အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို မတ်လ၌ပြုလုပ်ရန် NCA လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ မျှော်မှန်းထားပြီး ယခုလကုန်ပိုင်းတွင် အစိုးရနှင့် တရားဝင်ဆွေးနွေးမည်

အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို မတ်လ၌ပြုလုပ်ရန် NCA လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ မျှော်မှန်းထားပြီး ယခုလကုန်ပိုင်းတွင် အစိုးရနှင့် တရားဝင်ဆွေးနွေးမည်
PPST အစည်းအဝေးကို ထိုင်းနိုင်ငံ ချင်းမိုင်တွင် ဇန်နဝါရီ ၁၇ နှင့် ၁၈ ရက်တွင် ပြုလုပ်စဉ် (Photo: NCA-SEAO)
PPST အစည်းအဝေးကို ထိုင်းနိုင်ငံ ချင်းမိုင်တွင် ဇန်နဝါရီ ၁၇ နှင့် ၁၈ ရက်တွင် ပြုလုပ်စဉ် (Photo: NCA-SEAO)
Published 19 January 2020
မင်းနိုင်စိုး

အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကို ၂၀၂၀ ပြည့်နှစ် မတ်လတွင် ပြုလုပ်ရန် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများက မျှော်မှန်းထားပြီး အဆိုပါကိစ္စနှင့်ပတ်သက်၍ ယခုလကုန်ပိုင်းတွင် ပြုလုပ်မည့် အစိုးရနှင့် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ အစည်းအဝေးတွင် တရားဝင် ဆွေးနွေးသွားမည်ဖြစ်ကြောင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၏ NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်ညှိနှိုင်းရေး အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီး စိုင်းငင်းက ပြောကြားသည်။

NCA-SEAO များ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေးကို ထိုင်းနိုင်ငံ ချင်းမိုင်တွင် ဇန်နဝါရီ ၁၇ ရက်နှင့် ၁၈ ရက်တွင် ပြုလုပ်ခဲ့ပြီး အဆိုပါ အစည်းအဝေးအပြီး ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပခြင်းနှင့်ပတ်သက်၍ NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်ညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီး စိုင်းငင်းက ထိုသို့ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပမည့်အချိန်နှင့် ပတ်သက်၍ အကြမ်းဖျင်းလျာထားတာက မတ်လ လလယ်လောက်ကနေ လကုန်အထိလောက်တော့ အကြမ်းဖျင်းမှန်းထားတာပေါ့။ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲနှင့်ပတ်သက်ပြီး လာမယ့်ဇန်နဝါရီ ၂၈ ရက်နဲ့ ၂၉ ရက် နှစ်ဖက်ညှိနှိုင်းရေး ဆွေးနွေးရေးအဖွဲ့တွေ တွေ့တဲ့ပွဲမှာ တရားဝင်ဆွေးနွေးဖို့ရှိပါတယ်” ဟု ဗိုလ်မှူးကြီး စိုင်းငင်းက ပြောကြားသည်။

အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများကို လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ၊ ဒေသအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲနှင့် အကြောင်းအရာအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲဟူ၍ ခေါင်းစဉ်သုံးမျိုးဖြင့် ကျင်းပနိုင်ပြီး အဆိုပါ ခေါင်းစဉ်သုံးမျိုးအနက် လူမျိုးအလိုက်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများကို NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများက ဦးဆောင်ကျင်းပရခြင်းဖြစ်သည်။

သို့သော်လည်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပခြင်းနှင့်ပတ်သက်၍ ကျင်းပသည့် နေရာအားဖြင့်လည်းကောင်း၊ ယင်းဆွေးနွေးပွဲသို့ တက်ရောက်လာသည့် လူဦးရေအားဖြင့်လည်းကောင်း တပ်မတော်ဘက်က ကန့်သတ်မှုများ ရှိခဲ့သည့်အတွက် ယခင်ကကျင်းပခဲ့သော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအချို့၏ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွင် အခက်အခဲများနှင့် ကြုံခဲ့ရသည်။

ထို့ကြောင့် လက်ရှိအချိန်တွင် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၁၀ ဖွဲ့ရှိသော်လည်း အဆိုပါ ၁၀ ဖွဲ့အနက် အချို့သော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများသည် ၎င်းတို့၏ လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ကျင်းပနိုင်ခြင်း မရှိသေးဘဲ ဖြစ်နေသည်။

“ ၂၁ ပင်လုံ ကျင်းပမယ်ဆိုရင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေဆိုတာ မလွဲမသွေပေါ့။ ဒါလူထုတွေ့ဆုံပွဲတွေ၊ အမျိုးသားရေးဆိုင်ရာ၊ နောက်တစ်ခုက အကြောင်းအရာဆိုင်ရာ၊ နောက်ပြီးတော့ ဒေသန္တရဆိုင်ရာ ဒီဆွေးနွေးပွဲတွေဟာ NCA မှာထဲကိုက လိုအပ်နေတာဖြစ်မယ်။ ဒါ့ကြောင့် ဒီဆွေးနွေးပွဲတွေကျင်းပဖို့ လိုအပ်တာဖြစ်တဲ့အတွက် ဒီအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေလုပ်ဖို့ NCA-SEAO ညှိနှိုင်းရေးအဖွဲ့တွေနဲ့ အစိုးရ၊ တပ်မတော်ဘက်က ညှိနှိုင်းရေးအဖွဲ့တွေက မကြာခင်မှာ ညှိနှိုင်းဆွေးနွေးလိမ့်မယ်။ ဒီနှစ်ဖက်ညှိနှိုင်းရေးအဖွဲ့တွေက ညှိနှိုင်းဆွေးနွေးပြီးရင် ဒါတွေဟာ မလွဲမသွေကျင်းပနိုင်ဖို့အတွက် ကျွန်တော်တို့ကြိုးပမ်းနေတယ်လို့ပဲ ပြောရမှာဖြစ်ပါတယ်” ဟု PPST အဖွဲ့ဝင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ဥက္ကဋ္ဌ ရဲဘော်သံခဲက ဇန်နဝါရီ ၁၈ ရက် ချင်းမိုင်သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။

နေပြည်တော်တွင် ဇန်နဝါရီ ၈ ရက်က ကျင်းပခဲ့သည့် အစိုးရ၊ တပ်မတော်နှင့် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းခေါင်းဆောင်များ၏ JICM အစည်းအဝေးတွင် ၂၀၂၀ ပြည့်နှစ် ပထမလေးလတာကာလအတွင်း ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံ စတုတ္ထအစည်းအဝေးကို ကျင်းပမည်ဖြစ်ပြီး အဆိုပါအစည်းအဝေးတွင် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ လုပ်ငန်းစဉ်များနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ရှေ့ဆက်နိုင်ရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရဲဘော်သံခဲက ပြောကြားသည်။

 

 

Most Read

Most Recent