ကိုရွှေဘ မကြာမီ ပြန်လာပါမည်

ကိုရွှေဘ မကြာမီ ပြန်လာပါမည်
Published 31 January 2020
ဒေါက်တာခင်‌မောင်ညို

ဒီနေ့ ညနေဘက် လက်ဖက်ရည်ဝိုင်းကို ကိုဘသစ်နဲ့ ကျွန်တော်တို့ ထမနဲတွေယူခဲ့တယ်။

မိတ်ဆွေတွေက သဘောကျသွားကြတယ်။

“ထမနဲကို ကျွန်တော်တို့ ကြိုက်တယ်။ ဘယ်ကနေ ယူခဲ့တာလဲ”

“ဆရာမောင်ခင်မင် အသက် ၈၀ မွေး နေ့ကနေ ပေးလိုက်တာ”

“ရန်ကုန်တက္ကသိုလ် မြန်မာစာဌာနမှာ ကျင်းပတယ်လို့ ကြားတယ်”

“ဆရာမောင်ခင်မင်(ဓနုဖြူ) ဆိုတာ ဆ ရာဦးခင်အေးပါ။ မြန်မာစာဌာနက ပါမော က္ခပါပဲ။ ခုအငြိမ်းစားယူပြီးတော့ တပည့်တွေ ကို စာဆက်ပြီး သင်ပေးနေတာပဲ”

“ရန်ကုန်တက္ကသိုလ်လည်း နှစ်တစ်ရာ ပြည့်ပါပြီ။ ဆရာဦးဖေမောင်တင် စခဲ့တဲ့ မြန်မာစာ တက္ကသိုလ်မှာ လူရာဝင်ရေးကို မောင်ခင်မင်က ပုခုံးပြောင်းတာဝန်ယူကြိုးပမ်းနေ တယ်လို့ မြင်တွေ့နေကြတယ်”

“ကျွန်တော်တို့က မြန်မာစာကို ချစ် မြတ်နိုးကြတယ်”

“ချစ်မြတ်နိုးရုံနဲ့ မရဘူးလေ။ ဆရာဦးဖေ မောင်တင် ကြိုးစားသလို ဆက်ပြီး ကြိုးစားရ မှာပေါ့”

“မှန်ပါတယ်။ အင်္ဂလိပ်တွေက ရန်ကုန်တက္ကသိုလ်ကို တည်ထောင်တဲ့အခါ မြန်မာစာ မထည့်ခဲ့ဘူး”

“ဒါကတော့ သူတို့ဟာ အင်္ဂလိပ်နဲ့ စာတတ်သူတွေနဲ့သာ ဆက်ဆံရေးလွယ်ကူမှာကိုး။ ဝန်ထမ်းတွေကို သူတို့ ခန့်တဲ့အခါ သူတို့က အကြီးအကဲဖြစ်ရတယ်”

“ဒါကြောင့် သူတို့ကို ဗိုလ်လို့ ခေါ်တာ ကိုး”

“သူတို့ဟာ နေရာတကာမှာ ဗိုလ်ပါပဲ။ ဒါပေမဲ့ မြန်မာတွေက သူတို့က ဗထက်ချိုင့်နဲ့ ဗိုလ်လို အသိအမှတ်မပြုဘူး။ ဘကုန်းနဲ့ ဘို လို့ ရေးတယ်”

“မြန်မာတွေ Witty  ဖြစ်တယ်လို့ ပြောရမှာပေါ့။ သူတို့ မကြိုက်တာကို စာလုံးပေါင်းအမှားတွေနဲ့ ရေးလိုက်တာပဲ”

“ဒါနဲ့ မြန်မာဘာသာကို တက္ကသိုလ်မှာ ဘယ်လို သင်ဖြစ်သွားတာလဲ”

“ဦးဖေမောင်တင်ကြောင့်ပါပဲ။ မြန်မာစာရဲ့သမိုင်းအစဉ်အလာကိုပြောပြပြီး အင်္ဂလိပ်တွေလက်ခံလာအောင် ကြိုးစားတယ်၊ နောက်ဆုံး လုပ်လို့ရရင် လုပ်ဆိုတဲ့ စကား သူရတယ်။ ဒါပေမဲ့ အဲဒီခေတ်အခြေအနေအ ရ တက္ကသိုလ်မှာ မြန်မာစာဌာနတစ်ခု ဖြစ်အောင်  ဘယ်လိုမှ မတည်ထောင်နိုင်တဲ့အနေအထား မှာပါပဲ”

“ဘာကြောင့်လဲ”

“ဦးဖေမောင်တင် ရေးထားတဲ့အထဲမှာပါတယ်။ အဲဒီအချိန်က သူ ငွေတစ်ထောင် ပေးပြီး မြန်မာစာအုပ် ဝယ်ခိုင်းတာ တစ်ရာဖိုးသာ ဝယ်လို့ ရသတဲ့”

“သူ ဘယ်လိုလုပ်လဲ”

“မြန်မာစာကို ကိုယ်တိုင် ရေးသားအား ထုတ်တယ်။ အတန်းတွေ ဖွင့်တယ်။ လူတွေ မွေးထုတ်တယ်။ ပိဋိကတ်တိုက်တွေက ပုံနှိပ် တာတွေကို အားပေးတယ်။ ဘာသာပြန်ပြိုင် ပွဲတွေ လုပ်တယ်”

“ဒါက စတာပဲလား”

“ဟုတ်ပါတယ်။ အဲဒါက စတာပါပဲ”

ဦးဖေမောင်တင်က တက္ကသိုလ်ဘာသာ ရပ်အားလုံးကို မြန်မာလို သင်ဖို့ ပထမဦးဆုံး တင်ပြခဲ့သ ူတစ်ယောက်ဖြစ်တယ်။  မြန်မာစာ ဟာ မိခင်ဘာသာစကားပါပဲ။ ဒါကြောင့် စဉ်း စားတွေးခေါ်တာတွေဟာ မိခင်ဘာသာစကားနဲ့ တွေးခေါ်ရတာပိုလွယ်တယ်။ တကယ် တော့ ဘာသာစကား မရှိရင် မတွေးခေါ် မမြော်မြင်နိုင်ဘူး။ ဒါကြောင့် ဘာသာစကား ဟာ အတွေးအခေါ်အမြော်အမြင် (ပညာ)အတွက် အဓိကကျတယ်။ ဘာသာစကား ဟာ ဆက်သွယ်ရေးအတွက်လည်း အရေးပါ တယ်။

ကျွန်တော်တို့အားလုံးသိပါတယ်။ ကမ္ဘာ မှာ အင်္ဂလိပ်စာဟာ အင်မတန်တွင်ကျယ်တဲ့ စကားဖြစ်တယ်။ ဒါဟာလည်း အင်္ဂလိပ်တွေ ဟာ တစ်ကမ္ဘာလုံးကို ကိုလိုနီပြုပြီး နေမဝင် နိုင်ငံထူထောင်လိုက်နိုင်လို့ပါပဲ။

တကယ်တော့ ဘာသာရပ်ဆိုင်ရာ စာ အုပ်များစွာကို အင်္ဂလိပ်လို စနစ်တကျပြုစု ထားတာတွေရှိတယ်။ ဒါကြောင့် အင်္ဂလိပ်စာ တတ်ရင် အဆင့်မြင့်ပညာကို သင်ရတာ လွယ်ပါတယ်။

ဒါပေမဲ့ အ‌ခြေခံပညာမှာတော့ မိခင် ဘာသာစကားက အရေးပါတယ်။ ဘာကြောင့် လဲဆိုတော့ စဉ်းစားတွေးခေါ်တာတွေဟာ မိခင်ဘာသာစကားကသာ အထောက်အကူ ပြုလို့ပါပဲ။

ယနေ့ တက္ကသိုလ်ဝင်တန်းဆိုပါတော့ စာသင်နေတဲ့ ဆရာဆရာမအားလုံးဟာ မြန် မာလိုသာ ရှင်းကြပါတယ်။

ဒါပေမဲ့ စာမေးပွဲဖြေတဲ့အခါမှာ အင်္ဂလိပ် လို ဖြေရတယ်။

ဒါဟာ သိပ်တော့ အဆင်မပြေလှဘူး။ ဒါပေမဲ့ အမှတ်က အဓိကကျလေတော့ ကျောင်းသားတွေက အလွတ်ကျက်ကြ တော့တယ်။ အလွတ်ကျက်သင်တန်းတွေကို ဖွင့်လှစ်လာကြတယ်။ ကျောင်းသားကျောင်း သူတွေကို စာနှုတ်တိုက်ချပေးခြင်း၊ စာကျက် ခိုင်းခြင်း၊ အာဂုံဆောင်စေခြင်းတို့ဟာ သူတို့ ရဲ့ ဘဝအစိတ်အပိုင်းများစွာအတွက် အချိန် ပေးလိုက်ရတော့တယ်။

သူတို့ဟာ မိမိ ၀ါသနာပါတဲ့ အားကစား၊ ပန်းချီ၊ ဂီတ၊ စာဖတ်ခြင်းတွေ ဘာမှ မလုပ် နိုင်ကြတော့ဘူး။ ပိုဆိုးတာက အလွတ်ရတာ ဟာ ပညာမဟုတ်လို့ပါပဲ။ ဒီတော့ သူတို့ ပင်ပန်း သလောက် အကျိုးမရှိတော့ဘူးပေါ့။

ပညာကသာ ကျွန်တော်တို့ကို ဆင်းရဲ တွင်းက လွတ်အောင် လုပ်နိုင်တယ်ဆိုတဲ့ စကားကို ကျွန်တော် ယုံကြည်ပါတယ်။ ဒါဆို ရင် ပညာမဲ့လို့ ဆင်းရဲတွင်းထဲ ကျသွားတာ ပေါ့။

ပညာမတတ်ရင်တော့ ဆင်းရဲသထက် ဆင်းရဲသွားမှာ အသေအချာပါပဲ။

ကျွန်တော့်ရဲ့ကောက်ချက်ကို သဘော ကျချင်မှကျမယ်။ ဒါပေမဲ့ သေသေချာချာ စဉ်းစားပါ။ ကျွန်တော် စိတ်ကူးယဉ်ပြီး မြန် မာလို သင်ဖို့ ပြောနေတာ မဟုတ်ပါဘူး။

အင်္ဂလိပ်စာ တတ်ရင် စာအုပ်တွေ အ များကြီး ဖတ်လို့ရတယ်။ သုတေသနတွေအ များကြီး လုပ်လို့ရတယ်။ လူရာလည်း ဝင်တာ ပဲ။ ကျွန်တော်တို့လူမျိုးတွေက အင်္ဂလိပ်စာကို အထင်ကြီးပြီးသားပဲ။ ဒါပေမဲ့ သင်ရလွယ် တာက မိမိ မိခင်ဘာသာစကားပဲ။

အထက်တန်းနဲ့ ဘွဲ့ကြိုအဆင့်  (High School and Undergraduate) အဆင့်တွေမှာ မြန်မာလို တတ်နိုင်သမျှ သင်ပေးပါ။ မြန်မာ စာကိုလည်း သင်ပေးသလို အင်္ဂလိပ်စာကို လည်း သင်ပေးပါ။ ဒီနေရာမှာ ဘာသာရပ် (Subject) နဲ့ ဘာသာစကား (Language) တို့ ကွဲဖို့ လိုတယ်။

မိဘတွေနဲ့ အစိုးရပိုင်းက လူတွေဟာ သူတို့သားသမီးတွေနဲ့ နိုင်ငံသားတွေကို အင်္ဂလိပ်စာ မတတ်မှာ စိုးရိမ်ကြတယ်။ စိုးရိမ် သင့်ပါတယ်။ အင်္ဂလိပ်စာတတ်အောင်   ကျောင်းစနေကတည်းက သင်ပေးလို့ ရပါ တယ်။

ကလေးတွေဟာ အင်္ဂလိပ်ကဗျာလေး တွေ သီချင်းလေးတွေ ဆိုတတ်လာရင် မိဘ တွေက ပီတိဖြစ်ကြတယ်။

အင်္ဂလိပ်စာတတ်ရုံနဲ့ ဘာသာရပ် Subject ကို မတတ်ပါဘူး။

ဘာသာရပ်က စာတွေကို အင်္ဂလိပ်လို ဖတ်တတ်ရုံနဲ့လည်း အဲဒီဘာသာရပ်ကို မ တတ်ပါဘူး။

တကယ်လို့ ဖတ်တတ်တိုင်းသာ ဘာသာ ရပ်ကို တတ်ရင်တော့ အင်္ဂလန်ကလူတွေအား လုံး ပါမောက္ခဖြစ်နေတော့မှာပါပဲ။

ဒါပေမဲ့ လေ့လာချင်ရင်တော့ စာအုပ် အများစုဟာ အင်္ဂလိပ်လို ရေးထားတာဖြစ် တယ်။

မြန်မာစာ အခြေခံပြီး အင်္ဂလိပ်ကို ဆက်လက်လေ့လာသွားသူတွေထဲက ထူး ချွန်သူတွေဟာ အောင်မြင်ကျော်ကြားလာ တာကို တွေ့ရတယ်။

အမှန်တော့ ဘာသာစာပေဆိုတာ စ ကားကို သင်္ကေတနဲ့ ပြတာပါပဲ။

ဘာသာစကားဟာ အင်မတန်စိတ်ဝင် စားစရာကောင်းပါတယ်။ အချို့ကို ချုံ့လို့ရ တယ်။ အချို့ကို ချဲ့လို့ရတယ်။ အဓိပ္ပာယ်အမျိုးမျိုးရှိတဲ့စာလုံးတွေထဲက တိကျမှန်ကန်တဲ့ အဓိပ္ပာယ်ကို ဆုံးဖြတ်နိုင်ဖို့အတွက် လေ့လာ ထားတဲ့ အလေ့အထ ရှိဖို့တော့လိုတယ်။

သိပ္ပံပညာရှင်ကြီး အိုင်းစတိုင်းဟာ ဘာသာရပ်တွေကို ဂျာမန်ဘာသာစကားနဲ့ သင်ခဲ့တာပဲ။

အင်မတန်တော်တဲ့ အမျိုးသမီး မဒမ် ကျူရီ သိပ္ပံပညာရှင်ဟာလည်း အခြေခံမှာ ပြင်သစ်နဲ့ ဂျာမန်ပိုလန်စာတွေနဲ့ သင်ယူခဲ့ တာပါပဲ။

နိုဘယ်ဆုရတဲ့ ပညာရှင်အများဟာ သူ တို့မိခင်ဘာသာစကားနဲ့ ကျောင်းတွေမှာ သင်ယူခဲ့သူတွေပါပဲ။

ဘာသာစကားဟာ အရေးပါတယ်။အင်္ဂလိပ်ဘာသာစကားဟာလည်း အတော် အရေးပါတယ်။

ဒါပေမဲ့ ကျွန်တော်တို့ကလေးတွေကို နားမလည်တဲ့ စကားတွေနဲ့ အခက်တွေ့ အောင် မလုပ်ကြပါနဲ့။

မကြာသေးမီက သစ်တောကပါမောက္ခ ချုပ်(ငြိမ်း)တစ်ယောက်နဲ့ တွေ့တယ်။

သူက ကျွန်တော့်ဆီမီနာကို တက်ဖူးသတဲ့။

အဲဒီတုန်းက ကျွန်တော် မြန်မာလိုသင် ဖို့လိုအပ်တာကိုပြောတော့ သူ သဘော သိပ် မတွေ့ဘူးတဲ့။ ဒါပေမဲ့လွန်ခဲ့တဲနှစ်က သူ ကျောင်းသုံးစာအုပ်တစ်အုပ်ကို ဖတ်ကြည့် လိုက်သတဲ့။

“ကျွန်တော် သစ်ပင်ရဲ့အဓိပ္ပာယ်သတ် မှတ်ချက်ကို ဖတ်ကြည့်လိုက်တဲ့အခါ နားမလည်ဘူး” တဲ့။

ဒါဆိုရင် ကလေးတွေ ဒုက္ခပေါ့၊ သူတို့ က စာမေးပွဲ ဖြေရမယ်။ နားလည်ဖို့ထက် ပြန် ရေးချဖို့ လိုတယ်။ ဒါကြောင့် ဘာပဲဖြစ်ဖြစ် အလွတ်ကျက်တော့တာပဲပေါ့။

နှမြောစရာကောင်းတယ်လို့ မထင်ဘူး လား။

အချိန်တွေ ကုန်သွားတယ်။

အားထုတ်မှုတွေက ဘာအကျိုးရှိတာ လဲ။

စိတ်ဝင်စားမှုတွေ လျော့ကျသွားတယ် လေ။ နားလည်တဲ့စာမဟုတ်တော့ စိတ်မဝင် စားတာ မဆန်းပါဘူး။

ကိုဘသစ်နဲ့ ကျွန်တော်တို့ မောင်ခင်မင် မွေးနေ့ကကျွေးတဲ့ ထမနဲကို ကျွေးနေပါ တယ်။

မြန်မာ့ရိုးရာအစားအစာပေါ့။ တပို့တွဲ မှာ ထမနဲထိုးပွဲ ကျင်းပတာကို အင်္ဂလိပ်သင် ဖို့ ကြိုးစားနေသူတွေ Htamane Festival in Tabotwe လို့ ဘာသာပြန်မလား။

ဦးဖေမောင်တင် နောက် မြန်မာစာတိုး တက်လာပေမဲ့ တဖြည်းဖြည်းကျဆင်းနေတာ ကို တွေ့နေရတယ်။ ဒီအတွက် မောင်ခင်မင် က မြန်မာစာကို ခုခံကာကွယ်လုံးပမ်းမှုတွေ အများကြီးလုပ်ခဲ့ပါတယ်။ ဆရာ့မွေးနေ့မှာ ကျွန်တော်က “ကိုရွှေဘ မကြာမီပြန်လာပါ မည်” ဆိုတဲ့ခေါင်းစဉ်နဲ့ ဟောပြောခဲ့ပါတယ်။

 

ကိုရွှေဘနဲ့ မြန်မာစာ နှိုင်းယှဉ်ပြောခဲ့ ပါတယ်။ မြန်မာစာ ရှုံးနိမ့်နေပါတယ်။ တော မှာ ရုပ်ရှင်ပြတဲ့အခါ ရွှေဘကားကို ပရိသတ် အားပေးကြတယ်။ မင်းသားရွှေဘ ရှုံးနိမ့်နေ တဲ့အခါ ပရိသတ်က ပိတ်ကားကို ခဲနဲ့ ပေါက် တယ်။

ဒီအခါ မန်နေဂျာက ကြေညာတယ်။

“ပရိသတ်များ သည်းခံပါခင်ဗျာ။ မကြာ မီ ကိုရွှေဘ ပြန်နိုင်ပါမည်” တဲ့။

ခုတော့ ကိုရွှေဘ ရှုံးနေဆဲပါပဲ။

မြန်မာစာ ချစ်မြတ်နိုးသူတွေကို မှာချင်တာက အားလုံး မျှော်လင့်နေတဲ့ မြန်မာစာဟာ တစ်‌နေ့မှာ နေလို လလို ထွန်းလင်းမယ့် ကာလကိုပေါ့။ အဲဒီကာလ ရောက်ပါတော့မယ်။

မကြာမီ။ လာမည်။ မျှော်။

 

Most Read

Most Recent