ကတိမတည်နိုင်သောကြောင့် ပြည်သူလူထု၏ယုံကြည်မှု ဆုံးရှုံးသွားနိုင်သည့်အတွက် မတည်နိုင်သည့်ကတိများ မပေးရန် အစိုးရအဖွဲ့ဝင်များအား နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် မှာကြားထား

ကတိမတည်နိုင်သောကြောင့် ပြည်သူလူထု၏ယုံကြည်မှု ဆုံးရှုံးသွားနိုင်သည့်အတွက် မတည်နိုင်သည့်ကတိများ မပေးရန် အစိုးရအဖွဲ့ဝင်များအား နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် မှာကြားထား
Published 21 January 2020
ကောင်းခန့်လင်း(မုံရွာ)

ကတိမတည်နိုင်သောကြောင့် ပြည်သူလူထု၏ယုံကြည်မှု ဆုံးရှုံးသွားနိုင်သည့်အတွက် မတည်နိုင်သည့် ကတိများ ပြည်သူလူထုကို မပေးရန် အစိုးရအဖွဲ့ဝင်များအား မှာကြားထားကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းခရိုင် ပင်လည်ဘူးမြို့နယ်တွင် ဇန်နဝါရီ ၂၁ ရက်က ပြုလုပ်သည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဒေသခံလူထု တွေ့ဆုံပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ပြည်သူလူထုနှင့် ပတ်သက်ပါက နှစ်သိမ့်သည့်သဘော၊ ပြဿနာ ဖြေရှင်းသည့်သဘောဖြင့် လုပ်နိုင်၏ မလုပ်နိုင်၏ကို မဆင်ခြင်ဘဲ ကတိကဝတ်ပေးသည့်အလုပ်ကို မည်သည့်အချိန်ကမှ မလုပ်ခဲ့ကြောင်း၊ NLD ပါတီမှ ပါတီဝင်များနှင့် အစိုးရအဖွဲ့ဝင်များကိုလည်း မတည်နိုင်သည့် ကတိများကို ပြည်သူလူထုအား မပေးရန် မှာကြားထားကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။

"ကျွန်မ ပင်လည်ဘူးကိုလာရတဲ့ အဓိကအကြောင်းကတော့ ကျွန်မကို ပင်လယ်ဘူး ကိုယ်စားလှယ်က သတိပေးပါတယ်။ နှစ်ပေါင်းများစွာ ပင်လည်ဘူးကိုလာဖို့ ကတိပြုခဲ့ပါတယ်။ အခုထိ မရောက်သေးဘူး ဆိုတော့ ဒီကတိတည်ဖို့အတွက် လာခဲ့တာပါ ။ ကျွန်မအနေနဲ့ ပြည်သူလူထုကို ပေးတဲ့ကတိတွေဟာ ကျွန်မအတွက် အင်မတန်မှ အရေးကြီးပါတယ်။ ဘယ်တော့မှ ပေါ့ပေါ့တန်တန် ကတိမပေးပါဘူး။ စကားတစ်ခွန်း ပြောရင်တောင် အလေးအနက်ထားရဆိုတာ မှတ်ယူထားပါတယ်။ အထူးသဖြင့် ကျွန်မတို့ ပြည်သူလူထုနဲ့ ပတ်သက်လို့ရှိရင် နှစ်သိမ့်တဲ့သဘောနဲ့ ပြဿနာရှင်းတဲ့သဘောနဲ့ လုပ်နိုင်တာ မလုပ်နိုင်တာကို မဆင်ခြင်ပဲနဲ့ ကတိကဝတ်တွေကို လွယ်လွယ်ကူကူပေးတဲ့အလုပ်ကို ဘယ်တုန်းကမှ မလုပ်ခဲ့ပါဘူး။ ကျွန်မတို့ရဲ့ အဖွဲ့ချုပ်က အဖွဲ့ဝင်တွေကိုလည်း အမြဲပဲမှာပါတယ် ။ ကျွန်မရဲ့ လက်ရှိအစိုးရအဖွဲ့ဝင်တွေကိုလည်း မှာပါတယ်။ မတည်နိုင်တဲ့ ကတိတွေကို ပြည်သူလူထုကို မပေးပါနဲ့" ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ထိုသို့ ကတိမတည်နိုင်သောကြောင့် ပြည်သူလူထု၏ယုံကြည်မှုကို ဆုံးရှုံးပါက ယုံကြည်ရရန် ပြန်လည် တည်ဆောက်ရာတွင် ခက်ခဲကြောင်း၊ နိုင်ငံ့တာဝန် ထမ်းဆောင်ချင်သည့် လူတိုင်းအတွက် ယုံကြည်မှုရရှိရန်သည် အဓိကအရေးကြီးသည့် အချက်ဖြစ်ကြောင်း၊ ပြည်သူများ၏ ယုံကြည်မှုမရှိဘဲနှင့် မည်သည့်အစိုးရ၊ မည်သည့်နိုင်ငံရေး အဖွဲ့အစည်းများအနေဖြင့် နိုင်ငံကို အကျိုးပြုနိုင်မည် မဟုတ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

"မတည်နိုင်တဲ့ကတိတွေ ပေးလိုက်လို့ရှိရင် ဒီကတိတွေ မတည်နိုင်တာကြောင့်မို့ ပြည်သူလူထုရဲ့ ယုံကြည်မှု ဆုံးရှုံးသွားပါလိမ့်မယ်။ ပြည်သူလူထုရဲ့ ယုံကြည်မှု ဆုံးရှုံးသွားပြီဆိုရင် ပြန်ပြီးတော့ တည်ဆောက်ရတာ အင်မတန်မှ ခက်ပါတယ်။ ကျွန်မတို့အတွက်  နိုင်ငံ့တာဝန်ကို ထမ်းဆောင်ချင်တယ်ဆိုတဲ့ လူတိုင်းလူတိုင်းအတွက် ပြည်သူလူထုရဲ့ ယုံကြည်မှုရဖို့ဆိုတာ အဓိက အရေးကြီးတဲ့အချက် ဖြစ်ပါတယ်။ ပြည်သူရဲ့ ယုံကြည်မှုမရှိပဲနဲ့ ဘယ်အစိုးရအဖွဲ့မှ ဘယ်နိုင်ငံရေးအဖွဲ့အစည်းမှ နိုင်ငံကိုအကျိုးပြုနိုင်မှာ မဟုတ်ပါဘူး"ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ထို့ပြင် ပြည်သူစိတ်ချမ်းသာမှသာ နိုင်ငံစိတ်ချမ်းသာမည် ဖြစ်ကြောင်း၊ သို့သော် မိမိတို့ မလုပ်ပေးနိုင်သည့် ကိစ္စကို ချွေးသိပ်သည့်သဘောဖြင့် လုပ်ပေးမည်ဟု ကတိမပေးနိုင်ကြောင်း၊ ထိုသို့ မိမိမလုပ်နိုင်သည့်ကိစ္စကို ပြည်သူလူထုအား ကတိပေးခြင်းသည် ပြည်သူကို မလေးစားရာ ရောက်သည့်အပြင် စော်ကားရာလည်း ရောက်ကြောင်း ၎င်းကပြောကြားသည်။

"တချို့ကတော့ ပြည်သူတွေကို လျော့ပြီးတွက်တယ်ပေါ့။ ပြည်သူတွေကို အထင်သေးတယ်ပေါ့။ တောင်းတာကို ပေးမယ်လို့ ပြောလိုက်ရင် ငါတို့ကို ထောက်ခံမှာပဲလို့ ထင်တဲ့သူရှိပါတယ် ။ ကျွန်မကတော့ ကျွန်မတို့ရဲ့ ပြည်သူလူထုကို အထင်မသေးပါဘူး တန်ဖိုးထားတယ် လေးစားတယ် မှန်မှန်ကန်ကန် သုံးသပ်နိုင်တဲ့ အရည်အချင်းရှိတယ်လို့ ယူဆတယ်။ ကိစ္စတစ်ခုကို ဖြစ်မြောက်အောင် လုပ်ပေးနိုင်တယ်လို့ ယူဆတယ်ဆိုရင် ကျွန်မတို့လုပ်ပေးမယ် ။ ဘာဖြစ်လို့လဲဆိုရင် ပြည်သူစိတ်ချမ်းသာမှ ကျွန်မတို့ နိုင်ငံက စိတ်ချမ်းသာမှာ။ ဒါပေမဲ့ ကိုယ်မလုပ်ပေးနိုင်တဲ့ကိစ္စကို ချွေးသိပ်တဲ့သဘောနဲ့ လုပ်ပေးမယ်။ အဲဒီလို ပြောလိုက်လို့ရှိရင် ပြည်သူလူထုက ကျေနပ်သွားမှာပဲဆိုတဲ့ ဒီလို စော်ကားချင်တဲ့ စိတ်ဓာတ်မရှိပါဘူး။ ပြည်သူကို မလေးစားတာဟာ စော်ကားရာ ရောက်ပါတယ်" ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

Most Read

Most Recent