက်တွေကို လိုက်နာဆောင်ရွက်ခြင်း လုံးဝမရှိခဲ့တာကြောင့် သက်ဆိုင်ရာ တက္ကသိုလ်ပါမောက္ခချုပ်နဲ့ တက္ကသိုလ်စီမံခန့်ခွဲရေးအဖွဲ့အပေါ် အရေးယူဆောင်ရွက်ပေးဖို့ မန္တလေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂက သပိတ်မှောက် တောင်းဆိုဆန္ဒထုတ်ဖော်ခဲ့တာ ဖြစ်ပါတယ်။

ကျောင်းသားများက သပိတ်မှောက် တောင်းဆိုဆန္ဒထုတ်ဖော်ရာမှာ “ နိုင်ငံတော် သမ္မတညွှန်ကြားချက်နှင့် တည်ဆဲဥပဒေများအား ဖောက်ဖျက်ကျူးလွန်သော မန္တလေးတက္ကသိုလ် ကျောင်းအုပ်ချုပ်ရေးအဖွဲ့အား အမြန်ဆုံးအရေးယူပေးရေး၊ မန္တလေးတက္ကသိုလ်အား အသုံးချ၍ ကိုယ်ကျိုးရှာသော ပါမောက္ခချုပ်အလိုမရှိ၊ ပညာရေးဝန်ကြီးဌာန၏ အချိန်ဆွဲ၍ဘက်လိုက်သော ဖြေရှင်းမှု အလိုမရှိ၊ မှန်ကန်မျှတသော အပြီးသတ် စုံစမ်းစစ်ဆေးမှုရလဒ် အမြန်ဆုံးထုတ်ပြန်ပေးရေး” အစရှိတဲ့ တောင်းဆိုချက်တွေနဲ့အတူ မန္တလေးတက္ကသိုလ်ပင်မဆောင်ရှေ့မှာ ကျောင်းသားများက သပိတ်စခန်းဖွင့်ပြီး တောင်းဆိုခဲ့ကြပါတယ်။

လက်ရှိအချိန်မှာတော့ မန္တလေးတက္ကသိုလ်ကျောင်းသားသပိတ်ကို ကျောင်းသားထု အစည်းအဝေး ဆုံးဖြတ်ချက်အရ ဇန်နဝါရီ ၃၀ ရက်က စတင်ပြီး ယာယီရပ်ဆိုင်းထားလိုက်ပါတယ်။ ဘာကြောင့် သပိတ်ကို ယာယီရပ်ဆိုင်းခဲ့တာလဲဆိုရင် အဓိကတာဝန်ရှိတဲ့ မန္တလေးတက္ကသိုလ် ပါမောက္ခချုပ်ကို ရာထူးတာဝန်ကနေ အငြိမ်းစားပေး အရေးယူပြီးတာ၊ သက်ဆိုင်ရာ ပညာရေးဝန်ကြီးဌာနရဲ့ စုံစမ်းစစ်ဆေးမှုရလဒ်များအပေါ် အရေးယူဆောင်ရွက်မှုတွေကို ယခု ဖေဖော်ဝါရီလအတွင်းမှာ အပြီးသတ်ထုတ်ပြန်ပေးဖို့ရှိတာကြောင့် သပိတ်ကို ယာယီရပ်နားပြီး အရေးယူဆောင်ရွက်မှုတွေကို စောင့်ကြည့်သွားမှာဖြစ်တယ်လို့ ကျောင်းသားတွေက ပြောကြားပါတယ်။ သပိတ်ယာယီရပ်နားထားချိန်မှာ ပညာရေးဝန်ကြီးဌာနရဲ့ အရေးယူဆောင်ရွက်မှုတွေ အပေါ်မူတည်ပြီး သပိတ်လှန်ခြင်း၊ မလှန်ခြင်းကို ဆုံးဖြတ်သွားမှာဖြစ်တယ်လို့ ကျောင်းသားတွေက ဆိုပါတယ်။

ကျောင်းသားတွေ သပိတ်မှောက် တောင်းဆိုချက်တွေကို ကြည့်မယ်ဆိုရင် သူတို့ရဲ့ကိုယ်ရေးကိုယ်တာ ကိစ္စရပ်တွေ တစ်ခုမှ ပါဝင်တာမရှိဘူးဆိုတာ တွေ့နိုင်ပါတယ်။ အမိတက္ကသိုလ်နဲ့ပတ်သက်ပြီး မတရားမှုတွေ ရှိနေတာကို တရားမျှတမှု၊ အမှန်တရားနဲ့ အစားထိုးရယူဖို့အတွက် ကြိုးစားနေကြတယ်လို့ သုံးသပ်လို့ရနိုင်မှာ ဖြစ်ပါတယ်။ ကိုယ်ကျိုးမပါတဲ့ အများအကျိုးအတွက် ဆောင်ရွက်မှုတစ်ခုလို့ ဆိုနိုင်ပါတယ်။ ဒါဆိုရင်တော့ ကျောင်းသားတွေ ဘာကြောင့် သပိတ်မှောက် ဆန္ဒပြကြတာလဲဆိုတာ လုံလောက်ပြီလို့ ထင်ပါတယ်။

 

မန္တလေးတက္ကသိုလ်အတွင်းက Food Court ဆောက်လုပ်မှု

လက်ရှိ မန္တလေးတက္ကသိုလ်အတွင်းမှာ ဆောက်လုပ်ပြီးဖြစ်တဲ့ Food Court ဟာ Oriental House ကို တည်ဆောက်ခွင့် ပြုပေးခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာတော့ ကျောင်းသားများရဲ့ သပိတ်မှောက်ကန့်ကွက် ဆန္ဒထုတ်ဖော်ထားမှုကြောင့် ဖွင့်လှစ်မှုမရှိသေးပါဘူး။ Food Court အဆောက်အအုံနဲ့ ပတ်သက်ပြီး ယခုဖေဖော်ဝါရီလအတွင်းမှာ ကော်မတီတစ်ရပ်ဖွဲ့စည်းပြီး ဘယ်လိုလုပ်ဆောင်သွားမယ်ဆိုတာ ဆုံးဖြတ်သွားမယ်လို့ မန္တလေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ၊ သပိတ်ဦးဆောင် ကော်မတီထံက သိရပါတယ်။

ကျောင်းသားတွေရဲ့ သပိတ်မှောက်ကန့်ကွက် ဆန္ဒထုတ်ဖော်မှုကြောင့် မန္တလေးတက္ကသိုလ်အတွင်းမှာ တည်ဆောက်ထားတဲ့ Food Court အဆောက်အအုံနဲ့ပတ်သက်ပြီး ယခု ဖေဖော်ဝါရီလအတွင်းမှာ သပိတ်မှောက် ဆန္ဒထုတ်ဖော်နေတဲ့ မန္တလေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ အပါအဝင် သက်ဆိုင်ရာ ပညာရေးဝန်ကြီးဌာန၊ မန္တလေးတက္ကသိုလ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ စတဲ့ သက်ဆိုင်ရာအဖွဲ့ဝင်တွေ ပါဝင်တဲ့ ကော်မတီတစ်ရပ်ဖွဲ့စည်းပြီး လက်ရှိတည်ဆောက်ထားတဲ့ Food Court အဆောက်အအုံနဲ့ပတ်သက်ပြီး ဆုံးဖြတ်သွားမယ်လို့ ကျောင်းသားတွေဆီက သိရပါတယ်။

နိုင်ငံတော်သမ္မတရုံးရဲ့ အမိန့်ညွှန်ကြားချက်တွေကို လိုက်နာဆောင်ရွက်ခြင်းမရှိဘဲ မန္တလေးတက္ကသိုလ်အတွင်းမှာ တည်ဆောက်ထားတဲ့ Food Court အဆောက်အအုံနဲ့ ပတ်သက်ပြီး စုံစမ်းရရှိထားတဲ့ အချက်အလက်အချို့ကို တင်ပြပေးချင်ပါတယ်။ လက်ရှိ မန္တလေးတက္ကသိုလ်အတွင်း Oriental House က တည်ဆောက်ထားတဲ့ Food Court အဆောက်အအုံဟာ မန္တလေးတက္ကသိုလ် ဘောလုံးကွင်းအနီး၊ ဇေယျာဆောင် (ဆရာများဆောင်) အရှေ့ဘက် မြေဧရိယာ ၅၅ × ၁၄၀ ပေ အကျယ်အဝန်းရှိတဲ့ မြေနေရာမှာ တည်ဆောက်ထားတာဖြစ်ပြီး ထိုကဲ့သို့ တည်ဆောက်ခဲ့ရာမှာ တင်ဒါခေါ်ယူခဲ့ခြင်းမရှိခဲ့ဘူးလို့ ကျောင်းသားတွေက ပြောပါတယ်။

“ ကျွန်တော်တို့ သိထားတာက မန္တလေးတက္ကသိုလ်နဲ့ Oriental House တို့အကြားမှာ ချုပ်ဆိုထားတဲ့ စာချုပ်အကြမ်းကို ကြည့်ပြီးတော့သိတာ။ စာချုပ်အကြမ်းကို ကြည့်ပြီးတော့ သိရတာပေါ့။ လက်ရှိ တည်ဆောက်ထားတဲ့ အဆောက်အအုံဟာ စုစုပေါင်း ဘယ်လောက်အထိ ကုန်ကျတယ်ဆိုတာ ကျွန်တော်တို့ တိတိကျကျမသိရဘူး။ ခန့်မှန်းခြေအရဆိုရင် အဆောက်အအုံ တည်ဆောက်မှုဟာ ကျပ်သိန်းပေါင်း ၃၀၀၀ ကျော် ကုန်ကျတယ်လို့ ကျွန်တော်တို့သိထားတယ်။ စီမံကိန်းနဲ့ပတ်သက်တဲ့ အသေးစိတ်ကိုတော့ ကျွန်တော်တို့ မသိရဘူး။ စာချုပ်အကြမ်းပါ အချက်အလက်တွေအရဆို ဆိုင်ခန်းကနေ တစ်လဝင်ငွေရဲ့ ငါးရာခိုင်နှုန်းရရှိမယ်လို့ သိရတယ်။ ရရှိလာတဲ့ ငါးရာခိုင်နှုန်းဝင်ငွေကို ကျောင်းရဲ့ စီမံဘဏ္ဍာငွေစာရင်းထဲကို ထည့်ပေးရမယ်လို့ သိရတယ်။ ပြီးရင် ဝင်ရောက်လာတဲ့ ငွေစာရင်းနဲ့ပတ်သက်ပြီး အပတ်စဉ် ကျောင်းအစည်းအဝေးတွေမှာ တင်ပြရမယ်လို့ သိရတယ်။ နောက်တစ်ချက်က ကျောင်းရဲ့ လိုအပ်ချက်အရ တစ်ခုခုရှိလာခဲ့ရင် ကုမ္ပဏီဘက်ကနေပြီး လှူဒါန်းမယ်ဆိုပြီး အဲဒီလို အချက်အလက်တွေပါတာ တွေ့ရတယ်ဗျ။ သေသေချာချာ တိတိကျကျတော့ မသိရဘူးဗျ။ စာချုပ်အကြမ်းအရပဲ ကျွန်တော်တို့ သိထားတာပါ” လို့ မန္တလေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂဥက္ကဋ္ဌ ကိုဝေယံထက်က Food Court ဆောက်လုပ်မှု ကိစ္စနဲ့ပတ်သက်ပြီး သူသိရှိထားတာကို The Daily Eleven သတင်းစာရဲ့မေးမြန်းမှုအပေါ် ဖြေကြားထားတာ ဖြစ်ပါတယ်။

မန္တလေးတက္ကသိုလ်အတွင်းမှာ တည်ဆောက်ထားတဲ့ Food Court ကိစ္စမှာ အဆောက်အအုံတည်ဆောက်မှုက အကြမ်းဖျင်းအားဖြင့် ကျပ်သန်းပေါင်း ၃၀၀ အထက်မှာ ကုန်ကျထားတယ်လို့ စုံစမ်းသိရှိထားတဲ့အတွက် ဒီလို ကျပ်သန်းပေါင်း ၃၀၀ (ကျပ် သိန်း ၃၀၀၀) ကျော် ကုန်ကျတာဖြစ်တာကြောင့် တည်ဆောက်ရေးအပိုင်းမှာ တင်ဒါခေါ်ယူမှုတွေ မရှိခဲ့တာ ထင်ရှားနေသလို နိုင်ငံတော်သမ္မတရုံးရဲ့ အမိန့်ညွှန်ကြားချက်တွေနဲ့ ဆန့်ကျင်နေတာ ဖြစ်တာကြောင့် ကျောင်းသားတွေက သပိတ်မှောက် ဆန့်ကျင်ဆန္ဒထုတ်ဖော်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီလို နိုင်ငံတော်သမ္မတရုံးရဲ့ အမိန့်၊ ညွှန်ကြားချက်တွေကို လိုက်နာမှုမရှိခဲ့တာကြောင့် သမ္မတရုံးရဲ့ အမိန့်ညွှန်ကြားချက်နဲ့ ပညာရေးဝန်ကြီးဌာနက မန္တလေးတက္ကသိုလ် ပါမောက္ခချုပ်ကို ရာထူးကနေ အနားပေးအရေးယူခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံတော်သမ္မတရုံးရဲ့ ၂၀၁၇ ခုနှစ် ဧပြီ ၁၀ ရက် နေ့စွဲနဲ့ ထုတ်ပြန်ခဲ့တဲ့ (၁/ ၂၀၁၇) လို့ အများစု သိရှိထားကြတဲ့ “ အစိုးရဌာန၊ အဖွဲ့အစည်းများ၏ တည်ဆောက်ခြင်း၊ ပစ္စည်းဝယ်ယူခြင်း၊ ဝန်ဆောင်မှုရယူခြင်း၊ ငှားရမ်းခြင်းနှင့် ရောင်းချခြင်းများဆောင်ရွက်ရာတွင် လိုက်နာရမည့် တင်ဒါလုပ်ထုံးလုပ်နည်း” ဆိုတဲ့ ခေါင်းစဉ်နဲ့ ညွှန်ကြားချက် ထုတ်ပြန်ထားတာ ရှိပါတယ်။ နိုင်ငံတော်သမ္မတရုံးရဲ့ (၁/၂၀၁၇) အမိန့်ညွှန်ကြားချက် ၁၀/ အပိုဒ်ခွဲ (ခ) မှာ ဖော်ပြထားတာက ကျပ် ၁၀ သန်းမှ ကျပ်သန်း ၁၀၀ အထိ တည်ဆောက်ခြင်း၊ ပစ္စည်းဝယ်ယူခြင်းနှင့် ဝန်ဆောင်မှုရယူခြင်း လုပ်ငန်းများအတွက် အိတ်ဖွင့်တင်ဒါ ခေါ်ယူရာတွင် သက်ဆိုင်ရာ ဝန်ကြီးဌာန၊ ကြော်ငြာသင်ပုန်း၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူးရုံးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးများ၏ ကြော်ငြာသင်ပုန်းတွင် တင်ဒါဖွင့်လှစ်ရန် သတ်မှတ်ရက်ထက် ရက်သတ္တပတ် နှစ်ပတ်ကြိုတင်၍ သိသာထင်ရှားစွာ ကြေညာရမည်။ ထို့ပြင် “ တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီ” ဖွဲ့စည်းရာတွင် သက်ဆိုင်ရာဌာနက တာဝန်ပေးအပ်ထားသူများအပြင် အခြားသောဆက်စပ်ဌာန အဖွဲ့အစည်းများမှ အနည်းဆုံးသုံးဦး ပါဝင်ဖွဲ့ စည်းရမည်။

ဆက်လက်ပြီး အပိုဒ်ခွဲ (ဂ) မှာ ဆက်လက်ဖော်ပြထားတာက ကျပ်သန်း ၁၀၀ အထက် တည်ဆောက်ခြင်း၊ ပစ္စည်းဝယ်ယူခြင်းနှင့် ဝန်ဆောင်မှုရယူခြင်းအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းအမျိုးအစားကို ရှင်းလင်းစွာဖော်ပြပြီး အိတ်ဖွင့်တင်ဒါဖွင့်လှစ်ရန် သတ်မှတ်ရက်ထက် တစ်လကြိုတင်ပြီး နိုင်ငံပိုင်သတင်းစာများတွင် အနည်းဆုံး နှစ်ကြိမ် သိသာထင်ရှားစွာ ကြော်ငြာ၍ တင်ဒါခေါ်ယူရမည်။ အလားတူ ဝန်ကြီးဌာန Website တွင် အနည်းဆုံး တစ်လ ကြိုတင်ကြေညာရမည်လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် သမ္မတရုံးရဲ့ ကြေညာချက် နောက်ဆုံးဖြစ်တဲ့ အချက် ၅၀ မှာ ပြည်ထောင်စု၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရဌာန၊ အဖွဲ့အစည်းများအနေဖြင့် တည်ဆောက်ခြင်း၊ ပစ္စည်းဝယ်ယူခြင်း၊ ဝန်ဆောင်မှုရယူခြင်း၊ ငှားရမ်းခြင်းနှင့် ရောင်းချခြင်းတင်ဒါများကို ဤလုပ်ထုံးလုပ်နည်းနှင့်အညီ တိကျစွာ လိုက်နာ ဆောင်ရွက်ကြရန်လို့ ညွှန်ကြားချက်မှာ ဖော်ပြထားပါတယ်။

နိုင်ငံတော်သမ္မတရုံးရဲ့ ညွှန်ကြားချက် အမှတ် ၁/၂၀၁၇ ထွက်ရှိ ညွှန်ကြားထားပေမယ့် မန္တလေးတက္ကသိုလ်အတွင်းမှာ ကျပ်သန်းပေါင်း ၃၀၀ ကျော် (အကြမ်းရရှိထားသော အချက်အလက်အရ) အကုန်အကျခံ တည်ဆောက်ခဲ့တဲ့ Food Court ဆောက်လုပ်ခဲ့မှုမှာတော့ ညွှန်ကြားချက်နဲ့အညီ လုပ်ငန်းတင်ဒါ ခေါ်ယူခဲ့ခြင်းမရှိခဲ့ပါဘူး။ အဲဒီလို ညွှန်ကြားချက်နဲ့အညီ တင်ဒါခေါ်ယူခဲ့ခြင်း မရှိခဲ့တာကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ခဲ့ရာ တင်ဒါခေါ်ယူခဲ့ခြင်းမရှိတာ၊ လုပ်ထုံးလုပ်နည်းနဲ့အညီ လုပ်ဆောင်ခဲ့ခြင်းမရှိတာကို စစ်ဆေးတွေ့ရှိခဲ့ပြီး ဖြစ်ပါတယ်။ ဆက်လက်ပြီး မန္တလေးတက္ကသိုလ်အတွင်း Food Court ဆောက်လုပ်မှုနဲ့ပတ်သက်ပြီး သက်ဆိုင်ရာဝန်ကြီးဌာကန စုံစမ်းစစ်ဆေးမှုပြုလုပ်ခဲ့တာတွေထဲက အချို့ကို တင်ပြပေးပါမယ်။

ကျောင်းသားသပိတ်ကြောင့် သက်ဆိုင်သူများအပေါ် စုံစမ်းစစ်ဆေးအရေးယူရမှုများ

မန္တလေးတက္ကသိုလ်အတွင်းမှာ တည်ဆောက်ခဲ့တဲ့ Food Court ကိစ္စမှာ နိုင်ငံတော်သမ္မတရုံးရဲ့ အမိန့်၊ ညွှန်ကြားချက်တွေ တည်ဆဲဥပဒေတွေကို ချိုးဖောက်ခဲ့တယ်ဆိုပြီး ကျောင်းသားတွေက သပိတ်မှောက် တောင်းဆိုဆန္ဒ ထုတ်ဖော်ခဲ့တာကြောင့် ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်အတွင်းမှာပဲ ပညာရေးဝန်ကြီးဌာနက ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့တာ တွေ့ရပါတယ်။ ပညာရေးဒုဝန်ကြီး ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ဟာ စုံစမ်းစစ်ဆေးမှုတွေကို မန္တလေးတက္ကသိုလ်နဲ့ နေပြည်တော်တို့မှာ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့တာ တွေ့ရပါတယ်။

ပညာရေးဝန်ကြီးဌာနက ဒုဝန်ကြီး ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ဟာ မန္တလေးတက္ကသိုလ် ပါမောက္ခချုပ်နဲ့ တက္ကသိုလ် စီမံခန့်ခွဲရေးအဖွဲ့ဝင်များ၊ မန္တလေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ၊ Food Court  ဆောက်လုပ်တဲ့ Oriental House အစရှိတဲ့ တာဝန်ရှိသူတွေ တိုင်ကြားသူတွေကို စုံလင်စွာစစ်ဆေးခဲ့ပါတယ်။ အဲဒီလို စစ်ဆေးတဲ့နေရာမှာ သပိတ်မှောက် ဆန္ဒထုတ်ဖော်နေတဲ့ ကျောင်းသားတွေက မန္တလေးတက္ကသိုလ်အတွင်း Food Court ဆောက်လုပ်မှုနဲ့ပတ်သက်ပြီး နိုင်ငံတော်သမ္မတရုံးရဲ့ အမိန့်၊ ညွှန်ကြားချက်တွေကို လိုက်နာမှုမရှိဘဲ တင်ဒါခေါ်ယူခဲ့ခြင်းမရှိတာ၊ တည်ဆဲဥပဒေတွေကို လိုက်နာမှုမရှိတာ၊ အဂတိ လိုက်စားမှုတွေရှိခဲ့တာ၊ တက္ကသိုလ်နဲ့ ကုမ္ပဏီတို့အကြား ချုပ်ဆိုထားတဲ့ စာချုပ်ပါ အချက်အလက်တွေကို တင်ပြခဲ့တာကို ကျောင်းသားတွေရဲ့ ဗွီဒီယိုမှတ်တမ်းအရ သိရပါတယ်။

ဒါ့အပြင် စုံစမ်းစစ်ဆေးမှုတွေနဲ့ ပတ်သက်ပြီး မန္တလေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂရဲ့ ထုတ်ပြန်ထားတဲ့ မှတ်တမ်း ဗွီဒီယိုအရ အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ရဲ့ သက်သေထွက်ဆိုချက် အချို့မှာ မန္တလေးတက္ကသိုလ်အတွင်း Food Court ဆောက်လုပ်မှုနဲ့ပတ်သက်ပြီး ၎င်းဆီသို့ အချက်အလက်ပြည့်စုံစွာ တင်ပြခဲ့မှုမရှိခြင်း၊ Food Court ဆောက်လုပ်ရန်အတွက် မည်သည့်ခွင့်ပြုချက်မျှ တောင်းခံခဲ့မှုမရှိခြင်း၊ ဆိုင်ဖွင့်ခွင့်ပြုရန်အတွက် အချက်အလက် ပြည့်စုံစွာတင်ပြခြင်းမရှိဘဲ ထိမ်ချန်ထားပြီး အလွယ်တကူ စားသုံးနိုင်ရန်အတွက် Food Court ဖွင့်ရန်အတွက်သာ တင်ပြခြင်းသည် မန္တလေးတက္ကသိုလ် စီမံခန့်ခွဲရေးအဖွဲ့၏ အားနည်းချက်သာဖြစ်ကြောင်း၊ Food Court ဆောင်လုပ်မှုဖြစ်စဉ်သည် သက်ဆိုင်ရာ၏ လုပ်ထုံးလုပ်နည်းများနှင့် မညီညွတ်ကြောင်း အစရှိသဖြင့် သက်သေထွက်ဆိုထားတာကို တွေ့မြင်ရပါတယ်။

ဒါ့အပြင် စုံစမ်းစစ်ဆေးရေးရေးအဖွဲ့ ခေါင်းဆောင်ဖြစ်တဲ့ ပညာရေးဒုဝန်ကြီးက လက်ရှိရာထူးကနေ အငြိမ်းစားပေးပြီးဖြစ်တဲ့ မန္တလေးတက္ကသိုလ် ပါမောက္ခချုပ်ဖြစ်သူကို မေးမြန်းတဲ့ အချက်အလက်အချို့ကိုလည်း ကျောင်းသားတွေရဲ့ မှတ်တမ်းဗွီဒီယိုဖိုင်မှာဖော်ပြထားတာ တွေ့ရပါတယ်။ ရာထူးကနေ အငြိမ်းစားပေးပြီးဖြစ်တဲ့ ပါမောက္ခချုပ်က သက်သေထွက်ဆိုရာမှာ မန္တလေးတက္ကသိုလ်အတွင်းမှာ ဆောက်လုပ်ထားတဲ့ Food Court ကိစ္စနဲ့ပတ်သက်ပြီး အဆောက်အအုံ ဆောက်လုပ်ရန်အတွက် တင်ဒါခေါ်ယူခဲ့ခြင်းမရှိသည်မှာ မှန်ကန်သော်လည်း အဆောက်အအုံဆောက်လုပ်ပြီးမှသာ တင်ဒါခေါ်ယူသွားမည်ဟု ထွက်ဆိုခဲ့သည်ကို တွေ့ရပါတယ်။ အဲဒီလို အဆောက်အအုံ ဆောက်လုပ်ပြီးမှသာ တင်ဒါခေါ်ယူမည်ဟု ပြောဆိုခဲ့သော်လည်း အဆောက်အအုံ ဆောက်လုပ်ပြီးချိန်တွင် Oriental House ဆိုင်းဘုတ်တပ်ထားပြီး ဖြစ်သည့်အပြင် ဆိုင်စတင်ဖွင့်လှစ်ရန်အတွက် စီစဉ်ထားပြီးဖြစ်သဖြင့် တင်ဒါခေါ်ယူရန် ရည်ရွယ်ချက်မရှိသည်မှာ ထင်ရှားကြောင်းဟု ကျောင်းသားများက သုံးသပ်ထားတာကို တွေ့ရပါတယ်။ ဆက်လက်ပြီး ပါမောက္ခချုပ်ရဲ့ ထွက်ဆိုချက်အချို့မှာ မန္တလေးတက္ကသိုလ်အတွင်း Food Court ဆောက်လုပ်ရန် အဆင့်မြင့်ပညာဦးစီးဌာနသို့ တင်ပြခဲ့ကြောင်း၊ ပညာရေးဝန်ကြီးဌာနသို့ တင်ပြခဲ့ကြောင်း ထွက်ဆိုရာမှာ စုံစမ်းစစ်ဆေးရေးအဖွဲ့ဝင်ဖြစ်တဲ့ ပညာရေးဒုဝန်ကြီးက ကျောင်းသားတွေ သပိတ်မှောက်ဆန္ဒထုတ်ဖော်မှသာ ပညာရေးဝန်ကြီးဌာနသို့ တင်ပြခဲ့ကြောင်း၊ တင်ပြရာမှာ သူ့အနေဖြင့် မန္တလေးကိုထွက်လာနေတဲ့အချိန်မှ ပညာရေးဝန်ကြီးဌာနကို တင်ပြတာဖြစ်တာကြောင့် လက်မခံကြောင်း၊ ကန့်ကွက်ကြောင်းနှင့် ခွင့်မပြုကြောင်းကို ပြောဆိုခဲ့တာ တွေ့ရပါတယ်။

မန္တလေးတက္ကသိုလ်အတွင်း Food Court ဆောက်လုပ်မှုနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့ဥက္ကဋ္ဌ ပညာရေးဒုဝန်ကြီး ဦးဝင်းမော်ထွန်းက “ ဒီကိစ္စက ၁/၂၀၁၇ နဲ့ မကိုက်ဘူး။ မညီဘူး။ အဲဒီစည်းမျဉ်းနဲ့ မကိုက်ဘူး။ လုပ်ထုံးလုပ်နည်းတွေရှိတာတွေနဲ့ တစ်ခုမှ မကိုက်ဘူး” လို့ ၂၀၁၉ ခုနှစ်အတွင်းက ပြုလုပ်ခဲ့တဲ့ စုံစမ်းစစ်ဆေးရေး အစည်းအဝေးမှာ ပြောကြားခဲ့တာကို မန္တလေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂရဲ့ မှတ်တမ်းဗွီဒီယိုမှာ တွေ့ရပါတယ်။

မန္တလေးတက္ကသိုလ်အတွင်း Food Court ဆောက်လုပ်မှုနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းပြီး စစ်ဆေးပြီး နောက်မှာတော့ ယခု ၂၀၂၀ ပြည့်နှစ် ဇန်နဝါ ရီ ၂၈ ရက်မှာ မန္တလေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသီတာဝင်းကို သမ္မတရုံးရဲ့ အမိန့်၊ ညွှန်ကြားချက်များကို လိုက်နာရန် ပျက်ကွက်ခဲ့တယ်ဆိုပြီး ရာထူးကနေ အငြိမ်းစားပေး အရေးယူခဲ့တာပါတယ်။ လက်ရှိမှာတော့ ဝန်ထမ်းစည်းမျဉ်းစည်းကမ်းတွေအရ ရာထူးကနေ အငြိမ်းစားပေးပြီး အရေးယူထားပေမယ့် ဥပဒေကြောင်းအရ ဘယ်လိုဆက်လက်ပြီးတော့ အရေးယူမယ်၊ မယူဘူးဆိုတာကိုတော့ စောင့်ကြည့်သွားရဦးမှာ ဖြစ်ပါတယ်။

မန္တလေးတက္ကသိုလ်အတွင်း Food Court ဆောက်လုပ်မှုနဲ့ပတ်သက်ပြီး နိုင်ငံတော်သမ္မတရုံးရဲ့ အမိန့်၊ ညွှန်ကြားချက်တွေကို မလိုက်နာဘူးဆိုပြီး ကျောင်းသားတွေက သပိတ်မှောက်ဆန္ဒထုတ်ဖော်ထားတဲ့အပြင် အဓိကတာဝန်ရှိတဲ့ မန္တလေးတက္ကသိုလ် ပါမောက္ခချုပ်နဲ့ တက္ကသိုလ်စီမံခန့်ခွဲရေးအဖွဲ့က တာဝန်ရှိသူတွေကိုပါ အရေးယူပေးဖို့ တောင်းဆိုတားတာဖြစ်ပါတယ်။ မန္တလေးတက္ကသိုလ်အတွင်း Food Court ဆောက်လုပ်မှုနဲ့ပတ်သက်ပြီး ကျောင်းသားတွေက နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ ပညာရေးဝန်ကြီးဌာန၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် အစရှိတဲ့ သက်ဆိုင်ရာဝန်ကြီးဌာနတွေကို တိုင်ကြားမှုတွေ ပြုလုပ်ထားတာဖြစ်ပါတယ်။ လက်ရှိမှာတော့ မန္တလေးတက္ကသိုလ်အတွင်း Food Court ဆောက်လုပ်မှုနဲ့ပတ်သက်ပြီး တက္ကသိုလ်ပါမောက္ခချုပ်ကို ရာထူးကနေ အငြိမ်းစားပေးပြီး အရေးယူထားပေမယ့် အခြားသက်ဆိုင်ရာ တာဝန်ရှိသူတွေကို ဘယ်လို အရေးယူသွားမလဲဆို ဆက်လက်စောင့်ကြည့်သွားရဦးမှာ ဖြစ်ပါတယ်။

မန္တလေးတက္ကသိုလ်အတွင်း Food Court ဆောက်လုပ်မှုနဲ့ပတ်သက်ပြီး သက်ဆိုင်ရာကထုတ်ပြန်ထားသည့် အမိန့်၊ ညွှန်ကြားချက်များအား လိုက်နာရန် ပျက်ကွက်ခဲ့တာကြောင့် မန္တလေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသီတာဝင်းကို သမ္မတရုံး၏ အမိန့်ညွှန်ကြားချက်အရ ပညာရေးဝန်ကြီးဌာနက ဇန်နဝါရီ ၂၈ ရက်မှစတင်ကာ ရာထူးမှအငြိမ်းစားပေး၍ အရေးယူခဲ့တာပါတယ်။ အဲဒီလို ရာထူးကနေ အငြိမ်းစားပေးတဲ့ ထုတ်ပြန်ချက်မတိုင်မီ ဇန်နဝါရီ ၂၈ ရက်က နေပြည်တော်ရှိ MICC-2 တွင် ပြုလုပ်ခဲ့တဲ့ အခြေခံပညာရေးကဏ္ဍ ပညာရေးဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲ အခမ်းအနားမှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အဖွင့်မိန့်ခွန်းပြောကြားနေစဉ် တက္ကသိုလ်သမဂ္ဂ အသီးသီးမှ ကျောင်းသားများက တောင်းဆိုဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ခဲ့ပါတယ်။ အဲဒီလို ဆန္ဒထုတ်ဖော်မှု ဖြစ်ပွားခဲ့ပြီးနောက် ယင်းနေ့ ဇန်နဝါရီ ၂၈ ရက်ညမှာပဲ မန္တလေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ သီတာဝင်းကို ရာထူးမှ အငြိမ်းစားပေးလိုက်သည်ဟုဆိုတဲ့ အမိန့်ညွှန်ကြားစာ ထွက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

 

အမှန်တရားနဲ့အတူ ကျောင်းသားတွေ နိုင်ခဲ့တယ်

မန္တလေးတက္ကသိုလ်အတွင်း Food Court ဆောက်လုပ်မှုနဲ့ပတ်သက်ပြီး သမ္မတရုံးရဲ့ အမိန့်၊ ညွှန်ကြားချက်တွေကို မလိုက်နာတာ၊ ဥပဒေ လုပ်ထုံးလုပ်နည်းတွေကို မလိုက်နာတာကြောင့် ကျောင်းသားတွေရဲ့ ကန့်ကွက်ဆန္ဒထုတ်ဖော်မှုဟာ လက်ရှိအချိန်မှာတော့ ထိရောက်မှုရှိခဲ့တယ်၊ တစ်နည်း အောင်မြင်မှုရခဲ့တယ်လို့ ဆိုရမှာဖြစ်ပါတယ်။

မတရားမှုအပေါ်မှာ အမှန်တရားက အနိုင်ရဖို့အတွက် တိုက်ပွဲဝင်ခဲ့ကြတဲ့ ကျောင်းသားတွေရဲ့ တောင်းဆိုဆန္ဒပြခဲ့တဲ့ သပိတ်ဟာ လက်ရှိအချိန်မှာ ထိုက်သင့်တဲ့ အောင်မြင်မှုတစ်ခုကို ရယူထားနိုင်ပြီဆိုတာ တက္ကသိုလ်ပါမောက္ခချုပ်ကို ရာထူးကနေ အငြိမ်းစားပေးခဲ့တာက သက်သေတစ်ခုလို့ ဆိုရမှာဖြစ်ပါတယ်။ မန္တလေးတက္ကသိုလ် ပါမောက္ခချုပ်ဟာ ယခု Food Court ကိစ္စတစ်ခုသာ မကပါဘူး။ မန္တလေးတက္ကသိုလ် ဘောလုံးကွင်းကို ပုဂ္ဂလိကကုမ္ပဏီတစ်ခုကို နှစ် ၃၀ ငှားရမ်းဖို့အတွက် ကြိုးပမ်းခဲ့ပါသေးတယ်။ အဲဒီအကြောင်းအရာကို ကျောင်းသားတွေက သိရှိသွားပြီးတဲ့နောက် ဝိုင်းဝန်းကန့်ကွက်ခဲ့တာကြောင့် အစီအစဉ် ပျက်ပြယ်သွားခဲ့ရတဲ့ သာဓကရှိခဲ့ဖူးပါတယ်။

ဒါကြောင့် မန္တလေးတက္ကသိုလ် ကျောင်းသားသပိတ်ဟာ မတရားမှုကို တွန်းလှန်ပြီး အမှန်တရားကို ထုတ်ဖော်နိုင်ခဲ့တဲ့၊ တစ်နည်း ကျောင်းသားတွေရဲ့ ကိုယ်ကျိုးမပါတဲ့ အများအကျိုးအတွက် တောင်းဆိုမှုဟာ အောင်ပွဲရခဲ့တယ်လို့ ဆိုရမှာဖြစ်ပါတယ်။

မန္တလေးတက္ကသိုလ်အတွင်း Food Court ဆောက်လုပ်မှုနဲ့ပတ်သက်ပြီး ပညာရေးဝန်ကြီးဌာနက ယခု ဖေဖော်ဝါရီလ အတွင်းမှာပဲ အပြီးသတ်အရေးယူမှုတွေ ဆက်လက်လုပ်ဆောင်သွားမယ်ဆိုတာ ကျောင်းသားတွေကို အသိပေးထားတယ်လို့ သိရပါတယ်။

 

အရေးယူမှုတွေကို ဆက်လက်စောင့်ကြည့်နေတဲ့ ကျောင်းသားသပိတ်

မန္တလေးတက္ကသိုလ်အတွင်း Food Court ဆောက်လုပ်မှုနဲ့ပတ်သက်ပြီး သက်ဆိုင်ရာရဲ့သက်ဆိုင်သူများအပေါ် ဆက်လက် အရေးယူသွားမယ့် ကိစ္စတွေနဲ့ပတ်သက်ပြီး သပိတ်မှောက် ကျောင်းသားတွေက စောင့်ကြည့်နေတယ်လို့ ဆိုပါတယ်။

မန္တလေးတက္ကသိုလ် ကျောင်းသားသပိတ်ကို ကျောင်းသားထုအစည်းအဝေး ဆုံးဖြတ်ချက်အရ ဇန်နဝါရီ ၃၀ ရက်က စတင်ပြီး ယာယီရပ်နားထားခဲ့ပါတယ်။ သပိတ် ယာယီရပ်နားထားချိန်မှာ ပညာရေးဝန်ကြီးဌာနရဲ့ စုံစမ်းစစ်ဆေးမှု ရလဒ်တွေအပေါ် အရေးယူဆောင်ရွက်မှုတွေ ဆက်လက်စောင့်ကြည့်သွားမှာ ဖြစ်တယ်လို့ မန္တလေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ၊ သပိတ်ဦးဆောင်ကော်မတီထံက သိရပါတယ်။ ပညာရေးဝန်ကြီးဌာနရဲ့ စုံစမ်းစစ်ဆေးမှုရလဒ်တွေအပေါ် အရေးယူဆောင်ရွက်သွားမယ့် အခြေအနေများ အပေါ်မူတည်ပြီး သပိတ်လှန်ခြင်း၊ မလှန်ခြင်းကို ဆုံးဖြတ်သွားမှာဖြစ်တယ်လို့ ကျောင်းသားတွေက ဆိုပါတယ်။

“ ကျွန်တော်တို့ရဲ့ ကျောင်းသားသပိတ်ကို ကျောင်းသားထုရဲ့အစည်းအဝေး ဆုံးဖြတ်ချက်တွေအရ ယာယီရပ်နားလိုက်တာ ဖြစ်ပါတယ်။ သပိတ် ယာယီရပ်နားထားတဲ့ကာလမှာ ပညာရေးဝန်ကြီးဌာနရဲ့ သက်ဆိုင်သူတွေအပေါ်မှာ စုံစမ်းစစ်ဆေးပြီး အရေးယူမှုတွေကို ဆက်လက်စောင့်ကြည့်သွားမှာပါ။ နောက်ပြီး စုံစမ်းစစ်ဆေးပြီးတဲ့ရလဒ်တွေနဲ့ အချက်အလက်တွေကို စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ ဒုဝန်ကြီးဆီကို တောင်းဆိုသွားမှာဖြစ်ပါတယ်။ အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းကလည်း ဖေဖော်ဝါရီ ၂၈ ရက်မှာ နောက်ဆုံးထားပြီးတော့ အရေးယူမှုတွေကို ထုတ်ပြန်ပေးသွားမယ်လို့ ကျွန်တော်တို့ကို ကတိပေးသွားတာရှိပါတယ်။ အဲဒီကာလအတွင်းမှာ ကျွန်တော်တို့အနေနဲ့ စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ အရင်ကတည်းက တောင်းဆိုခဲ့တာက တရားဥပဒေစိုးမိုးရေးအတွက် ဒီလိုမျိုး ဥပဒေကိုချိုးဖောက်တဲ့ သူတွေကို အရေးယူပေးဖို့တောင်းဆိုခဲ့တာ ဖြစ်တယ်။ အခုဆိုရင် ပါမောက္ခချုပ်ကို အရေးယူမှုတွေလုပ်ပြီးသွားပြီ။ ဒါပေမဲ့ အခြားတာဝန်ရှိတဲ့သူတွေကို အရေးယူပေးရမယ့်အပိုင်းတွေက ကျန်နေပါသေးတယ်။ ဒါတွေနဲ့ပတ်သက်ပြီးလည်း အရေးယူမယ်လို့ ကျွန်တော်တို့ကိုကတိပေးထားတာ ရှိပါတယ်။ ဖေဖော်ဝါရီ ၂၈ ရက် နောက်ဆုံးထားပြီး အရေးယူပေးမယ်လို့ ကတိပေးထားတဲ့အတွက် အဲဒီနေ့အထိ စောင့်ကြည့်ပြီးသွားမှ သပိတ်ကို လှန်ခြင်း၊ မလှန်ခြင်းကို ဆုံးဖြတ်သွားမှာ ဖြစ်ပါတယ်” လို့ မန္တလေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂဥက္ကဋ္ဌ ကိုဝေယံထက်က ပြောကြားထားပါတယ်။

လက်ရှိမှာတော့ မန္တလေးတက္ကသိုလ် ကျောင်းသားသပိတ်ဟာ စုံစမ်းစစ်ဆေးမှု ရလဒ်တွေအပေါ်မှာ ဘယ်လိုပုံစံမျိုးနဲ့ အရေးယူသွားမလဲဆိုတာကို ဆက်လက်စောင့်ကြည့်ရင်း သပိတ်ကို ယာယီရပ်နားပေးထားတာ တွေ့ရပါတယ်။ နောက်ထပ် အရေးယူဖို့ ကျန်နေသေးသူတွေအပေါ်မှာ မန္တလေးတက္ကသိုလ် ပါမောက္ခချုပ်လိုပဲ ရာထူးကနေအနားပေးရုံပဲ အရေးယူမလား၊ ဥပဒေကြောင်းအရ အရေးယူမှာလား၊ ကျောင်းသားတွေ ဖော်ထုတ်တင်ပြထားသလို ဥပဒေချိုးဖောက်ခဲ့သူတွေအားလုံးကို ဥပဒေကြောင်းအရ ဆက်လက်အရေးယူ၊ မယူဆိုတာ စောင့်ကြည့်သွားရဦးမှာပဲ ဖြစ်ပါတယ်။

 

 

Most Read

Most Recent