ရိုဟင်ဂျာဟု သုံးနှုန်းခဲ့သည့် ရန်ကုန်တိုင်းဝန်ကြီးချုပ်အား အရေးယူရန် အစိုးရနှင့် အာဏာရပါတီကို ပြည်ခိုင်ဖြိုး အပါအဝင် ပါတီ ၂၀ ကျော် တောင်းဆို

ရိုဟင်ဂျာဟု သုံးနှုန်းခဲ့သည့် ရန်ကုန်တိုင်းဝန်ကြီးချုပ်အား အရေးယူရန် အစိုးရနှင့် အာဏာရပါတီကို ပြည်ခိုင်ဖြိုး အပါအဝင် ပါတီ ၂၀ ကျော် တောင်းဆို
Published 21 January 2020
ဉာဏ်လင်းထွန်း

ဘင်္ဂါလီများကို ရိုဟင်ဂျာဟု သုံးစွဲပြောကြားခဲ့သည့် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကိုလုံလောက်သည့် အရေးယူမှုနှင့် ပြည်သူကိုတောင်းပန်ဖြေရှင်းမှု အမြန်ဆုံးဆောင်ရွက်ပေးရန် အစိုးရနှင့် NLD ပါတီကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အပါအဝင် ပါတီ ၂၁ ပါတီက ဇန်နဝါရီ ၂၀ ရက်တွင် ကြေညာချက်ထုတ်ပြန်တောင်းဆိုု သည်။

ဇန်နဝါရီ ၁၆ ရက်က ရန်ကုန်မြို့ရှိ  Sky Star Hotel ၌ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) ၏ သုံးနှစ်မြောက် နှစ်ပတ်လည် အခမ်းအနားတွင် ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ရိုဟင်ဂျာဟု သုံးစွဲပြောကြားမှုရှိခဲ့သည်။

ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၏ ရိုဟင်ဂျာဟု သုံးနှုန်းပြောကြားခဲ့မှုကို ပြင်းထန်စွာရှုတ် ချကန့်ကွက်ကြောင်းနှင့် တရားဝင် သတ်မှတ်ခြင်းမရှိ၊ ပြည်သူလက်မခံသည့် လူမျိုးအမည် အသစ်တစ်ခုကို အချိန်ကိုက် ပြောဆိုသုံးစွဲခဲ့ မှုအတွက် ကာယကံရှင်နှင့် အစိုးရတွင် တာဝန်ရှိကြောင်း ၂၁ ပါတီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကြေညာချက်ကို ပြည်ခိုင်ဖြိုးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ အမျိုးသားဒီမိုကရေစီပါတီသစ်၊ အမျိုးသားတိုးတက်ရေးပါတီ၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ) တို့အပြင် အင်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ပါတီ၊ မြိုတိုင်းရင်းသားဖွံ့ဖြိုးရေးပါတီ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ၊  “၀” ဒီမိုကရက် တစ်ပါတီစသည့် တိုင်းရင်းသားပါတီအချို့ ပူးတွဲ၍ သဘောထားထုတ်ပြန်ခြင်းဖြစ်သည်။

YRTA ၏ သုံးနှစ်မြောက် နှစ်ပတ်လည်အခမ်းအနားတွင် ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက YBS ကုမ္ပဏီအချို့၏ လွဲချော်မှုများကို YRTA နှင့် တွဲ၍ ရှုမြင်မှုများရှိနေကြောင်း၊ ဥပမာ - ရိုဟင်ဂျာ သွားရောက်သယ်ဆောင်သည့် YBS ထဲမှ ကုမ္ပဏီတစ်ခု၏ ကားလိုင်းအတွက် YRTA ကို အပြစ်ဖို့၍မရကြောင်း ဟူ၍ ပြောကြားခဲ့သည်။

အဆိုပါ ပြောကြားချက်သည် ရည်ရွယ်ချက်ရှိရှိ ပြောကြားခြင်းမဟုတ်သည့်အတွက် ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို အရေးယူခြင်း၊ ဖြေရှင်းခြင်းများ လုပ်ဆောင်ရန်မရှိဟု NLD ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့် က ပြောကြားသည်။

“ဒါကတော့  လူသားတွေမှာ ဖြစ်တတ်တဲ့ နှုတ်ချော်သွားတာလို့ပဲ ကျွန်တော်တို့ သဘောပေါက်ပါတယ်။ ဒါကြောင့် နောင်ကို တာဝန်ရှိ တဲ့သူပီပီ ပိုပြီးတော့သတိထားဖို့ အလွတ်သဘော ဆွေးနွေးတာပဲရှိပါတယ်။ အပြစ်ပေး၊ အရေးယူတဲ့ သဘောမျိုး လုံးဝမရှိပါဘူး” ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၏ ပြော စကားနှင့်ပတ်သက်၍ NLD ပါတီ၏ ရှုမြင်ချက်ကို ဒေါက်တာမျိုးညွန့်က ဆိုသည်။

ဦးဖြိုးမင်းသိန်းသည် တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖြစ်ပြီး အာဏာရပါတီ၏ ဗဟို အလုပ်အမှုဆောင်တစ်ဦးလည်းဖြစ်ရာ ၎င်း၏ အစိုးရတာဝန်၊ ပါတီတာဝန်အဆင့် အတန်းအရ တရားဝင်အခမ်းအနားများတွင် ပြောကြားသောအမှာစကား၊ မိန့်ခွန်းများကို စနစ်တကျရေးသားပြီးမှ ပြောကြားသည်ဟု ယုံကြည်ကြောင်း ပြည်ခိုင်ဖြိုးအပါအဝင် ပါတီ ၂၀ ကျော်က ထုတ်ပြန်သည်။

မြန်မာနိုင်ငံအတွင်းသို့ ကုန်း၊ ရေ၊ လေ လမ်းကြောင်းများမှ အစုလိုက်၊  အပြုံလိုက် ဝင်ရောက်လာသည့် ဘင်္ဂါလီများကို အာဏာရပါတီ၏ အမှတ်အသားများ၊ YBS ကဲ့သို့ အစိုးရကွပ်ကဲမှုအောက်ရှိ အဖွဲ့အစည်းများ နှင့် ဆက်စပ်မြင်တွေ့ရသည်မှာ ပြည်သူများ အတွက် စိုးရိမ်ထိတ်လန့်ဖွယ်ဖြစ်ကြောင်း နှင့် တိုင်းရင်းသားမျိုးနွယ်စု ၁၃၅ မျိုးတွင် ပါဝင်ခြင်းမရှိသည့် လူမျိုးအမည်ကို ရည်ရွယ်ချက်ရှိရှိ သုံးစွဲခြင်းဖြစ်ပါက မကြာမီထွက် ပေါ်လာမည့် ICJ ဆုံးဖြတ်ချက်အပါအဝင် နိုင်ငံနှင့်နိုင်ငံသားများအတွက် ကြီးမားသော ဆုံးရှုံးနစ်နာမှုများဖြစ်စေနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ယင်းသို့ ပါတီ ၂၀ ၏ စွပ်စွဲချက်များသည် မှန်ကန်ခြင်းမရှိဟု NLD ပါတီပြောရေးဆိုခွင့်ရှိသူဒေါက်တာမျိုးညွန့် က ငြင်းဆိုသည်။

“ဒီလိုစကားလုံးကို အချိန်ကိုက်သုံးစွဲ တယ်။ အထူးသဖြင့် ICJ က အမိန့်ချခါနီးမှာ ကပ်ပြီးသုံးစွဲတယ်။ နောက် YBS က ဘင်္ဂါလီ တွေ သယ်လာတယ်။ ဘင်္ဂါလီတွေ ဖမ်းမိတဲ့ အခါမှာ NLD တံဆိပ်တွေ တွေ့တယ်။ အဲဒီ တော့ NLD ဟာ ဆက်စပ်ပတသက်နေ တယ်ဆိုတဲ့ စွပ်စွဲချက်မျိုးကိုပြောတာပါ” ၎င်းက ပြောကြားသည်။   

 

 

Most Read

Most Recent