ကိုရိုနာဗိုင်းရပ်စ်ကြောင့် မြန်မာ့စီးပွားရေးအပေါ် ဘာတွေသက်ရောက်လာမလဲ

ကိုရိုနာဗိုင်းရပ်စ်ကြောင့် မြန်မာ့စီးပွားရေးအပေါ် ဘာတွေသက်ရောက်လာမလဲ
မြန်မာဘက်မှ တင်ပို့ရောင်းချထားသော ဖရဲ၊ သခွားသီးများကို တရုတ်နိုင်ငံ ဝမ်တိန်သစ်သီးကွင်းတွင် ရောင်းမရဘဲ စုပုံနေသည်ကို ဖေဖော်ဝါရီ ၁ ရက် နံနက်ပိုင်းက တွေ့ရစဉ် (ဓာတ်ပုံ-ထွန်းနေလှိုင်)
မြန်မာဘက်မှ တင်ပို့ရောင်းချထားသော ဖရဲ၊ သခွားသီးများကို တရုတ်နိုင်ငံ ဝမ်တိန်သစ်သီးကွင်းတွင် ရောင်းမရဘဲ စုပုံနေသည်ကို ဖေဖော်ဝါရီ ၁ ရက် နံနက်ပိုင်းက တွေ့ရစဉ် (ဓာတ်ပုံ-ထွန်းနေလှိုင်)
Published 2 February 2020
နီလာ၊ ရွှန်းလဲ့ဝင်း၊ ဇေယျာငြိမ်း

တရုတ်နိုင်ငံ ဝူဟန်မြို့မှ စတင်ဖြစ်ပွားခဲ့သည့် ကူးစက်မြန် ကိုရိုနာဗိုင်းရပ်စ် ရောဂါကြောင့် တရုတ်နိုင်ငံအတွင်း အရေးပေါ် အခြေအနေနှင့် သယ်ယူပို့ဆောင်ရေး လမ်းကြောင်းများ ဇန်နဝါရီ နောက်ဆုံးပတ်အတွင်း ကန့်သတ်ထားကြောင်း သိရသည်။

ကူးစက်ပျံ့နှံ့နေသည့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သယ်ယူပို့ဆောင်ရေး လမ်းကြောင်းများ ကန့်သတ်ထားမှုက မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်မှု အထူးသဖြင့် မူဆယ်နယ်စပ်မှ  ဖရဲ၊ သခွားတင်ပို့မှုအပေါ် ချက်ချင်းလက်ငင်း သက်ရောက်လာပြီး ယင်းနှင့်ဆက်စပ်သည့်လုပ်ငန်း ကဏ္ဍများတွင် ထိခိုက်မှုများ ဖြစ်ပေါ်နေသည်။

စိုးရိမ်ရဖွယ်ရှိသော ကဏ္ဍများတွင် ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းများ၊ လေကြောင်းလိုင်းများ၊ အစားအသောက်နှင့် သယ်ယူပို့ဆောင်ရေး လုပ်ငန်းများနှင့် နှစ်နိုင်ငံ ပို့ကုန်သွင်းကုန် လုပ်ငန်းကဏ္ဍများ ပါဝင်သည်။

ရောဂါထိန်းချုပ်နိုင်ရန် အချိန်ကာလ တစ်ခုအထိ ကြာမြင့်သွားပါက မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်မှုအပြင် မြန်မာ့စီးပွားရေး လုပ်ငန်းများအပေါ် ထိခိုက်မှုရှိလာမည် ဖြစ်သည်။

ရပ်ဆိုင်းသွားသည့် တရုတ်အဝယ်တော်များ

မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံသည် ၁၃၄၈ မိုင်အထိ နယ်နိမိတ်ချင်း ထိစပ်လျက်ရှိသည်။ မြန်မာနိုင်ငံ၏ နယ်စပ်ကုန်သွယ်မှုတွင် တရုတ်နိုင်ငံနှင့် နယ်စပ်ကုန်သွယ်ရေးစခန်း လေးခုဖြင့် ကုန်သွယ်မှု ပြုလုပ်နေသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ဇန် နဝါရီ ၂၄ ရက်အထိ မြန်မာနိုင်ငံ၏ နယ်စပ်ကုန်သွယ်မှုပမာဏ ဒေါ်လာ ၃၂၈၃ ဒသမ ၅၇၉ သန်းရရှိခဲ့ပြီး မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်ရေးစခန်း လေးခုမှ ကုန်သွယ်မှုဒေါ်လာ ၂၀၉၉ ဒသမ ၄၁၂ သန်းအထိရှိ သည်။ အထူးသဖြင့် မူဆယ်နယ်စပ်မှ ဒေါ်လာ ၁၇၁၇ ဒသမ ၉၅၄ သန်းအထိ ကုန်သွယ်မှု ပြုလုပ်ထားနိုင်သည်။

ကိုရိုနာကူးစက်မြန်ရောဂါ စတင်ဖြစ်ပွားချိန်မှစတင်ပြီး မူဆယ်နယ်စပ်မှ တရုတ်ဘက်သို့ ဖရဲသခွား တင်ပို့မှုမှာ တစ်ရက်ထက်တစ်ရက် လျော့ကျလာကာ ဇန်နဝါရီလကုန်ပိုင်းတွင် အရောင်းအဝယ် လုံးဝရပ်ဆိုင်းခဲ့သဖြင့် ရောင်းမကုန်သော မြန်မာ့ဖရဲသီးများ အခမဲ့ ပေးဝေခဲ့ရသည်အထိ ဖြစ်ပေါ်ခဲ့သည်။

မူဆယ် ၁၀၅ မိုင်နယ်စပ်ကုန်သွယ်ရေးဇုန်ရှိ သစ်သီးဝလံစျေးကွက် အတွင်းသို့ ဖရဲ၊ သခွားတင်ယာဉ်များ ဝင်ရောက်မှု ရှိနေသော်လည်း တရုတ်နိုင်ငံအတွင်း ကူးစက်မြန်ဗိုင်းရပ်စ် ပျံ့နှံ့မှုများကြောင့် တစ်မြို့နှင့်တစ်မြို့ ဆက်သွယ်မှု လမ်းကြောင်းများ ဖြတ်တောက်ထားရာ မြန်မာနိုင်ငံအတွင်းမှ သစ်သီးများကို လာရောက် ဝယ်ယူကာ တရုတ်နိုင်ငံ အတွင်းသို့ ပို့ဆောင်ရောင်းဝယ်နေကြသည့် တရုတ်သစ်သီးကုန်သည်များ လာရောက်နိုင်မှု နည်းနေခြင်းဖြစ်ကြောင်း ဇန်နဝါရီ ၃၁ ရက်က သိရသည်။

“အခုဒီမှာ ဂျပ်ဖာသီးလိုမျိုးက ဝယ်တဲ့သူတွေကနည်းတယ်။ တရုတ်ပြည်ဘက်မှာ တစ်နယ်နဲ့တစ်နယ် ကူးသန်းသွားလာခွင့်တွေက ပိတ်ထားသေးတော့ ဝယ်တယ်ဆိုတဲ့ ကုန်သည်တွေကလည်း ရိုးရိုးအကြားသီးတွေ၊ ရိုးရိုးအလွတ်သီးတွေလောက်ပဲ သူတို့က ဝယ်ကြတယ်။ သူတို့က ဝမ်တိန်ကွင်းမှာ ပုံထားသေးတာလေ။ ပြည်မကြီးထဲကို ပို့လို့မရသေးဘူး။ ဂျပ်ဖာသီးကျတော့ အကြားသီးတွေလို အထားမခံဘူးဆိုတော့ အဝယ်နည်းတာပေါ့။ ကားပေါ်အလုံးလိုက်တင်လာတဲ့ အကြားသီးတွေကတော့ အရောင်းအဝယ် နည်းနည်းဖြစ်တယ်။ ဒါပေမဲ့ အရင်လိုတော့ စျေးကောင်းမရတော့ဘူး” ဟု မူဆယ် ၁၀၅ မိုင် သစ်သီးဝလံ ကုန်စည်စျေးကွက် အတွင်းရှိ လင်းထွန်းသစ်သီးပွဲရုံမှ ဦးကိုကြီးက ဆိုသည်။

ယခင်က ဖရဲကား စင်းလုံးပြတ်စျေးမှာ  ၁၅ တန်ဝန်ယာဉ်တစ်စီးလျှင် ယွမ် ၂၅၀၀၀ မှ ယွမ် ၅၀၀၀၀ အထိ ရရှိခဲ့သော်လည်း တရုတ်နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ် စတင်ပျံ့နှံ့လာပြီး နောက်ပိုင်းတွင် ယွမ်တစ်သောင်း ရှစ်ထောင်သာ အမြင့်ဆုံးရရှိတော့ကြောင်း သိရသည်။

“အခြေအနေကတော့ ဒီရောဂါကြောင့် တရုတ်ဘက်မှာ တော်တော်များများ Shut Down ဖြစ်သွားတော့ တရုတ်တွေ တော်တော်များများက အဝင်အထွက် မရှိတော့ဘူး။ တရုတ်ဘက်က အသီးမကောင်းလို့၊ အရည်အသွေး မကောင်းလို့၊ နှစ်ကူးကြောင့်မို့ မဝယ်တာ မဟုတ်ဘူး။ အဲဒီပြဿနာရှိလို့ မဝယ်ကြတာ။ သူတို့က ဝယ်ပြီးသွားရင်တောင် ဘယ်မှာသွားရောင်းလို့ ရောင်းရမယ်မှန်း မသိကြဘူး။ ဒီနေ့ဆိုရင် သူတို့ပြောတာရှင်းတယ်။ မင်းငါ့ကို အလကား ပေးသွားရင်တောင် ငါဘယ်နား သွားရမယ်မှန်း မသိဘူး။ အဲဒီလိုကို ဖြစ်နေတာ” ဟု ခွာညိုသစ်သီးပွဲရုံမှ ဒါရိုက်တာ ကိုစိုင်းမင်းသူနိုင်က ပြောကြားသည်။

တရုတ်ဘက်တွင် ကိုရိုနာကူးစက်ရောဂါကို ထိန်းချုပ်နိုင်မှသာ သစ်သီးလုပ်ငန်း ပြန်လည်စတင်နိုင်မည် ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

ဖရဲသီး-သခွားမွှေး ထုတ်လုပ်တင်ပို့ ရောင်းချသူ တောင်သူများ နစ်နာဆုံးရှုံးမှု မဖြစ်စေရေးအတွက် တရုတ်ဘက်မှ အဆိုပါရောဂါကို ထိန်းချုပ်နိုင်ပြီး အခြေအနေ တည်ငြိမ်သည်အထိ စောင့်ဆိုင်းပြီးမှသာ တင်ပို့ကြရန် သစ်သီးဝလံ ကုန်စည်ဒိုင်၊ မူဆယ် ၁၀၅ မိုင်၊ ကုန်သွယ်ရေးဇုန်က ဇန်နဝါရီ ၂၇ ရက်က ထုတ်ပြန်ထားသည်။

“အဓိကက တောင်သူတွေအနေနဲ့ တက်လာမယ်ဆိုရင် မူဆယ်က သတင်းတွေ သေချာမေးစေချင်တယ်။ စျေးကောင်းလား၊ မကောင်းဘူးလား။ တကယ်ရော အရောင်းအဝယ် ရှိလား။ တကယ်အရောင်းအဝယ် ရှိတယ်ဆိုရင် တက်ခဲ့၊ အရောင်းအဝယ် မရှိဘူးဆိုရင် မတက်ခဲ့နဲ့။ ဘာလို့လဲဆိုရင် မူဆယ်ကို တက်လာပြီဆိုရင် ကားခရှိပြီ၊ အလုပ်သမားခရှိပြီ။ အဲဒါတင် သိန်း ၂၀ ကျော်၊ သိန်း ၃၀ လောက် အလကားနေရင်း ထပ်ရှုံးမယ်။ ကိုယ့်ခြံထဲမှာပဲထားရင် စရိတ်စကပဲရှုံးမှာ။ တစ်ရှုံးကနေ နှစ်ရှုံးမဖြစ်အောင်ပေါ့” ဟု ကိုစိုင်းမင်းသူနိုင်က ပြောကြားသည်။

ယခင်က ကားလမ်းပိတ်မှုများကြောင့် မူဆယ်ဘက်တွင် အရောင်းအဝယ်အေးကာ တရုတ်ဘက်သို့ သစ်သီးတင်ပို့မှု ရပ်ဆိုင်းခဲ့ရသည့် အခြေအနေများ ရှိခဲ့သော်လည်း ကားလမ်းပြန်ဖွင့်ချိန်၌ အရောင်းအဝယ် ပြုလုပ်လေ့ရှိကြောင်း၊ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လက်ရှိဖြစ်ပွားနေသည့် အခြေအနေမှာ မည်သို့မျှ မတတ်နိုင်သေးသည့် အနေအထား ဖြစ်နေကြောင်း၊ တရုတ်ဘက်မှ အဆိုပါ ရောဂါကို ထိန်းချုပ်နိုင်သည့် အခြေအနေရောက်မှသာ အရောင်းအဝယ် ပြန်လည်ပြုလုပ်နိုင်မည် ဖြစ်ကြောင်း သိရသည်။

တရုတ်နှစ်သစ်ကူး ကာလတွင် မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်ရေးတွင် အရောင်းအဝယ် အေးလေ့ရှိပြီး ယခုနှစ်တွင်မူ ယင်းနှစ်သစ်ကူး ကာလအတွင်း ကူးစက်မြန်ရောဂါပိုး ပျံ့နှံ့ဖြစ်ပွားမှုကြောင့် နယ်စပ်ပို့ကုန် သွင်းကုန်အပေါ် သက်ရောက်လာမည် ဖြစ်သည်။

“ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီးတော့ ဒါကတော့ တရုတ်နှစ်သစ်ကူးအချိန်မှာ ဖြစ်သွားတာပေါ့လေ။ ဖြစ်သွားတဲ့ အခါကျတော့ လောလောဆယ်တော့ ကျွန်တော်တို့အနေနဲ့ သိပ်ပြီးသိသာတဲ့ အနေအထားတော့ မရှိသေးပါဘူး။ သူတို့ရဲ့တရုတ်နှစ်သစ်ကူး ပိတ်ရက်က ၂၇ ရက်၊ ၂၈ ရက် ဒီလအထိကို လုပ်ပါတယ်။ အခုဒီကိုရိုနာဗိုင်းရပ်စ် သူတို့က ဖေဖော်ဝါရီ ၃ ရက် ၄ ရက်နေ့လောက် အထိကို ပိတ်ရက်ကို ချဲ့လိုက်ပါတယ်။ အဲဒီတော့ လောလောဆယ်မှာတော့ ကျွန်တော်တို့ရဲ့ ပို့ကုန်သွင်းကုန်တွေ ထိခိုက်မှုမရှိသေးဘူးလို့ ဒါဆိုနိုင်ပါတယ်။ ဒါပေမဲ့လည်း ဒီသက်ရောက်မှုက ဝင်လာမယ့်သဘော ရှိပါတယ်” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ဇန်နဝါရီ  ၃၁ ရက်က ပြောကြားခဲ့သည်။

ဝူဟန်ရောဂါပိုး ကူးစက်ပျံ့နှံ့နေသည့် အခြေအနေကြောင့် ချက်ချင်းသက်ရောက်မှုရှိသော ခရီးသွားလာရေးနှင့် ဆက်စပ်သည့် လုပ်ငန်းကဏ္ဍများကို ထိခိုက်ဖြစ်ပေါ်ပြီး စင်ကာပူ၏ စီးပွားရေးအပေါ် သက်ရောက်မှု ရှိနိုင်သည့်အတွက် အကျိုးသက်ရောက်မှုရှိသော စီးပွားရေးလုပ်ငန်းများကို ပံ့ပိုးကူညီ ပေးသွားမည်ဖြစ်ကြောင်း စင်ကာပူကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာနဝန်ကြီး Mr Chan Chunm Sing က ဇန်နဝါရီ ၂၇ ရက်က ပြုလုပ်ခဲ့သည့် အဆိုပါ ရောဂါပိုးနှင့် ပတ်သက်၍ ဖွဲ့စည်းထားရှိသော လုပ်ငန်းအဖွဲ့၏ သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့ကြောင်း CNN Asia News/ The Straits Times သတင်းရင်းမြစ်များက ဖော်ပြခဲ့သည်။

တရုတ်အနေဖြင့် လူကိုသေစေနိုင်သည့် ဗိုင်းရပ်စ်ပိုးအသစ်များ ထပ်မံပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရန်အတွက် ရုန်းကန်နေရချိန်၌ လေကြောင်းလိုင်းများစွာတို့က တရုတ်သို့ ပျံသန်းမည့် လေကြောင်းခရီးစဉ်များကို ရပ်ဆိုင်းခြင်း သို့မဟုတ် လျှော့ချခြင်းတို့ ပြုလုပ်ရန် ကြေညာခဲ့သည်။

တရုတ်နိုင်ငံသို့ ပျံသန်းနေသည့် လေကြောင်းလိုင်းများ ရပ်နား

ကူးစက်ဗိုင်းရပ်စ် ပျံ့နှံ့မှုကြောင့် တရုတ်စီးပွားရေး ထိခိုက်မှုကို တိုင်းတာရန် စောလွန်းသေးကြောင်း အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ၏ ဥက္ကဋ္ဌ ခရစ္စတာလီနာဂျော်ဂျီဗာက ဇန်နဝါရီ ၃၁ ရက်တွင် ပြောကြားခဲ့ကြောင်း AFP သတင်းဌာနက ဖော်ပြခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ် အလျင်အမြန် ကူးစက်မှုကြောင့် စက်ရုံများ၊ စီးပွားရေးလုပ်ငန်းများ ပိတ်ပင်ထားရပြီး လေကြောင်းလိုင်း ပျံသန်းမှုများလည်း ဖျက်သိမ်းရမှုများကြောင့် တရုတ်စီးပွားရေးနှင့် ကမ္ဘာ့စီးပွားရေး ထိခိုက်မည်ကို စိုးရိမ်နေကြသည်။

ဆားစ်သည် တရုတ်စီးပွားရေး ဖွံ့ဖြိုးမှု အားကောင်းနေချိန်တွင် ဖြစ်ခဲ့ခြင်းဖြစ်သည်။ အမေရိကန်နှင့် ကုန်သွယ်ရေး စစ်ပွဲကြောင့် တရုတ်စီးပွားရေး နှေးကွေးနေချိန်တွင် ကူးစက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

တရုတ်နိုင်ငံ ဝူဟန်မြို့မှ စတင်ဖြစ်ပွားလျက်ရှိသည့် ကူးစက်မြန် ကိုရိုနာဗိုင်းရပ်စ်ရောဂါ မြန်မာပြည်တွင်းသို့ ရောက်ရှိလာပြီး အများပြည်သူသို့ ကူးစက်ခြင်းမှ ကာကွယ်နိုင်ရန် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက တရုတ်နိုင်ငံသို့ ပျံသန်းနေသည့် ပြည်တွင်း လေကြောင်းလိုင်းများ ဖြစ်သည့် မြန်မာအမျိုးသား လေကြောင်းလိုင်း (MNA) နှင့် အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းလိုင်း (MAI) ၏ စင်းလုံးငှား ခရီးစဉ်များကို ရပ်နားထားရန် ထုတ်ပြန်ထားသည်။

ယင်းပြင် ICAO က Electronic Bulletin က ထုတ်ပြန်ကာ အဖွဲ့ဝင်နိုင်ငံများသို့ ဖြန့်ဝေထားပြီး လေကြောင်းဦးစီးဌာန အနေဖြင့် မိမိနိုင်ငံအတွင်းသို့ ပျံသန်းနေသည့် လေယာဉ်ပေါ်တွင် အသက်ရှူ လမ်းကြောင်းဆိုင်ရာ သံသယဖြစ်ဖွယ် ခရီးသည် ပါလာပါက လေယာဉ်မှူး အနေဖြင့် Air Traffic Control Tower သို့ ကြိုတင်အကြောင်းကြား ထားရှိရန် ပြည်တွင်း ပြည်ပ ပြေးဆွဲနေသည့် လေကြောင်းလိုင်းများကို NOTOM ထုတ်ပြန်ထားခြင်းဖြစ်သည်။

လေကြောင်းဦးစီးဌာနက ယင်းသို့ ထုတ်ပြန်ပြီး အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI) က တရုတ်နိုင်ငံရှိ မြို့ကြီး ၁၀ မြို့သို့ ပျံသန်းနေသည့် စင်းလုံးငှား ခရီးစဉ်များနှင့် ရန်ကုန်-ကွမ်ကျိုး တိုက်ရိုက် ပုံမှန်ခရီးစဉ်ကိုလည်း ပျံသန်းမှု ရပ်ဆိုင်းမည်ဖြစ်ပြီး ခရီးသည်များအတွက် ရွေးချယ်ခွင့်များ ပေးအပ်ထားကြောင်း ယင်းလေကြောင်းလိုင်းက သတင်းထုတ်ပြန်ခဲ့သည်။

Corona Virus လက်ရှိဖြစ်ပွားနေသော အခြေအနေကို ထိန်းချုပ်ရာတွင် အထောက်အကူပြုရန်နှင့် အာဏာပိုင်များ၏ လိုအပ်ချက်များကို လိုက်နာဆောင်ရွက်ရန် အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းသည် တရုတ်နိုင်ငံသို့ ပျံသန်းနေသည့် စင်းလုံးငှားခရီးစဉ် အားလုံးကို ၂၀၂၀ ဇန်နဝါရီ  ၃၁ ရက်မှစတင်ကာ နောက်ထပ်မထုတ်ပြန်မီအထိ ယာယီရပ်ဆိုင်းထားမည် ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းသည် တရုတ်နိုင်ငံ မြို့ကြီးများဖြစ်သည့် Hangzhou၊ Hefei၊ Jinan၊ Jinijang၊ Linyi၊ Nanchang၊ Nanjing၊ Ningbo၊ Qingdao နှင့် Yantai မြို့ ၁၀ မြို့သို့ ပျံသန်းနေသည့် (အသွား၊ အပြန်) စင်းလုံးငှား ခရီးစဉ်များ အားလုံးကို ရပ်ဆိုင်းသွားမည်ဖြစ်သည်။

MAI အနေဖြင့် ယင်းသို့ စင်းလုံးငှားခရီးစဉ် ပျံသန်းမှုများကို ယာယီရပ်ဆိုင်းမှုအပြင် ပုံမှန်ခရီးစဉ်အဖြစ် ပျံသန်းနေသည့် ရန်ကုန်-ကွမ်ကျိုး တိုက်ရိုက်ခရီးစဉ်ကိုလည်း ဖေဖော်ဝါရီ ၁ ရက်မှ ဖေဖော်ဝါရီ ၂၉ ရက်အထိ ရပ်ဆိုင်းထားမည်ဟု ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံမှ တရုတ်နိုင်ငံရှိ မြို့များသို့ စင်းလုံးငှားနှင့် ပုံမှန်ခရီးစဉ် ပျံသန်းနေသည့် လေကြောင်းလိုင်းနှစ်ခုရှိပြီး ယင်းလေကြောင်းလိုင်း နှစ်ခုမှာ မြန်မာအမျိုးသား လေကြောင်းလိုင်း (MNA) နှင့် အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI) တို့ဖြစ်သည်။

ယင်းလေကြောင်းလိုင်း နှစ်ခုအနက် MAI လေကြောင်းလိုင်းမှာ တရုတ်နိုင်ငံ မြို့ကြီး ၁၀ မြို့သို့ စင်းလုံးငှား ခရီးစဉ်နှင့် ရန်ကုန်-ကွမ်ကျိုး တိုက်ရိုက်ခရီးစဉ်အား ပျံသန်းနေခြင်းဖြစ်ပြီး နိုင်ငံပိုင် MNA လေကြောင်းလိုင်းမှာ တရုတ်နိုင်ငံ ချန်ဒူးမြို့နှင့် ဟောင်ကောင်သို့ ပုံမှန်ခရီးစဉ် ပျံသန်းနေခြင်း ဖြစ်သည်။

တရုတ်နိုင်ငံသို့ ပျံသန်းနေသည့် ပြည်တွင်း လေကြောင်းလိုင်းများအား ခရီးစဉ် ပျံသန်းမှု ရပ်ဆိုင်းထားရသဖြင့် ပြည်တွင်းလေကြောင်းလိုင်း နှစ်ခုဖြစ်သည့် MNA နှင့် MAI လေကြောင်းလိုင်းတို့မှာ စီးပွားရေးအရ ထိခိုက်ဆုံးရှုံးမှုများ ရှိလာမည်ဖြစ်သည်။

သို့ရာတွင် မြန်မာ-တရုတ် နှစ်နိုင်ငံ လေကြောင်းပျံသန်းမှု စျေးကွက်ကို ကြည့်မည်ဆိုပါက တရုတ်နိုင်ငံမှ လေကြောင်းလိုင်း ၁၃ ခုက နှစ်နိုင်ငံ ချိတ်ဆက်ပျံသန်းမှု ရှိနေပြီး စျေးကွက်အများဆုံး ရယူထားနိုင်သဖြင့် ယခုကဲ့သို့ စီးပွားရေးအရ ထိခိုက်နစ်နာမှုများတွင် တရုတ်လေကြောင်းလိုင်းများကသာ အများဆုံး ထိခိုက်မည်မှာလည်း အမှန်ဖြစ်သည်။

“လက်ရှိ ပျံသန်းနေတဲ့ တရုတ်နိုင်ငံကို စင်းလုံးငှား ခရီးစဉ်ရော၊ ပုံမှန်ခရီးစဉ်တွေကိုပါ ပျံသန်းမှု ရပ်ဆိုင်းထားရတာဖြစ်လို့ မြန်မာလေကြောင်းလိုင်း နှစ်ခုအတွက် စီးပွားရေးအရ ထိခိုက်မှုတွေ ရှိနိုင်တာပေါ့။ ဒီလေကြောင်းလိုင်း နှစ်ခုထဲမှာ MNA က ဟောင်ကောင်နဲ့ ချန်ဒူးနှစ်မြို့ကိုသာ ပျံသန်းနေတာဖြစ်လို့ MAI ထက်ပိုပြီး ထိခိုက်မှု နည်းနိုင်ပါတယ်။ MAI လေကြောင်းလိုင်းကတော့ ပုံမှန်ခရီးစဉ်အနေနဲ့ ရန်ကုန်-ကွမ်ကျိုး ခရီးစဉ် တစ်ခုတည်းကိုပဲ ပျံသန်းနေတာဖြစ်ပြီး စင်းလုံးငှားခရီးစဉ်အနေနဲ့ တရုတ်မြို့ကြီး ၁၀ မြို့ကို ပျံသန်းနေတာဖြစ်လို့ စီးပွားရေးအရ ထိခိုက်နစ်နာမှုမှာ MAI လေကြောင်းလိုင်းက ပိုများနိုင်ပါတယ်” ဟု ၀ါရင့်လေယာဉ်မှူးကြီး တစ်ဦးက သူ၏အမြင်ကို သုံးသပ်ပြောကြားသည်။

အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI) ဆက်လက်ပျံသန်းမည့် ရန်ကုန်-ကွမ်ကျိုးခရီးစဉ် လက်မှတ်များအား ကြိုတင်ဝယ်ယူထားသည့် ခရီးသည်များကိုလည်း လေယာဉ်နေရာ ထိုင်ခုံရရှိမှုအပေါ် မူတည်၍ မည်သည့်ထပ်ဆောင်း အခကြေးငွေမှ ပေးသွင်းရန် မလိုအပ်ဘဲ ခရီးသွားမည့်ရက်များကို တစ်ကြိမ် ပြောင်းလဲ ခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။

အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI) ၏ ကွမ်ကျိုးမြို့သို့ အသွားအပြန် လေကြောင်းခရီးစဉ်အတွက် ခရီးသွားလာခွင့် သက်တမ်းရှိ လေယာဉ်လက်မှတ် ကိုင်ဆောင်ထားသည့် ခရီးသည်များအားလုံးကို ခရီးစဉ် ပြောင်းရွှေ့ခြင်းနှင့် လေယာဉ်လက်မှတ်များ ငွေပြန်အမ်းခြင်းတို့ကိုလည်း ပြုလုပ်ပေးသွားမည်ဟု အသိပေး ထုတ်ပြန်ခဲ့သည်။

နှစ်နိုင်ငံ တရားဝင်ပျံသန်းနေသည့် လေကြောင်းလိုင်း ခရီးစဉ်များ ရပ်ဆိုင်းကာ ရောဂါပိုးကူးစက်နိုင်မှုကို ကာကွယ်ရန် ဆောင်ရွက်လျက် ရှိသော်လည်း မိုင်ပေါင်း ၁၃၈၀ ကျော် ထိစပ်နေသည့် နယ်စပ်ဒေသများမှ နှစ်နိုင်ငံ အဝင်အထွက် ပြုလုပ်နေသူများထံမှတစ်ဆင့် ရောဂါပိုး ကူးစက်လာနိုင်မှုကို တားဆီးနိုင်ရန် အရေးကြီးလှသည်။

ပုံမှန်အားဖြင့် တရုတ်နှစ်သစ်ကူးပြီးချိန်တွင် မြန်မာနိုင်ငံအတွင်းမှ တရုတ်နိုင်ငံအတွင်းသို့ ပြန်ရောက် ဝင်ရောက်သူ များရမည် ဖြစ်သော်လည်း ဝူဟန်ဗိုင်းရပ်စ်ကြောင့် တရုတ်နိုင်ငံအတွင်းမှ မြန်မာနိုင်ငံတွင်းသို့ ပြန်လည် ဝင်ရောက်လာသူ ပိုများနေကြောင်း သိရသည်။

“မနေ့ညက ရွှေလီဘက်ကနေ မြန်မာနိုင်ငံသား ၁၁၆ ယောက် ပြန်လာပါတယ်။ တချို့ကလည်း သူတို့စက်ရုံတွေ အလုပ်လုပ်တဲ့ နေရာတွေကနေ ပြန်လွှတ်တာပေါ့။ တချို့ကျတော့လည်း ကိုယ့်အစီအစဉ်နဲ့ကိုယ် ပြန်လာကြတာပေါ့။ မနေ့ညက ပြန်လာတဲ့သူတွေဆိုရင် သူတို့က ပြန်လာချင်တယ်။ ဒါပေမဲ့ စက်ရုံက အလုပ်သမားမရှိရင် မဖြစ်ဘူးဆိုပြီး ပြန်မလွှတ်ဘူး။သူတို့က ကောင်စစ်ဝန်ကို အကြောင်းကြား၊ ကောင်စစ်ဝန်ကနေမှတစ်ဆင့် ပြန်လွှတ်ပေးပါဆိုတော့ မနေ့ညက ၈ နာရီလောက်မှာ မူဆယ်ကို ရောက်လာကြတယ်။ ၈ နာရီမှ ဒီရောက်တော့ သူတို့အတွက် စားဖို့သောက်ဖို့ တည်းခိုဖို့အတွက် စီစဉ်ပေးလိုက်တယ်။ ဒီနေ့မနက်မှာပဲ စစ်ကိုင်းတိုင်း၊ ကန့်ဘလူကို ပြန်သွားကြပါပြီ” ဟုမူဆယ်မြို့ ကရုဏာ လူမှုကူညီရေးအသင်းမှ ဦးသောင်းထွန်းက ဇန်နဝါရီ ၃၀ ရက်က ပြောကြားသည်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုအတွင်း သေဆုံးသူ ၂၁၃ ဦးအထိ မြင့်တက်လာခဲ့ပြီး ကူးစက်ခံရသူ ၁၀၀၀၀ နီးပါး ရှိလာခဲ့ကြောင်း တရုတ်အာဏာပိုင်များက ဇန်နဝါရီ ၃၁ တွင် ထုတ်ပြန်ချိန်တွင် ထိုကူးစက်ဗိုင်းရပ်စ် ပျံ့နှံ့မှုနှင့်ပတ်သက်၍ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး အခြေအနေကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ကြေညာခဲ့သည်။ ထိုကြေညာမှုကို ပထမဆုံးအကြိမ် တုံ့ပြန်မှုအဖြစ် အမေရိကန်က ၎င်း၏နိုင်ငံသားများအား တရုတ်သို့ မသွားရန် ပြောကြားခဲ့သည်။

တရုတ်လည်းပါဝင်သော ခရီးသွားလာမှုနှင့် ကုန်သွယ်မှုဆိုင်ရာ ကန့်သတ်မှုများသည် မလိုအပ်ကြောင်း WHO အကြီးအကဲ Tedros Adhanom Ghebreyesus က ပြောကြားခဲ့သော်လည်း ကမ္ဘာတစ်ဝန်းမှ အာဏာပိုင်များနှင့် စီးပွားရေးလုပ်ငန်းများက ထိုကိစ္စကို ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ဖြေရှင်းနေကြသည်။

ဂျာမနီ၊ ဗြိတန်နှင့် နိုင်ငံအချို့တို့က တရုတ်သို့ ခရီးသွားလာမှုဆိုင်ရာ သတိပေးချက်များ ထုတ်ပြန်ခဲ့ပြီး အဓိကကျသော လေကြောင်းလိုင်းများကလည်း တရုတ်သို့ ပျံသန်းမှု ဆိုင်းငံ့ခြင်း သို့မဟုတ် လျှော့ချခြင်းများ ပြုလုပ်ခဲ့ကြသည်။ မွန်ဂိုလီးယားက ၎င်း၏ကြီးမားသော တောင်ဘက် အိမ်နီးချင်းနှင့် နယ်စပ်ဖြတ်ကျော် သွားလာမှုများကို ရပ်ဆိုင်းခဲ့သည်။

ရုရှားကလည်း တရုတ်နှင့် ထိစပ်နေသည့် ဝေးလံခေါင်ဖျားသော အရှေ့ဘက်စွန်း နယ်စပ်ကို ကြိုတင်ကာကွယ်မှုအဖြစ် ပိတ်ထားခဲ့သည်။ နိုင်ငံအချို့ကလည်း ထိုဗိုင်းရပ်စ် စတင်ကူးစက် ပျံ့နှံ့ခဲ့သော တရုတ်အလယ်ပိုင်း ဝူဟန်မြို့မှ ခရီးသွားများ ဝင်ရောက်မှုကို ပိတ်ပင်ခဲ့သည်။ ဆင်းရဲနိမ့်ကျသော ပါပူအာနယူးဂီနီပင်လျှင် အာရှဆိပ်ကမ်းများမှ ခရီးသွားအားလုံးကို ပိတ်ပင်ထားသည်ဟု သိရသည်။

ဘယ်လို ပြင်ဆင်ထားမလဲ

တရုတ်နိုင်ငံ ဝူဟန်မှ စတင်ဖြစ်ပွားခဲ့သည့် ကိုရိုနာကူးစက်မြန်ရောဂါမှာ လက်ရှိတွင် တရုတ်နိုင်ငံ အပါအဝင် ပြင်ပနိုင်ငံပေါင်း ၂၀ တွင်ဖြစ်ပွားနေပြီး ဇန်နဝါရီ ၃၁ ရက်တွင်မူ ထပ်တိုးနိုင်ငံအဖြစ် အီတလီနိုင်ငံလည်း ပါဝင်လာသည်။

လက်ရှိတွင် ကမ္ဘာ့နိုင်ငံများက ကူးစက်ရောဂါ ပျံ့နှံ့နေမှုကို တားဆီးရန် လုပ်ဆောင်လျက်ရှိပြီး မြန်မာနိုင်ငံအနေဖြင့် လက်ရှိတွင် နယ်စပ်ကုန်သွယ်ရေး စခန်းများ၌ စစ်ဆေးကြပ်မတ်မှုများ ပြုလုပ်လျက်ရှိသည်။

အဆိုပါ ရောဂါပိုးသည် မည်မျှအထိ သက်ရောက်လာမည်ကို ခန့်မှန်း၍ မရသေးသဖြင့် မြန်မာ့ပို့ကုန်များကို နယ်စပ်ကုန်သွယ်ရေးထက် ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ တင်ပို့နို်ရန် စီစဉ်နေသည်ဟု ကုန်သွယ်ရေး ကဏ္ဍတွင် အဓိက တာဝန်ရှိသည့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

“ပထမအဆင့်ကတော့ ရောဂါပိုးကို မရောက်လာအောင်လို့ ကျွန်တော်တို့ရဲ့ နယ်စပ်ကုန်သွယ်ရေး စခန်းတွေကို သေချာဂရုစိုက်ပြီးတော့ ဆောင်ရွက်ဖို့ ကျွန်တော်တို့ ညွှန်ကြားထားပါတယ်။ ကာကွယ်ရေး ပစ္စည်းတွေလည်း ထောက်ပံ့ပြီးတဲ့ အခါကျတော့ ကာကွယ်ရေးပစ္စည်းဆိုတာ လက်အိတ်၊ Mask တို့ ဒါတွေထောက်ပံ့ပြီးတဲ့ အခါကျတော့ ကာကွယ်နိုင်ဖို့ကိုလည်း ကျွန်တော်တို့ ဆောင်ရွက်လျက် ရှိပါတယ်။ အခုပြောနိုင်တဲ့ အချက်ကတော့ ဘာမှမပြောနိုင်သေးတာပါပဲ။ ဒီရောဂါက ဘယ်လောက်အထိ သက်ရောက်လာမလဲ ဆိုတာ ကျွန်တော်တို့အနေနဲ့ ခန့်မှန်းလို့ မရသေးပါဘူး။ တစ်ဖက်ကတော့ ပို့ကုန်ကိစ္စနဲ့ ပတ်သက်ပြီးတော့ တရုတ်နိုင်ငံအပြင် တခြားနိုင်ငံတွေကိုပါ တိုးချဲ့တင်ပို့နိုင်ဖို့ ကျွန်တော်တို့အနေနဲ့ ဦးစားပေး စီစဉ်ဆောင်ရွက် သွားပါမယ်။ ကုန်းလမ်းခရီးနယ်စပ်က ကုန်သွယ်ရေးကနေမှ ပင်လယ်ရေကြောင်းကနေ ကုန်သွယ်မှု၊ လေကြောင်းနဲ့ ကုန်သွယ်မှု အပိုင်းတွေကို ပိုတိုးချဲ့နိုင်အောင် ကျွန်တော်တို့အနေနဲ့ ဆောင်ရွက်သွားဖို့ အစီအစဉ်များ ချမှတ်လျက်ရှိပါတယ်” ဟု ဒုတိယဝန်ကြီး ဦးအောင်ထူးက ဆိုသည်။

မြန်မာနိုင်ငံ၏ ပို့ကုန်မြှင့်တင်ရေးအတွက် အကောင်အထည်ဖော်နေသည့် အမျိုးသားပို့ကုန် မဟာဗျူဟာ အသစ်တွင် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်ကဏ္ဍကို ထည့်သွင်းထားပြီး ဖရဲသခွား ပြည်ပတင်ပို့မှုနှင့် ပတ်သက်၍လည်း မဟာဗျူဟာ ရေးဆွဲနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

“ဖရဲသခွားနဲ့ ပတ်သက်ရင် ကျွန်တော်တို့ရဲ့ အမျိုးသား ပို့ကုန်မဟာဗျူဟာရဲ့ အသစ်တိုးချဲ့မယ့် ကဏ္ဍမှာ သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်ပန်းမန် အဲဒီကဏ္ဍပါပါတယ်။ ရွေးချယ်ထားတဲ့ သစ်သီးထဲမှာလည်း ဖရဲသီးပါတယ်။ ဖရဲသီးနဲ့ ပတ်သက်ပြီး သီးခြားမဟာဗျူဟာ စီမံကိန်းဆွဲဖို့ ကျွန်တော်တို့ ပြင်ဆင်နေပါတယ်။ အလုပ်ရုံ ဆွေးနွေးပွဲတွေလည်း လုပ်ပြီးပါပြီ။ ဖရဲသီးနဲ့ပတ်သက်ပြီး တရုတ်ကို တင်ပို့တဲ့အခါ ကန့်သတ်ချက် မရှိဘူး။ ခွင့်ပြုထားတဲ့အတွက် ကျွန်တော်တို့ဘက်က တိုးချဲ့ပြီး တင်ပို့နိုင်ပါတယ်။ သူတို့ရဲ့ ဝယ်လိုအား အပြည့်လောက်နီးနီးကို တင်ပို့နေပါတယ်။ နောက်ပြီး ဂိတ်ပေါက်အားလုံးကလည်း တင်ပို့ခွင့်ပြုထားပါတယ်။ ကျိန်စမ်းကျော့လို ဂိတ်ပေါက်အသစ်တွေကိုလည်း တိုးချဲ့တင်ပို့ခွင့်ရအောင် ညှိနှိုင်းထားပြီး ဖြစ်ပါတယ်” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်စိုးက ပြောကြားသည်။

“လတ်တလောဖြစ်တဲ့ အခြေအနေကတော့ စီးပွားရေးအရ တစ်ဖက်နဲ့တစ်ဖက် ဘာမှပြဿနာ မရှိပါဘူး။ သူတို့ရဲ့ ဝူဟန်ရောဂါကြောင့် တရုတ်ပြည်ရဲ့ အတွင်းပိုင်းမှာ အရောင်းအဝယ်တွေ ရပ်ဆိုင်းသွားတဲ့ အခါကျတော့ ကျွန်တော်တို့ရဲ့ နယ်စပ်ကို ရောက်သွားတဲ့အခါ ဖရဲသီးတွေဟာ ယူနန်ကနေ ဟိုဘက်ကို ဆက်သွားဖို့ ခက်သွားတယ်။ အဲဒီတော့ အဝယ်မှာ လောလောဆယ်တော့ လျော့သွားတယ်။ လျော့သွားတယ် ဆိုရာမှာ အများကြီး မတင်ပို့ကြဖို့ မူဆယ်မှာရှိတဲ့ ကုန်စည်ဒိုင်ကရော၊ အသင်းကရော သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။ အဲဒီအတွက် တချို့ကလည်း ဆက်မသွားတော့ဘူး။ ဒါပေမဲ့ မှည့်နေလို့ ရောင်းချင်တဲ့ အဖွဲ့တွေက ရန်ကုန်ဘက်ကို ဆင်းလာပြီးတော့ စျေးကွက်ရှာကြတယ်လို့လည်း သိရပါတယ်။ ဒါကြောင့်လည်း ကျွန်တော်တို့ ဖရဲ၊ သခွား အသင်းနဲ့ရောတွေ့ပြီး လတ်တလောပေါ့။ ဟိုဘက်ကို မရောင်းနိုင်ခင်စပ်ကြား သူတို့အတွက် အဆင်သင့်ဖြစ်နေတဲ့ အသီးအနှံတွေအတွက် စျေးကွက်ရအောင် ဘယ်လိုလုပ်ရင်ရမလဲဆိုတာ ညှိနှိုင်းတိုင်ပင်ပြီးတော့ ဆောင်ရွက်ပေးဖို့ရှိပါတယ်။ နည်းလမ်းရှာပြီး အတတ်နိုင်ဆုံး ကူညီပေးမှာ ဖြစ်ပါတယ်” ဟု အမြဲတမ်းအတွင်းဝန် ဦးအောင်စိုးက ဆက်လက်ပြောကြားသည်။

နယ်စပ်ကုန်သွယ်ရေးမှတစ်ဆင့် မြန်မာ့ဆန်ကို တရုတ်နိုင်ငံသို့ တင်ပို့မှု ရှိသော်လည်း ယခုနှစ်ပိုင်းအတွင်း နယ်စပ်မှ တင်ပို့မှုထက် ပင်လယ်ရေကြောင်းမှ ဆန်တင်ပို့မှု ပိုများလာကြောင်း မူဆယ်နယ်စပ်မှ ဆန်ကုန်သည် တစ်ဦးဖြစ်သူ ကိုချမ်းသာဦးက ဆိုသည်။

သို့ဖြစ်ရာ လက်ရှိဖြစ်ပွားခဲ့သည့် ကူးစက်မြန်ရောဂါကြောင့် မြန်မာ့ဆန် ပြည်ပတင်ပို့မှုကို ထိခိုက်နိုင်ဖွယ် မရှိကြောင်းနှင့် မူဆယ်နယ်စပ်မှ တရုတ်သို့ ဆန်တင်ပို့မှုစျေးကွက် အေးစက်ခဲ့သည်မှာ တစ်နှစ်ခွဲခန့်ပင် ရှိပြီဖြစ်ကြောင်း ၎င်းကသုံးသပ်ခဲ့သည်။

သို့သော်လည်း တရုတ်နှင့် အပြန်အလှန်အားဖြင့် ကုန်သွယ်ရေးအရ အားထားနေရသည့် မြန်မာနိုင်ငံအနေဖြင့် တရုတ်သို့ ပို့ကုန်များ၊ တရုတ်ဘက်မှ သွင်းကုန်လုပ်ငန်းများ၊ လေကြောင်းလိုင်း ခရီးစဉ်များ ရပ်ဆိုင်းမှုမှ ထိခိုက်လာနိုင်သည့် ခရီးသွားလာရေး လုပ်ငန်းများမှာ ရောဂါပိုး ထိန်းချုပ်နိုင်ရန် အချိန်ကာလ တစ်ခုအထိ ကြာမြင့်သွားပါက သက်ရောက်နိုင်မှုမှာ စိုးရိမ်ရဖွယ်ရှိသည့် ကဏ္ဍများဖြစ်နေသည်။

တရုတ်နိုင်ငံ အနေဖြင့် ရောဂါကူးစက်မှုနှုန်း တဖြည်းဖြည်း မြင့်တက်လာမှုကို မထိန်းချုပ်နိုင်ပါက ကုန်သွယ်မှုနှင့် စီးပွားရေးအရ အပြန်အလှန်ချိတ်ဆက် ဆောင်ရွက်မှု များပြားသည့် မြန်မာ့စီးပွားရေး လုပ်ငန်းကဏ္ဍ အသီးသီးတွင် အနည်းနှင့်အများ ဆိုသလို ထိခိုက်မှုများ ရှိလာနိုင်မည်ဖြစ်သည်။ နဂိုကတည်းက ယိုင်နဲ့နဲ့ဖြစ်နေပြီး ရုန်းကန်နေရသည့် မြန်မာလုပ်ငန်းရှင်များနှင့် တရုတ်စျေးကွက်အားထား စိုက်ပျိုးထုတ်လုပ်နေရသည့် တောင်သူများအပေါ် သက်ရောက်မှု ကြီးလာနိုင်သည့်အတွက် ဆိုးကျိုးအနည်းဆုံး ဖြစ်ပေါ်စေရန် အစိုးရအနေဖြင့် စီမံခန့်ခွဲမှုနှင့် စီးပွားရေး လုပ်ငန်းများကို လိုအပ်သော ပံ့ပိုးကူညီမှု အစီအမံများ ဆောင်ရွက်ပေးရန် လိုအပ်လျက် ရှိသည်ကတော့ မြေကြီးလက်ခတ် မလွဲပင် ဖြစ်သည်။

ထို့ကြောင့် တရုတ်နိုင်ငံနှင့် အများဆုံး ဆက်စပ်နေသည့် မြန်မာ့စီးပွားရေးတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကျန်းမာရေး မထိခိုက်စေရန် အစိုးရက မည်သို့စီမံ ဆောင်ရွက်သွားမည်ကို ဆက်လက်စောင့်ကြည့်ရမည် ဖြစ်သည်။

 

Most Read

Most Recent