တရုတ်သြဇာလွှမ်းမိုးမှုနှင့် မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်

တရုတ်သြဇာလွှမ်းမိုးမှုနှင့် မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်
လိုင်ဇာမြို့သို့ ရောက်ရှိလာသည့် မစ္စတာ ဆွန်ကော့ရှန်အား KIO/KIA ခေါင်းဆောင်များက ကြိုဆိုနှုတ်ဆက်နေစဉ်
လိုင်ဇာမြို့သို့ ရောက်ရှိလာသည့် မစ္စတာ ဆွန်ကော့ရှန်အား KIO/KIA ခေါင်းဆောင်များက ကြိုဆိုနှုတ်ဆက်နေစဉ်
Published 2 February 2020
မင်းနိုင်စိုး

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၏ ဖိတ်ကြားချက်အရ ဇန်နဝါရီ ၁၇ ရက်နှင့် ၁၈ ရက်တွင် တရုတ်နိုင်ငံသမ္မတ မစ္စတာရှီကျင်ပင်းသည် မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီး ရောက်ရှိလာခဲ့ပြီးနောက် ဇန်နဝါရီ ၂၁ ရက်တွင် AA အဖွဲ့က ၎င်းတို့ဖမ်းဆီးထားသော အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းကို ပြန်လွှတ်ပေးလိုက်သည်။

အဆိုပါ ဖြစ်စဉ်အပေါ် AA အဖွဲ့က ညီရင်းအစ်ကို ဆက်ဆံရေး ပြန်လည်တည်ဆောက် လိုသည့်အတွက် ၎င်းတို့ နှစ်လကျော်ကြာ ဖမ်းဆီးထိန်းသိမ်းထားခဲ့သည့် ဦးဝှေ့တင်းအား ပြန်လွှတ်ပေးခြင်း ဖြစ်သည်ဟု အကြောင်းပြသော်လည်း နိုင်ငံရေး လေ့လာသုံးသပ်သူများကမူ ယင်းဖြစ်ရပ်နောက်၌ တရုတ်နိုင်ငံ ပါဝင်ပတ်သက်မှု ရှိခဲ့သည်ဟု ယူဆခဲ့ကြသည်။

တရုတ်နိုင်ငံသမ္မတ မစ္စတာရှီကျင်ပင်း၏ မြန်မာနိုင်ငံခရီးစဉ် မတိုင်မီ တရုတ်နိုင်ငံ၏ အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာဆွန်းကော်ရှန်သည် ကချင်လက်နက်ကိုင်အဖွဲ့ (KIA) ဌာနချုပ် တည်ရှိရာ ကချင်ပြည်နယ် လိုင်ဇာမြို့သို့ နှစ်သစ်ကူး အလည်အပတ်ခရီး ရောက်ရှိခဲ့သည်။

မစ္စတာ ဆွန်းကော်ရှန်၏ လိုင်ဇာခရီးစဉ်တွင် KIO/KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ အပါအဝင် ထိပ်တန်းခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့သကဲ့သို့ AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်း မြတ်နိုင်နှင့်လည်း တွေ့ဆုံခဲ့သည်။

KIA နှင့် AA တို့၏ နှစ်ဖက်ပြောရေးဆိုခွင့်ရှိသူများက သတင်းမီဒီယာများသို့ ပြောကြားချက်များအရ တပ်မတော်နှင့် မြောက်ပိုင်း မဟာမိတ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအကြား ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ဆောင်ရွက်ရန်နှင့် နိုင်ငံရေးဆွေးနွေးမှုများ ဆက်လက်ပြုလုပ်ရန် လိုင်ဇာတွေ့ဆုံပွဲတွင် ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

ဦးဝှေ့တင်း ပြန်လည်လွတ်မြောက်ရေးနှင့် ပတ်သက်၍ မစ္စတာ ဆွန်းကော်ရှန်နှင့် AA စစ်ဦးစီးချုပ်တို့ ဆွေးနွေးခဲ့ခြင်း ရှိမရှိကိုမူ AA ဘက်က ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။

သို့သော်လည်း လိုင်ဇာ၌ မစ္စတာ ဆွန်းကော်ရှန်နှင့် AA ခေါင်းဆောင်တို့၏ တွေ့ဆုံမှု၊ တရုတ်နိုင်ငံသမ္မတ မစ္စတာရှီကျင်ပင်း၏ မြန်မာနိုင်ငံခရီးစဉ်အပြီး AA အဖွဲ့ ဖမ်းဆီးထားသော ဦးဝှေ့တင်း လွတ်မြောက်လာမှုမှာ သာမန်တိုက်ဆိုင်မှုမျိုး မဟုတ်ပေ။

AA အဖွဲ့သည် ရခိုင်ပြည်နယ်တွင် ခြေကုပ်ယူရန် ကြိုးစားနေသော်လည်း ၎င်းတို့ အခြေပြု ပေါက်ဖွားခဲ့ရာသည် မြန်မာ-တရုတ်နယ်စပ် လိုင်ဇာဒေသ ဖြစ်ခဲ့သည်။

မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်သည် မိုင်ပေါင်းနှစ်ထောင်ကျော် နယ်နိမိတ်ချင်း ထိစပ်နေပြီး ထိုသို့ရှည်လျားလှသော နှစ်နိုင်ငံနယ်စပ်တွင် အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ အခြေစိုက်စခန်း ဌာနချုပ်များ တည်ရှိနေသည်။

အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း တစ်ခုဖြစ်သည့် “၀” ပြည် သွေးစည်းညီညွတ်ရေးပါတီ/”၀” လက်နက်ကိုင်အဖွဲ့ (UWSP/UWSA) သည် မြန်မာ-တရုတ်နယ်စပ်တွင် အခြေစိုက်သည်။

ထို့ပြင် ကိုးကန့်လက်နက်ကိုင်အဖွဲ့ (MNDAA)၊ မိုင်းလားအဖွဲ့ (NDAA)၊ ကချင်အဖွဲ့ (KIA) တို့သည် မြန်မာ-တရုတ် နယ်စပ်တွင် တည်ရှိနေပြီး AA ထိပ်ပိုင်းခေါင်းဆောင်များသည် လိုင်ဇာတွင် ရှိနေသကဲ့သို့ တအာင်းအဖွဲ့  (TNLA) ၏ဆက်ဆံရေးဌာန တစ်ခုသည်လည်း UWSA ဌာနချုပ်တည်ရှိရာ ပန်ဆန်းတွင် ရှိနေသည်။

တကောင်း နိုင်ငံရေးလေ့လာမှုအဖွဲ့က ၂၀၁၉ ခုနှစ် ဇူလိုင်လအတွင်း ထုတ်ဝေခဲ့သော စာတမ်းအရ UWSA တွင် အင်အား ၃၀၀၀၀ ခန့်နှင့် အရန်အင်အား ၁၀၀၀၀ ခန့်၊ KIA တွင် အင်အား ၁၀၀၀၀ ခန့်နှင့် အရန်အင်အား ၁၀၀၀၀ ခန့်၊ TNLA တွင် အင်အား ၈၀၀၀ ကျော်ရှိသည်။

MNDAA ၌ အင်အား ၃၀၀၀ ကျော်၊ NDAA တွင် အင်အား ၃၀၀၀ ကျော်နှင့် AA တွင် အင်အား ၁၀၀၀၀ ကျော်ရှိသည်ဟု တကောင်း နိုင်ငံရေးလေ့လာမှုအဖွဲ့က ၎င်းတို့၏ စာတမ်းတွင် ဖော်ပြခဲ့ပြီး အဆိုပါ လက်နက်ကိုင် အဖွဲ့များသည် NCA စာချုပ်တွင် လက်မှတ် မရေးထိုးရသေးသော အဖွဲ့များဖြစ်သည်။

၎င်းတို့ကို တရုတ်အစိုးရက သြဇာလွှမ်းမိုးထားသည်ဟု နိုင်ငံရေး အသိုင်းအဝိုင်းက ယူဆထားကြသည်။

“တရုတ်နိုင်ငံရဲ့ သြဇာသက်ရောက်မှုကတော့ ဒီအဖွဲ့တွေအပေါ်မှာရှိတာ အမှန်ပဲဗျာ့” ဟု ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ မြန်မာ့အင်စတီကျု၏ အမှုဆောင်ဒါရိုက်တာ ဒေါက်တာမင်းဇော်ဦးက ပြောကြားသည်။

တရုတ်နိုင်ငံနယ်စပ်ရှိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အားလုံး၏ အုပ်ချုပ်ထောက်ပံ့မှုကိစ္စ အားလုံးမှာ တရုတ်နိုင်ငံကို အမှီပြု ဆောင်ရွက်ရပြီး ယုတ်စွအဆုံး အင်တာနက်ကအစ တရုတ်အင်တာနက်ကို အသုံးပြုရကာ တိုက်ပွဲတွင် ဒဏ်ရာရရှိသူများကိုလည်း တရုတ်နိုင်ငံအတွင်းရှိ ဆေးရုံတွင်ပင် ဆေးဝါးကုသမှု ခံယူကြသည်ဟု ဒေါက်တာမင်းဇော်ဦးက ဆိုသည်။

“နောက်ပြီးတော့ လက်နက်ခဲယမ်းမီးကျောက်ကိုလည်း အဓိက အများဆုံး သွင်းတာက အဲဒီတရုတ်ဘက်က လမ်းကြောင်းကပဲ သွင်းရတာဆိုတော့ တရုတ်နိုင်ငံက တော်တော်ကို အရေးပါတယ်ပေါ့နော်” ဟု ဒေါက်တာမင်းဇော်ဦးက ပြောကြားသည်။

မြန်မာ-တရုတ်နယ်စပ် အခြေစိုက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ ဆက်ဆံရေးရုံးများသည် တရုတ်နိုင်ငံထဲတွင် ရှိနေသည့်အတွက် ယူနန်ပြည်နယ်ရှိ ထောက်လှမ်းရေးများ၊ တရုတ်ရဲအရာရှိများနှင့် နယ်စပ်အခြေစိုက် လက်နက်ကိုင်အဖွဲ့များ၏ ခေါင်းဆောင်များအကြား ဆက်ဆံရေးမှာ ထင်ရှားသည်ဟုလည်း ၎င်းကဆိုသည်။

တရုတ်နိုင်ငံထဲတွင် မြန်မာ-တရုတ်နယ်စပ် အခြေစိုက် လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်အချို့က ခမ်းနားသော အိမ်ကြီးများပင် ဝယ်ယူနေထိုင်နေကြသည်ဟု ဒေါက်တာမင်းဇော်ဦးက ပြောကြားသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၁၇ ရက်နှင့် ၁၈ ရက်တွင် တရုတ်နိုင်ငံသမ္မတ မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့ပြီး အဆိုပါ ခရီးစဉ်တွင် တရုတ်နိုင်ငံသမ္မတနှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တို့ တွေ့ဆုံခဲ့သည်။

ငြိမ်းချမ်းရေး ဆောင်ရွက်ရာတွင် ဥပဒေနှင့်အညီသာ ဆောင်ရွက်ရမည်ကို တိုင်းရင်းသားအားလုံး နားလည်လက်ခံရန် လိုအပ်ပြီး တရုတ်သမ္မတ အနေဖြင့် တိုင်းရင်းသားများအား ငြိမ်းချမ်းရေးအတွက် တိုက်တွန်းပေးရန် မေတ္တာရပ်ခံကြောင်း အဆိုပါ တွေ့ဆုံပွဲတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

နိုင်ငံတည်ငြိမ်အေးချမ်းရန် ဆန့်ကျင်သည့် အကြမ်းဖက်ဆူပူမှုများကို မည်သည့်နိုင်ငံကမျှ လက်ခံနိုင်မည် မဟုတ်သကဲ့သို့ အစိုးရကို ဆန့်ကျင်၍ လက်နက်ကိုင် တိုက်ခိုက်မှုများဆိုလျှင် ပို၍ပင် လက်ခံနိုင်မည် မဟုတ်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ပြောကြားခဲ့သည်။

မည်သည့်အဖွဲ့အစည်းဖြစ်စေ တရုတ်နိုင်ငံ၏ ပိုင်နက်ကို အသုံးချ၍ မြန်မာနိုင်ငံကို ထိခိုက်အောင် ဆောင်ရွက်ခြင်းမျိုးကို တရုတ်နိုင်ငံ အနေဖြင့် လက်ခံမည်မဟုတ်ဟု အဆိုပါ တွေ့ဆုံပွဲတွင် တရုတ်နိုင်ငံသမ္မတ မစ္စတာရှီကျင်ပင်းက ပြောကြားသည်။

ထို့ပြင် အများက စွပ်စွဲပြောဆိုနေကြသကဲ့သို့ မြန်မာနိုင်ငံရှိ လက်နက်ကိုင် အဖွဲ့အစည်းများကို လက်နက်ခဲယမ်း ထောက်ပံ့ပေးနေခြင်းမျိုး လုံးဝမရှိဘဲ အခြားနည်းလမ်းများဖြင့် ရရှိနိုင်သည်ဖြစ်၍ တရုတ်နိုင်ငံအနေဖြင့် သေချာစွာ စိစစ်ဖြေရှင်း ပေးသွားမည်ဟု မစ္စတာရှီကျင်ပင်းက ပြောကြားသည်။

တရုတ်နိုင်ငံသမ္မတ၏ အဆိုပါ ပြောကြားချက်နှင့် ပတ်သက်၍ ဝေဖန်မှုများ ထွက်ပေါ်လာခဲ့ပြီး တရုတ်နိုင်ငံသည် တစ်ချိန်က ဗမာပြည် ကွန်မြူနစ်ပါတီအား လက်နက်ခဲယမ်း မီးကျောက် ထောက်ပံ့ရုံတင် မဟုတ်ဘဲ လက်နက်စက်ရုံကိုပါ လာရောက် တည်ဆောက်ပေးခဲ့သည်ဟု ဒေါက်တာမင်းဇော်ဦးက ပြောကြားသည်။

မကြာသေးမီကာလက ရှမ်းမြောက်ဒေသတွင် တပ်မတော်စစ်ကြောင်းများက များပြားလှစွာသော လက်နက်ခဲယမ်းများနှင့် တန်ဖိုးမြင့် သေနတ်များ ဖမ်းဆီးရမိမှုများရှိခဲ့ပြီး အဆိုပါ ဖမ်းဆီးရမိမှုများတွင် အချို့သော စစ်လက်နက်ပစ္စည်းများသည် တရုတ်နိုင်ငံထုတ် စစ်လက်နက်ပစ္စည်းများ ဖြစ်သည်ဟု တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့က တရားဝင် ပြောကြားထားသည်။

လက်ရှိအခြေအနေတွင် UWSA နှင့် KIA တို့တွင် လက်နက်စက်ရုံ ပိုင်ဆိုင်ထားပြီး ယင်းလက်နက် စက်ရုံများကလည်း လက်နက်တစ်ခုလုံးကို အစအဆုံး ထုတ်လုပ်နိုင်ခြင်းမျိုး မရှိဘဲ သေနတ်ပြောင်း ကဲ့သို့သော အစိတ်အပိုင်းများမှာ တရုတ်နိုင်ငံမှာ ဝင်လာကာ ယင်းအစိတ်အပိုင်းများကို ပြန်လည်တပ်ဆင်သည့် အဆင့်သာ ဖြစ်သည်ဟု ဒေါက်တာမင်းဇော်ဦးက ပြောကြားသည်။ 

“မြန်မာပြည်ထဲမှာရှိတဲ့ လက်နက်စက်ရုံဆိုတာက ပြန်တပ်ဆင်တဲ့ အဆင့်ပဲရှိတယ်။ အစအဆုံး သေနတ်တစ်လက်လုံးကို တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ လက်နက်စက်ရုံမှာ ထုတ်တာမဟုတ်ဘူး။ အဲဒီတော့ ဒီလိုမျိုး တရုတ်နိုင်ငံထဲမှာ လက်နက်လုပ်ပြီးတော့ ပို့တာ မဟုတ်တောင်မှ မြန်မာပြည်ထဲမှာရှိတဲ့ စက်ရုံတွေအတွက် အဓိကကျတဲ့ ကုန်ကြမ်းတွေ၊ အစိတ်အပိုင်းတွေ အကုန်လုံးက တရုတ်နိုင်ငံထဲက လာတာ” ဟု ဒေါက်တာမင်းဇော်ဦးက ဆိုသည်။

၂၀၁၅ ခုနှစ် လောက်ကိုင်ထိုးစစ်အတွက် ၂၀၁၃၊ ၂၀၁၄ ခုနှစ်က တည်းကပင် ကိုးကန့်အဖွဲ့ (MNDAA) က ပြင်ဆင်ခဲ့ပြီး ထိုးစစ်ဆင်သည့်အချိန်တွင် အသုံးပြုခဲ့သော M-22 သေနတ်သည် လာအို-တရုတ်မှတစ်ဆင့် MNDAA ထံ ရောက်ရှိခဲ့ခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။  

မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အထောက်အကူပြုရန် ဟုဆိုကာ အစိုးရ၏ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)၊ ငြိမ်းချမ်းရေးကော်မရှင် (PC) နှင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC) များသို့ တရုတ်နိုင်ငံက ငွေကြေးထောက်ပံ့မှုများ ရှိခဲ့သည်။

အဆိုပါ ထောက်ပံ့မှုများကို တရုတ်နိုင်ငံ၏ အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ ဆွန်းကော်ရှန် ဦးဆောင်၍ လာရောက်ခဲ့ခြင်းဖြစ်ပြီး ၎င်းသည် အစိုးရထံသို့ မရောက်မီ နယ်စပ်ရှိ လက်နက်ကိုင် အဖွဲ့များထံ  ဝင်ရောက်လာခဲ့သဖြင့် အဆိုပါ အဖွဲ့များကိုလည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ခေါင်းစဉ်အောက်မှ ထောက်ပံ့ငွေ ပေးအပ်ခဲ့ခြင်း ရှိ မရှိ စဉ်းစားဖွယ်ရာ ရှိလာခဲ့သည်။

တရုတ်နိုင်ငံ၏ တရားဝင်ပေါ်လစီအရ ထိုသို့ ထောက်ပံ့မှုမရှိသော်လည်း သိန်းနှင့်ချီသော လက်နက်များ တရုတ်နိုင်ငံမှဖြစ်စေ သို့မဟုတ် အခြားတစ်နိုင်ငံမှ တရုတ်ကို ကျော်ဖြတ်၍ဖြစ်စေ မြန်မာနိုင်ငံအတွင်းသို့ ဝင်လာနေသည်ကို တရုတ်အစိုးရက လုံးဝသိရှိခြင်းမရှိဟု ပြောဆိုရန်မူ ခက်ခဲသည်ဟု ဒေါက်တာမင်းဇော်ဦးက ပြောသည်။

၎င်း၏ ပြောကြားချက်များအရ တရုတ်သည် နယ်စပ်ရှိ လက်နက်ကိုင်အဖွဲ့များကို ငွေကြေးထောက်ပံ့မှု မရှိသော်လည်း လက်နက်ထောက်ပံ့မှု ရှိသည်ဟု ကောက်ချက်ချနိုင်ပြီး သိန်းနှင့်ချီသော လက်နက်များ တရုတ်နိုင်ငံကိုဖြတ်၍ မြန်မာနိုင်ငံသို့ ဝင်ရောက်လာခြင်းသည်ပင် တစ်နည်းအားဖြင့် အထောက်အပံ့ရှိသည်ဟု ပြောရမည်သာ ဖြစ်နေသည်။

ထို့ပြင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် လေ့လာသုံးသပ်သူ တစ်ဦးကလည်း ထိုသို့ထောက်ပံ့မှုမျိုး မရှိနိုင်ကြောင်း ပြောကြားခဲ့ပြီး အဘယ်ကြောင့်ဆိုသော် ကျည်ဆန်ဝယ်ရာတွင် ချက်ချင်းငွေမချေနိုင်ပါက တရုတ်နိုင်ငံဘက်က အကြွေးမှတ်သည့်သဘော ရယ်မောဖွယ်ရာအဖြစ် ပြောဆိုမှုများ ရှိခဲ့ဖူးသည်ဟု ၎င်းသိထားသည့်အချက်ကို ပြန်လည်ဖွင့်ဟ ပြောပြသည်။

“ကျွန်တော်တော့ မထင်ဘူး။ မထင်ဘူးဆိုတာ သူက (တရုတ်) လည်း လူငယ်စကားနဲ့ဆိုရင် အချဉ်မဟုတ်ဘူး။ သူက အဲဒီလိုလုပ်မယ်လို့လည်း မထင်ဘူး။ ဘာကြောင့်လဲလို့ ပြောတော့ “၀” တို့ဘာတို့ဘက်က တစ်ဆင့်သွားရတာ ပိုပြီးတော့ စိတ်ချရတာပေါ့ဗျာ။ ဘာမှပေါက်စရာလည်း မရှိဘူး။ ဥပမာ သဘောက ကျွန်တော်တို့ဆီက ဆွေးနွေးပွဲသွားတဲ့ လူတွေလည်း ပြောပြတယ်။ ဟိုကလည်း မေးတယ်တဲ့။ မေးတော့ ဟိုကလည်း နောက်သလို ပြောင်သလိုနဲ့ ဘာပြောသလဲဆိုတော့ ‘ဗိုလ်ချုပ်ကြီး ... ကျွန်တော်တို့က လက်နက်ပဲ အလကားရတာတဲ့။ ကျည်ဆန်က ဝယ်ရတယ်ပေါ့။ ချက်ချင်းမပေးနိုင်ရင် သူတို့က အကြွေးမှတ်ထားတယ်’ ဆိုပြီး မကြာခဏ ပြောတယ်ဗျာ” ဟု အဆိုပါပုဂ္ဂိုလ်က ပြောကြားသည်။

ရယ်စရာအဖြစ် ပြောသော်လည်း အဆိုပါ ပြောဆိုချက်သည် ဖြစ်နိုင်ဖွယ်ရှိပြီး အဘယ်ကြောင့်ဆိုသော် စစ်တိုက်ခြင်း၏ ကုန်ကျစရိတ်သည် အလွန်များပြားခြင်းကြောင့် ဖြစ်သည်ဟု ၎င်းကကောက်ချက်ချသည်။

အင်အားကြီးမားသည့် တရုတ်စစ်တပ်တွင် သိန်းနှင့်ချီသော စစ်အင်အားများရှိနေပြီး အဆိုပါ စစ်သည်များတွင် လက်နက်ခဲယမ်းပေါင်း များစွာရှိကာ လက်နက်ပစ္စည်းများ၏ သဘောသဘာဝအရ အချိန်ကာလ ကြာမြင့်လာပါက စစ်လက်နက်ပစ္စည်း အသစ်များ ထွက်ပေါ်လာမည်ဖြစ်ရာ မူရင်းရှိထားနှင့်ပြီးသား လက်နက်များကို ဖျက်ဆီးရမည့်သဘော ရှိနေသည့်အတွက် အဆိုပါ လက်နက်များသည် လမ်းကြောင်းတချို့မှနေ၍ လက်နက်ကိုင် အဖွဲ့အစည်းများထံ ရောက်နေနိုင်သည်ဟု နိုင်ငံရေး လေ့လာသုံးသပ်သူ တစ်ဦးက ပြောကြားသည်။

“ဒီသေနတ်တွေက လွှင့်ပစ်ရမလို ဖျက်ဆီးရမလို ဖြစ်တာပေါ့။ ဒါမျိုးတွေကလည်း အကြောင်းကြောင်းကြောင့် ဘယ်လိုပုံစံနဲ့ ရောက်သလဲ။ ကျွန်တော်တို့ မသိပေမဲ့ “၀” ကတစ်ဆင့် တိုင်းရင်းသားတွေဆီ ရောက်သွားသလားဆိုတဲ့ တွေးဆချက်တွေတော့ ရှိနေတယ်” ဟု ၎င်းကသုံးသပ်သည်။

မြန်မာနိုင်ငံ အတွင်းသို့ နိုင်ငံခြားမှ လက်နက်စီးဝင်လာမှု လမ်းကြောင်းသည် အဓိကအားဖြင့် မြန်မာ-တရုတ်နယ်စပ်၊ လာအိုနယ်စပ်နှင့် ထိုင်းနယ်စပ်ဟူ၍ လမ်းကြောင်း သုံးကြောင်းရှိနေပြီး တပ်မတော်ကမူ သံတမန် နည်းလမ်းဖြင့် အဆိုပါ လမ်းကြောင်းများမှ လက်နက်စီးဝင်မှုကို ဖြတ်တောက်လိုသည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဂျပန်သတင်းဌာန တစ်ခုတို့ သီးသန့်တွေ့ဆုံမေးမြန်းမှု ပြုလုပ်ခဲ့ပြီး အဆိုပါ သီးသန့်မေးမြန်းမှုတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၎င်း၏ဆန္ဒကို အထက်ပါအတိုင်း ပြောကြားထားခြင်းဖြစ်သည်။

ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခ ရှိနေသေးသည့်အတွက် ၎င်း၏ဆန္ဒမှာ ဖြစ်နိုင်ဖွယ် မရှိသေးပေ။

ထို့ပြင် လက်နက်ကိုင် အဖွဲ့အစည်းများ၏ လက်နက်ခဲယမ်းများအတွက် ငွေကြေးလမ်းကြောင်းသည် သယံဇာတများနှင့် မူးယစ်ဆေးဝါးများ ရောင်းဝယ်ဖောက်ကားခြင်းမှ ရရှိခြင်း ဖြစ်သည်ဟုလည်း ဂျပန်သတင်းဌာနနှင့် အင်တာဗျူးတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။

လက်ရှိတွင် အစိုးရနှင့် မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ လေးဖွဲ့ဖြစ်သည့် KIA၊ TNLA၊ MNDAA၊ AA တို့အကြား Bilateral လက်မှတ်ရေးထိုးရန် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်နေပြီး အဆိုပါ ဆွေးနွေးမှု၏ အဓိက အဟန့်အတား တစ်ခုမှာ ပဋိပက္ခဖြေရှင်းရေး ယန္တရားတွင် တရုတ်နိုင်ငံ ပါဝင်ရေးပင် ဖြစ်သည်။

အဆိုပါ အချက်နှင့် ပတ်သက်၍ နှစ်ဖက်ညှိနှိုင်းမှု ပြေလည်ပါက Bilateral လက်မှတ်ရေးထိုးရေး အခြေအနေ ကောင်းနိုင်မည် ဖြစ်သော်လည်း အစိုးရ၏ ရပ်တည်မှုသည် ပဋိပက္ခဖြေရှင်းရေး ယန္တရားတွင် ပြင်ပမှ ပါဝင်ခြင်းကို မူအားဖြင့် လက်ခံထားခြင်း မရှိပေ။

“တောင်ပိုင်းမှာရှိတဲ့ လက်မှတ်ထိုးပြီးသား အဖွဲ့တွေ အကုန်လုံးနဲ့ လုပ်တဲ့ဟာမှာ JMC ဆိုတာရှိတယ်။ JMC ဆိုတာရှိတော့ ဒီလိုဟာမှာ ပြင်ပနိုင်ငံတွေပါဖို့ဆိုတာ မူအားဖြင့် မရှိဘူး။ ဒါကြောင့်မို့လို့ သူက အဲဒီလိုမျိုး  Team ထဲမှာပါဖို့ မဖြစ်နိုင်ဘူး။ ဒါပေမဲ့ သူက အခုဆိုရင် JPF တို့ ဘာတို့ဆိုရင် ဖန်ငွေထောက်ပံ့နေတာတွေ ဘာတွေရှိတယ်လေ။ တရုတ်ပြည်သူ့သမ္မတနိုင်ငံက ဖန်ငွေထောက်ပံ့နေတာရှိတယ်။ ပြီးရင်တော့ နည်းပညာအားဖြင့်လည်း နိုင်ငံတကာက ကျွမ်းကျင်သူတွေလည်း ကူနေတာတွေရှိတယ်။ ဆိုလိုတာက ပြဿနာဖြေရှင်းတဲ့ အဖွဲ့မှာ “၀” တို့ မိုင်းလားတို့ ပါတာမျိုးတွေက လုပ်လို့ရတယ်။ အပြင်ကတော့ မူအားဖြင့် မရှိဘူးဆိုတဲ့ ရပ်တည်ချက်နဲ့ ဆွေးနွေးနေကြတာ” ဟု ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်ပတ်သက်နေသူ တစ်ဦးက ပြောကြားသည်။

ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပဋိပက္ခဖြေရှင်းရာ၌ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ  (JMC) ကို အောင်မြင်စွာ အကောင်အထည် မဖော်နိုင်ပါက မြောက်ပိုင်းအဖွဲ့များ တောင်းဆိုနေသကဲ့သို့ ပြည်ပအဖွဲ့အစည်းတစ်ခုခု ပါဝင်လာရန် တောင်းဆိုမှုမျိုးကို ရင်ဆိုင်နေရမည် ဖြစ်သည်။

သို့သော်လည်း မြောက်ပိုင်းအဖွဲ့များ၏ တရုတ်နိုင်ငံ ပါဝင်ရေး တောင်းဆိုမှုမှာ ယင်းအဖွဲ့များ၏ တရုတ်နိုင်ငံအပေါ် အလွန်အကဲ ယုံကြည်မှုမျိုးမှာ မေးခွန်းထုတ်စရာ ဖြစ်နေပြီး ယင်း၏ ပါဝင်မှုကြောင့် မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ပိုမိုကောင်းမွန်လာနိုင်မှု ရှိ မရှိမှာ မည်သူမျှ အာမခံချက်ပေးနိုင်သည့် ကိစ္စရပ် မဟုတ်ပေ။

နောက်ဆုံးကောက်ချက်ချမှုအရ မြန်မာ-တရုတ်နယ်စပ်ရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအပေါ် တရုတ်နိုင်ငံက အထိုက်အလျောက် သြဇာသက်ရောက်မှုရှိပြီး ပြည်တွင်းအစိုးရထက်ပင် သြဇာသက်ရောက်မှု ရှိ မရှိ မေးခွန်းထုတ်စရာ ဖြစ်နေသည်။

အဆိုပါ လက်နက်ကိုင် အဖွဲ့အစည်းများကို တရုတ်နိုင်ငံအနေဖြင့် လက်နက်ထောက်ပံ့ပေးခြင်း မရှိဟု တရုတ်နိုင်ငံသမ္မတက မည်သို့ပင် ပြောစေကာမူ သွယ်ဝိုက်သော နည်းအားဖြင့် လက်နက်ကိုင် အဖွဲ့အစည်းများသည် တရုတ်၏ လက်နက်အထောက်အပံ့ ရရှိနေသည်ဟုသာ သုံးသပ်ရမည်ဖြစ်သည်။

ထို့ကြောင့် မြန်မာ့ငြိမ်းချမ်းရေး ဖြစ်စဉ်နှင့် တရုတ်နိုင်ငံ၏ အကျိုးစီးပွားတို့ နှိုင်းယှဉ်လာပါက တရုတ်နိုင်ငံသည် ၎င်းတို့၏ အကျိုးစီးပွားကိုသာ ရှေးရှုမည် ဖြစ်သကဲ့သို့ မြန်မာနိုင်ငံသည်လည်း အလားတူ ရှေးရှုမည်သာ ဖြစ်သည်။

ထိုသို့ အကျိုးစီးပွားဆိုင်ရာ ရှေးရှုမှုများ ဖြစ်ပေါ်လာပါက တရုတ်နှင့် ဆက်စပ်၍ ဆောင်ရွက်ရမည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်သည် ရေရှည်တွင် ပိုမိုတည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးဖြစ်နိုင် မဖြစ်နိုင်ဆိုသည့် အချက်မှာ မည်သူမျှ အာမခံချက်ပေးနိုင်သော ကိစ္စမဟုတ်ပေ။

ထို့ကြောင့် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးဖြစ်စဉ်တစ်ခု တည်ဆောက်ရန်အတွက် မည်သူ့မျက်နှာကိုမျှ ထောက်ထားလှည့်ကြည့်ရန် မလိုသော လုပ်ငန်းစဉ် တစ်ခုကို စဉ်းစားဆောင်ရွက်ရန် လိုအပ်ပြီး ယုံကြည်မှု လွန်ကဲခြင်းမှတစ်ဆင့် ပြည်ပအဖွဲ့အစည်းတစ်ခုက ကြိုးကိုင်ထားနိုင်သည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တစ်ခု မတည်ဆောက်မိရန် အလွန်အရေးကြီးပေသည်။

 

Most Read

Most Recent