နယ်မြေတည်ငြိမ်ရန် စစ်ဆင်ရေးဆောင်ရွက်ရာ၌ ကွပ်ကဲမှုအဆင့်ဆင့်တွင် မှားယွင်းစွာလုပ်ဆောင်ခဲ့သူများကို စုံစမ်းစစ်ဆေးရေးခုံရုံးက စုံစမ်းစစ်ဆေးအရေးယူမည်

နယ်မြေတည်ငြိမ်ရန် စစ်ဆင်ရေးဆောင်ရွက်ရာ၌ ကွပ်ကဲမှုအဆင့်ဆင့်တွင် မှားယွင်းစွာလုပ်ဆောင်ခဲ့သူများကို စုံစမ်းစစ်ဆေးရေးခုံရုံးက စုံစမ်းစစ်ဆေးအရေးယူမည်
Published 22 January 2020

နယ်မြေတည်ငြိမ်မှုရန် စစ်ဆင်ရေး ဆောင်ရွက်၌ ကွပ်ကဲမှု အဆင့်ဆင့်တွင် မှားယွင်းစွာလုပ်ဆောင်ခဲ့သူများကို စုံစမ်းစစ်ဆေးရေးခုံရုံးက စုံစမ်းစစ်ဆေး၍ ပြစ်မှုကျူးလွန်ကြောင်း ခိုင်လုံသည့် သက်သေအထောက်အထားများ တွေ့ရှိပါက အရေးယူသွားမည်ဟု ဇန်နဝါရီ ၂၁ ရက်တွင် တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်တို့တွင် ARSA က ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ လုံခြုံရေးရဲကင်းများနှင့် တပ်ဌာနချုပ်တစ်ခုတို့ကို ဝင်ရောက်တိုက်ခိုက်မူများ ပေါ်ပေါက်ခဲ့ပြီးနောက် တပ်မတော်က နယ်မြေတည်ငြိမ်မှု စစ်ဆင်ရေး ဆောင်ရွက်ခဲ့ရပြီး နယ်မြေတည်ငြိမ်မှု စစ်ဆင်ရေး၏ နောက်ဆက်တွဲ ဖြစ်စဉ်များကို စုံစမ်းစစ်ဆေးရန်အတွက် နိုင်ငံတော်သမ္မတရုံးက လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင် (Independent Commission of Enquiry- ICOE) ကို ဖွဲ့စည်းခဲ့ကြောင်း ပါရှိသည်။

ICOE ၏ အပြီးသတ် အစီရင်ခံစာအား ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၂၁ ရက်တွင် ထုတ်ပြန်ခဲ့ပြီး ICOE က သက်သေခံ အချက်အလက်များ စုဆောင်းရာတွင် တပ်မတော်သားများက လိုအပ်သော ထွက်ဆိုချက်များကို ပေးခဲ့သည်ဟု အဆိုပါ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ICOE ၏ အစီရင်ခံစာ မထုတ်ပြန်မီ ၂၀၁၉ ခုနှစ် နိုဝင်ဘာနှောင်းပိုင်းကာလမှ စတင်၍ ဂူတာပြင်ဖြစ်စဉ်နှင့် စပ်လျဉ်းသည့် စစ်တရားရုံးကို ရခိုင်ပြည်နယ် မြောက်ပိုင်း၊ ဘူးသီးတောင်မြို့နယ်ရှိ နယ်မြေခံတပ်၌ ဖွဲ့စည်းဆောင်ရွက်ခဲ့ပြီး စစ်တရားရုံး စစ်ဆေးစီရင်ခြင်းအား စုံစမ်းစစ်ဆေးရေးခုံရုံး၏ အစီရင်ခံတင်ပြမှုအရ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ သတင်းထုတ်ပြန်ချက်တွင် ပါဝင်သည်။

တပ်မတော်အနေဖြင့် ICOE ၏ အစီရင်ခံစာပါ တပ်မတော်နှင့် စပ်လျဉ်းသည့် အကြုံပြုချက်များကို လေ့လာသွားမည့်အပြင် စစ်ဥပဒေချုပ်ရုံးကလည်း အစီရင်ခံစာတစ်ခုလုံးကို အသေးစိတ်လေ့လာသွားမည်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် ကြိုတင်ကြံရွယ်ချက် မရှိဘဲ ARSA အဖွဲ့များနှင့် ဒေသရှိသူများ၏ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် နိုင်ငံတော် အချုပ်အခြာအာဏာနှင့် ဒေသခံတိုင်းရင်းသားများ၏ အသက်အိုးအိမ်စည်းစိမ်နှင့် အကျိုးစီးပွားများကို ကာကွယ်စောင့်ရှောက်ရန်အတွက် ဆောင်ရွက်ခဲ့ခြင်းဖြစ်သော်လည်း ကွပ်ကဲမှုအဆင့်ဆင့်တွင် မှားယွင်းစွာ လုပ်ဆောင်သူများကို စုံစမ်းစစ်ဆေးရေးခုံရုံးက ဆက်လက်စုံစမ်းစစ်ဆေးသွားမည် ဖြစ်သည်။

စုံစမ်းစစ်ဆေးရေးခုံရုံး၏ တွေ့ရှိချက်အရ ပြစ်မှုတစ်စုံတစ်ရာ ကျူးလွန်ကြောင်း ခိုင်လုံသည့် သက်သေအထောက်အထားတွေ့ရှိခဲ့ပါက စစ်ဘက်တရားစီရင်ရေး၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စစ်ဥပဒေချုပ်ရုံးမှ သတင်းရရှိသည်ဟု ဖော်ပြထားသည်။

 

Most Read

Most Recent