ရိုတာဗိုင်းရပ်စ် ရီဗော်လူးရှင်း

ရိုတာဗိုင်းရပ်စ် ရီဗော်လူးရှင်း
ကလေးငယ်တစ်ဦးကို ကျန်းမာရေးဝန်ထမ်းက ကာကွယ်ဆေးတိုက်ကျွေးနေစဉ်
ကလေးငယ်တစ်ဦးကို ကျန်းမာရေးဝန်ထမ်းက ကာကွယ်ဆေးတိုက်ကျွေးနေစဉ်
Published 19 January 2020
အိသဥ္ဇာကျော်

ကာကွယ်ဆေးထိုးလုပ်ငန်းသည် အရင်းအနှီးအနည်းဆုံးဖြင့် အကျိုးအမြတ်များစွာ ရရှိနိုင်သည့် လုပ်ငန်းတစ်ရပ်ဖြစ်သည်။ ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းဖြင့် ကမ္ဘာပေါ်ရှိ  ကလေးသန်းပေါင်းများစွာ၏ အသက်ကို ကယ်တင်နိုင်ပြီး ယနေ့အချိန်အထိ ကမ္ဘာတစ်ဝှမ်းတွင် ကုန်ကျစရိတ် အသက်သာဆုံးနှင့် အထိရောက်ဆုံးသော ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းတစ်ရပ်လည်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ကာကွယ်ဆေးအသစ်တစ်မျိုး ထည့်သွင်းထိုးနှံရန် နိုင်ငံအတွင်း ဖြစ်ပွားသော ကူးစက်ရောဂါ အခြေအနေ၊ သေဆုံးမှုနှုန်း၊ ဘဏ္ဍာငွေရရှိမှု အခြေအနေ၊ အအေးလမ်းကြောင်းထိန်းပစ္စည်း ရရှိမှုတို့အပေါ် မူတည်ကာ စဉ်းစားရသည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်က ဆိုသည်။

လက်ရှိ ပုံမှန်ကာကွယ်ဆေးထိုး ဆေးတိုက်အစီအစဉ်တွင် ဘီစီဂျီ၊ အသည်းရောင်အသားဝါ ဘီ၊ ပိုလီယို၊ ပြင်းထန်အဆုတ်ရောင်၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင် အသားဝါဘီ၊ ဦးနှောက်အမြှေးရောင် ရောဂါများအတွက် ငါးမျိုးစပ် ကာကွယ်ဆေး၊ ဝက်သက်၊ ဂျိုက်သိုး၊ ဂျပန်ဦးနှောက်ရောင် ရောဂါများအတွက် ကာကွယ်ဆေး ၁၁ မျိုးကို အခမဲ့ ထိုးနှံပေးလျက်ရှိသည်။

၁၂ မျိုးမြောက် စတင်ထည့်သွင်းမည့် ရိုတာဗိုင်းရပ်စ်ကာကွယ်ဆေး

ရိုတာဗိုင်းရပ်စ်ပိုးသည် အလွန် ကူးစက်လွယ်ရာ မစင်မှတစ်ဆင့် ကူးစက်တတ်သည့် ရောဂါဖြစ်ပြီး ရောဂါပိုးကို ရောဂါလက္ခဏာမပြမီ နှစ်ရက်နှင့် ရောဂါလက္ခဏာစတင် ပြီးနောက် ၁၀ ရက်အထိ ပတ်ဝန်းကျင်သို့ စွန့်ထုတ်၍ ပျံ့နှံ့စေသည်ဟု သိရသည်။

လာမည့် ၂၀၂၀ ပြည့်နှစ် ဖေ ဖော်ဝါရီ ၁ ရက်မှစ၍ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက လုပ် ဆောင်ပေးနေသည့် ပုံမှန်ကာကွယ် ဆေးထိုးဆေးတိုက် အစီအစဉ်တွင် ၁၂ မျိုးမြောက်ကာကွယ်ဆေးအဖြစ် ရိုတာဗိုင်းရပ်စ် ကာကွယ်ဆေးကို စတင်ထည့်သွင်းမည်ဖြစ်သည်။ ရိုတာဗိုင်းရပ်စ် ကာကွယ်ဆေးမှာ ရိုတာဗိုင်းရပ်စ်ကြောင့်ဖြစ်သော ပြင်းထန်ဝမ်းပျက်ဝမ်းလျှော ရောဂါကို ကာကွယ်ပေးသည့်ဆေးဖြစ်ပြီး မြန်မာနိုင်ငံ၌ ရိုတာဗိုင်းရပ်စ်ကြောင့် ဖြစ်သော ပြင်းထန် ဝမ်းပျက်ဝမ်း လျှောရောဂါနှင့် ငါးနှစ်အောက် ကလေး သေဆုံးမှုများကို ပိုမိုလျှော့ချ နိုင်ရန် ရည်ရွယ်ကာ ကာကွယ်ဆေး အသစ်ကို ထည့်သွင်းရခြင်းဖြစ်သည်ဟု ဆိုသည်။ 

ကာကွယ်ဆေးနှင့် ပတ်သက်၍ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းမှ စီမံချက်မန်နေဂျာ ဒေါက်တာထား ထားလင်းက “ပုံမှန်ကာကွယ်ဆေး ထိုးအစီအစဉ်မှာတော့ မွေးကင်းစ ဆိုရင် အသည်းရောင်အသားဝါ ဘီ ထိုးတယ်။ နောက် နှစ်လ၊ လေးလ၊ ခြောက်လဆိုရင် ငါးမျိုးစပ်ရယ်၊ ဘီစီ ဂျီရယ်၊ ပိုလီယိုရယ်တိုက်တယ် ထိုး တယ်။ အခုကျတော့ ကလေး နှစ်လ၊ လေးလကလေးကို ရိုတာဗိုင်းရပ်စ် ကာကွယ်ဆေးတိုက်ပါမယ်။ သူက ပိုလီယိုလို အစက်ကလေး နှစ်စက်ပဲ ချတာမျိုးမဟုတ်ဘူး။ 1.5 cc ဆိုတော့ ညှစ်ထည့်ရတယ်။ ပမာဏ ပိုများတယ်ပေါ့။ နည်းနည်းစိတ်ရှည် ရှည်တိုက်ရတယ်။ အသက်နှစ်လ ပြည့်တဲ့ကလေးတွေကို စတိုက်မယ်။ အခုလာတဲ့ကလေးက နှစ်လကျော် နေပြီ။ တိုက်ချင်တယ်ဆို မရဘူး ။ စတိုက်တဲ့အစီအစဉ်မှာ အကျုံးဝင် တဲ့  ကလေးက ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၁ ရက်ကစမွေးခဲ့တဲ့ကလေးတွေပဲ အကျုံးဝင်မယ်။ အဲဒီထက်စောမွေး တဲ့ကလေးတွေ အကျုံးမဝင်ပါဘူး။ ဒါကတော့ သာတူညီမျှပဲ ဆင်းရဲချမ်းသာမရွေးပါ။ အခု တိုက်ထားပြီးသား နှစ်လကလေး အသက်လေးလကျရင် နောက်တစ်ကြိမ် ပြန်တိုက်ရပါမယ်” ဟု ရှင်းပြသည်။

မြန်မာနိုင်ငံတွင် အသက်ငါး နှစ်အောက်ကလေး သေဆုံးရသည့် အကြောင်းရင်းများတွင် ဝမ်းပျက် ဝမ်းလျှောရောဂါသည် တတိယ အများဆုံးဖြစ်နေပြီး ၂၀၀၄ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ၁၅ နှစ်တာကာ လအတွင်း ပြင်းထန်ဝမ်းပျက်ဝမ်း လျှောရောဂါဖြင့် ဆေးရုံတက်ကုသ သော အသက်ငါးနှစ်အောက် က လေးလူနာများတွင် ရိုတာဗိုင်းရပ်စ် ပိုးတွေ့ရှိနှုန်းမှာ ၃၈ ရာခိုင်နှုန်းမှ ၅၆ ရာခိုင်နှုန်းရှိသည်ဟု ဆေးရုံအ ခြေပြုမှတ်တမ်းများအရ သိရသည်။

ယင်းအချက်များကြောင့် မြန် မာနိုင်ငံသည် အာရှဒေသတွင် ရိုတာဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားသော ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားမှု အများဆုံးနိုင်ငံများတွင်ပါ ဝင်လျက်ရှိသည်။

“လတစ်လရဲ့ ပထမပတ် အထူးသဖြင့် ၁ ရက်နေ့ကနေစပြီးတော့ ဆေးရုံတွေမှာ ဗဟိုအဆင့် ဆေးရုံတွေမှာလည်း တိုက်တယ်။ နောက်တိုင်းဒေသကြီးအဆင့် ခရိုင်အဆင့်ဆေးရုံတွေမှာ တိုက်တယ် ထိုးတယ်ပေါ့။ နောက်ပြီး မြို့နယ်အ ဆင့်တွေမှာလည်း ကွင်းဆင်းစုရပ် တွေအထိ လစဉ် ပုံမှန်ထိုးပါတယ်။ လက်ရှိမှာတော့ ကာကွယ်ဆေး ၁၁ မျိုး ထိုးနေပါတယ်။ လာမယ့် ဖေဖော် ၀ါရီလကနေစ ပြီး ၁၂ မျိုးဖြစ်ပါမယ်။ ရိုတာဗိုင်းရပ်စ်ကာကွယ်ဆေးစပြီး ထည့်ပါမယ်။ ဒီဆေးကိုထည့်ဖို့ စီစဉ် ထားတာကတော့ ကြာပါပြီ။ ဒီဆေး က စျေးကြီးတယ်။ နောက် သူကအ အေးလမ်းကြောင်းလိုအပ်ချက်တွေကို အခုလက်ရှိ ၁၁ မျိုးနဲ့ဆတူ နှစ် ဆလိုတယ်။ ဒီလို လိုအပ်ချက်တွေကြောင့် ဒီဆေးကို တော်တော်နဲ့  မထည့်နိုင်ဘူး။ ဒီဆေးရဖို့အတွက် နိုင်ငံတော်ရဲ့ ဘဏ္ဍာငွေ ၁၂ ရာခိုင်နှုန်းနဲ့ GAVI က ကူ ညီတဲ့ရန်ပုံငွေ ၈၈ ရာခိုင်နှုန်းနဲ့ အခုစပြီးထည့်တာ ဖြစ်ပါတယ်” ဟု ဒေါက်တာထားထားလင်းက ဆိုသည်။

ကာကွယ်ဆေးထည့်သွင်းရခြင်း အကြောင်းရင်း

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ခန့် မှန်းချက်အရ ၂၀၀၈ ခုနှစ်တွင် တစ် ကမ္ဘာလုံး၌ ရိုတာဗိုင်းရပ်စ် ဝမ်းပျက် ဝမ်းလျှောရောဂါကြောင့် ကလေး ငယ်ပေါင်း ၄၅၃၀၀၀ သေဆုံးနေရသည်ဟုဆိုသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများ တွင် ရိုတာဗိုင်းရပ်စ် ဝမ်းပျက်ဝမ်းလျှောရောဂါသည် အသက်တစ်နှစ်အောက် ကလေးများတွင် အဖြစ်အများဆုံး ဖြစ်သည်။ အသက်သုံးလ ကလေးများနှင့် ခုခံအားကျဆင်းနေ သောကလေးများတွင် ရိုတာဗိုင်း ရပ်စ် ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားပါက ပြင်းထန်ရေဓာတ်ခန်းခြောက်ခြင်း ဖြစ်လာရန် ပိုလွယ်ကူသည်ဟု ဆိုသည်။

အရှေ့တောင်အာရှ ဒေသအတွင်း နေထိုင်သော ကလေးတစ်ဦးသည် အသက်ငါးနှစ်အောက်အရွယ်တွင် ဝမ်းပျက်ဝမ်းလျှောခြင်းကို အနည်းဆုံး ၁၀ ကြိမ်ခန့် ဖြစ်ပွားနိုင်သည်ဟု သိရသည်။ 

“ဖွံ့ဖြိုးပြီးတဲ့ နိုင်ငံတွေမှာ တောင် ပတ်ဝန်းကျင်သန့်ရှင်းရေး လုပ်ငန်းတွေ မြှင့်တင်ဆောင်ရွက်ပေမဲ့ ရိုတာဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါကို ထိထိ ရောက်ရောက် ကာကွယ်နိုင်ခြင်းမရှိ သေးပါဘူး။ ကာကွယ်ဆေးကသာ ရိုတာဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ဝမ်း ပျက်ဝမ်းလျှောရောဂါကို ထိထိ ရောက်ရောက် ကာကွယ်နိုင်ပါတယ်။ အရှေ့တောင်အာရှနိုင်ငံ ၁၁ နိုင်ငံထဲမှာ အိန္ဒိယနဲ့ ထိုင်းနိုင်ငံမှာ ရိုတာဗိုင်းရပ်စ်ကာကွယ်ဆေးကို ၂၀၁၈ ခုနှစ်နဲ့ ၂၀၁၉ ခုနှစ်တွေမှာ အသီးသီးထည့်သွင်းခဲ့ပါတယ်။ အခု ၂၀၂၀ ပြည့်နှစ်မှာတော့ မြန်မာနိုင်ငံမှာ စတင်ထည့်သွင်းတာပါ” ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်က ဆိုသည်။

ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ စီမံခန့် ခွဲမှုအထောက်အကူပြုကျန်း မာရေးသတင်းစနစ်မှ ပြည်သူလူထု အခြေပြုစာရင်းဇယားအရ ၂၀၁၄ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း တစ် နှစ်လျှင် အသက်ငါးနှစ်အောက် ကလေး ၁၀၀ တွင် ဝမ်းပျက်ဝမ်း လျှောရောဂါဖြစ်ပွားသူ ခြောက်ဦးမှ ၁၂ ဦးအထိရှိပြီး အချို့ကလေးများသည် တစ်ကြိမ်ထက်ပို၍ ဖြစ်ပွားနိုင်သည် ဟုဆိုသည်။ ရိုတာဗိုင်းရပ်စ်ပိုး သည် ပြင်ပပတ်ဝန်းကျင်တွင် ကိုး ရက်မှ ၁၉ ရက်အထိ အသက်ရှင်သန်နိုင်ပြီး ပတ်ဝန်းကျင်သန့်ရှင်းရေး လုပ်ငန်းများ မြှင့်တင်လုပ်ဆောင်သော်လည်း ရိုတာဗိုင်းရပ်စ်ကြောင့် ဖြစ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို ထိရောက်စွာ ကာကွယ်နိုင်ခြင်း မရှိပေ။ ထို့ကြောင့် ကာကွယ်ဆေးသည်သာ ရိုတာဗိုင်းရပ်စ်ကြောင့်ဖြစ်သော ဝမ်းပျက်ဝမ်းလျှော ရောဂါကို ကာကွယ်နိုင်ခြင်းဖြစ်သည်။

ပြည်တွင်း၌ အသုံးပြုမည့် ကာကွယ်ဆေးအမျိုးအစားနှင့် ဆေးကြောင့်ဖြစ်တတ်သော ကာကွယ်ဆေး တုံ့ပြန်မှုများ

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အသိအမှတ်ပြုထားသော ရိုတာဗိုင်းရပ်စ် ကာကွယ်ဆေး အမျိုးအစား လေးမျိုးရှိသည့်အနက် မြန်မာနိုင်ငံ၌ အသုံးပြုမည့် ရိုတာရစ် (Rotaix) ကာကွယ်ဆေးသည် ရိုတာဗိုင်းရပ်စ် အမျိုးအစား (G1) (P(8)) တို့ကို အခြေခံ ထုတ်လုပ်ထားခြင်းဖြစ်သည်ဟု သိရသည်။ သို့ရာတွင် Rotarix ကာကွယ်ဆေးသည် အဖြစ်များသော အခြားရိုတာဗိုင်းရပ်စ် G and P အမျိုးအစားများကိုပါ ကာကွယ်ပေးနိုင်သည်။ ဖွံ့ဖြိုးပြီးနိုင်ငံများတွင် ရိုတာဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်သော ပြင်းထန်ဝမ်းပျက်ဝမ်းလျှော ရောဂါကို ရာခိုင်နှုန်း ၈၀ မှ ရာခိုင်နှုန်း ၉၀ အထိ ကာကွယ်နိုင်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ရာခိုင်နှုန်း ၄၀ မှ ရာခိုင်နှုန်း ၆၀ အထိ ကာကွယ်နိုင်သည် ဟုဆိုသည်။ ကာကွယ်ဆေး စတင်ထည့်သွင်းပြီးသော နိုင်ငံများတွင် နှစ်အနည်းငယ်အတွင်း ရိုတာဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားသော ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ သိသိသာသာ လျော့ကျသွားသည်ဟုလည်း တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းမှ စီမံချက်မန်နေဂျာ ဒေါက်တာ ထားထားလင်းက ဆိုသည်။ 

ကာကွယ်ဆေးကြောင့် ဖြစ်တတ်သော သာမာန်ကာကွယ်ဆေး တုံ့ပြန်မှုများရှိတတ်ပြီး လက္ခဏာများမှာ ဂျီကျခြင်း၊ ဖျားခြင်း၊ အန်ခြင်း၊ ဝမ်းလျှောခြင်း (ကာကွယ်ဆေး ရရှိပြီးသောကလေး ငါးရာခိုင်နှုန်း ခန့်တွင်သာ ဖြစ်သည်) တို့ ဖြစ်တတ်သည်ဟု သိရသည်။

၁၉၉၉ ခုနှစ်တွင် အမေရိကန် နိုင်ငံတွင် သုံးစွဲခဲ့သော ရိုတာဗိုင်းရပ်စ်ကာကွယ်ဆေး (Rotashield) သည် ကာကွယ်ဆေး သောက်ပြီးသော ကလေးများတွင် အူစွပ်ခြင်း (Intu ssusception) ဖြစ်ပွားနှုန်း ပိုများနိုင်သည်ဟု တွေ့ခဲ့၍ သုံးစွဲခြင်းကို ၎င်းနှစ်အတွင်း၌ပင် ရပ်ဆိုင်းခဲ့ဖူးသည်။

ထို့အတွက်ကြောင့် ရိုတာဗိုင်း ရပ်စ်ကာကွယ်ဆေးများကို ပြန်လည်ထုတ်လုပ်ပြီး မသုံးစွဲမီ စမ်းသပ်ချိန်တွင် အူစွပ်ခြင်း (Intu ssusception) ဖြစ်ပွားနှုန်းကို လေ့လာခဲ့ရာ ကာကွယ်ဆေး မသောက်သော ကလေးများနှင့် ကာကွယ်ဆေးသောက်သော ကလေးများ နှိုင်းယှဉ်ရာတွင် အူစွပ်ခြင်း ဖြစ်ပွားနှုန်းသည် ကွာခြားခြင်း မရှိသည်ကို တွေ့ရှိခဲ့သည်။ ထို့ကြောင့် ၂၀၀၆ ခုနှစ်မှ WHO - prequalitied ရိုတာဗိုင်းရပ်စ် ကာကွယ်ဆေး အမျိုးအစား နှစ်မျိုးကို ကမ္ဘာပေါ်တွင် စတင်သုံးစွဲခဲ့ရာ အာရှနိုင်ငံများတွင်လည်း လက်ရှိအထိ သုံးစွဲလျက်ရှိသည်။

အူစွပ်ခြင်းနှင့်ပတ်သက်၍ ရန်ကုန်ကလေးဆေးရုံကြီး၊ ကလေး ကျန်းမာဌာနမှ ပါမောက္ခ/ဌာနမှူး ဒေါက်တာရဲမြင့်ကျော်က “အူစွပ်ခြင်း ဆိုတာက ကလေးရဲ့အူရဲ့အ ရှေ့ပိုင်း အပိုင်းက နောက်အပိုင်းကို ကျွံပြီးဝင်သွားတာ။ အူထဲကို အူပြန်ဝင်သွားတာပေါ့။ အူထဲကို အူပြန်ဝင်သွားတဲ့အခါ အဲဒီအူက ပိတ်ဆို့သွားတာပေါ့။ အသက်ခြောက်လကနေ တစ်နှစ်အတွင်း ကလေးတွေမှာ အကြောင်းများစွာကြောင့် ဖြစ်တတ်ပါတယ်။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဖြစ်နှုန်းနည်းပါတယ်။ ဒီတစ်ခါပေးမယ့်ဆေးက ထိုးဆေးမဟုတ်ပါဘူး။ တိုက်ဆေးပါ။ ဘေးထွက်ဆိုးကျိုးက မရှိသလောက် နည်းပါတယ်။ ဘေးထွက်ဆိုးကျိုးအတွက် စိတ်ပူစရာ မရှိပါဘူး။ ကျွန်တော်တို့ တိုက်မယ့်ဆေးက လွန်ခဲ့တဲ့ ၁၄ နှစ်ကတည်းက နိုင်ငံပေါင်းများစွာမှာ တိုက်ပြီးပါပြီ။ ဘာပြဿနာမှ မရှိပါဘူး။ ကျွန်တော်တို့ ဆေးတိုက်မယ့် အရွယ်က နှစ်လနဲ့လေးလ။ အူစွပ်ခြင်းဖြစ်တာက အသက်ခြောက်လ နောက်ပိုင်းမှာမှ ဖြစ်တတ်တော့ ကာကွယ်ဆေး တိုက်ခဲ့တဲ့ ကလေးမို့ ဖြစ်တာလားဆိုတဲ့ မေးခွန်းပေါ်လာမှာ စိုးတဲ့အတွက်ကြောင့် ကျွန်တော်တို့ အူစွပ်ခြင်း ဖြစ်နှုန်းကို ကြိုပြီးကောက်ထားပါတယ်။ ဒါကြောင့်လည်း စောင့်ကြည့်မှာပါ။ ကာကွယ်ဆေးတိုက်ပြီး အူစွပ်တဲ့ကလေး တစ်ယောက်မှမရှိဘူး ဆိုတာလည်း မဖြစ်နိုင်ပါဘူး။ အူစွပ်တဲ့ကလေးက ဒီဆေးမတိုက်ခင် ကတည်းက ရှိနေတာပါ။ ထပ်တိုးလူနာ ရှိမရှိကိုလည်း စောင့်ကြည့်မှာပါ” ဟုဆိုသည်။

အူစွပ်ခြင်းဖြစ်ပွားနှုန်းကို အမေရိကန်နှင့် သြစတြေးလျနိုင်ငံများတွင် ဆက်လက်လေ့လာခဲ့ရာ ကာကွယ်ဆေးရသော ကလေးတစ်သိန်းတွင် အူစွပ်ဝင်သောရောဂါ ဖြစ်ပေါ်လေ့ရှိသော အရေအတွက်ထက် ခြောက်ဦးခန့် ပိုမိုဖြစ်ပေါ်နိုင်ကြောင်း တွေ့ရှိခဲ့ပြီး လက်ရှိအချိန် အထိလည်း ဖြစ်ပွားနှုန်းကို စဉ်ဆက်မပြတ် စောင့်ကြပ်ကြည့်ရှုနေဆဲဖြစ်သည်။ 

မြန်မာနိုင်ငံ အပါအဝင် နိုင်ငံအချို့တွင် ကာကွယ်ဆေးအသစ် စတင်ထိုးနှံချိန်၌ ထိုကာကွယ်ဆေးကို မထိုးရန် လှုံ့ဆော်သည့် သတင်းများ၊ ကောလာဟလများ ပေါ်ထွက်လေ့ရှိသည်။ ထိုကဲ့သို့သတင်းများနှင့် ပတ်သက်၍ ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးပြီး နောက်ဆက်တွဲ ပြဿနာများ စုံစမ်းစစ်ဆေး စောင့်ကြပ်ကြည့်ရှုခြင်း (AEFI) အဖွဲ့ဝင် ဒေါက်တာရဲမြင့်ကျော်က “ကာကွယ်ဆေး စထိုးတဲ့အချိန်မှာ ကာကွယ်ဆေးထိုးရမှာကို ကြောက်ရွံ့ထိတ်လန့်တဲ့အုပ်စု၊ ကာကွယ်ဆေး မထိုးဖြစ်အောင် လှုံ့ဆော်တဲ့အုပ်စု၊ ဒါတွေက နိုင်ငံတိုင်း ရှိပါတယ်။ အမေရိကန်လို နိုင်ငံမျိုးမှာတောင် ရှိပါတယ်။ တချို့ကလည်း သွေးရိုးသားရိုး ယုံကြည်လို့ လှုံ့ဆော်တာ ရှိသလို တချို့ကလည်း ကိုယ်ကျိုးပါတာတွေ ရှိပါတယ်။ တစ်ကမ္ဘာလုံးမှာ ကာကွယ်ဆေး ထိုးခြင်းကြောင့် တစ်နှစ်ကို ကလေးနှစ်သန်းလောက် အသက်ကို ကယ်နေတယ်ဆိုတော့ ကာကွယ်ဆေး မထိုးရဲအောင် လှုံ့ဆော်ခြင်းအားဖြင့် လှု့ံဆော်တဲ့သူရဲ့ သက်ရောက်မှုက တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ဆိုရင် ကလေးနှစ်သန်းလောက်အထိ သေအောင်လုပ်နေတဲ့ အကုသိုလ် ရှိပါတယ်” ဟု ၎င်း၏အမြင်ကို ပြောကြားသည်။ 

“ဒါတွေကြောင့်လည်း ကျန်းမာရေးကော်မတီအနေနဲ့ AEFI ဆိုတဲ့ အဖွဲ့တစ်ခု ဖွဲ့ထားပါတယ်။ AEFI ဆိုတာ ကာကွယ်ဆေးထိုးပြီးနောက် ဖြစ်ပေါ်လာသော မလိုလားအပ်သည့် ဖြစ်ရပ်ပေါ့။ အဲဒါကတော့ ကာကွယ်ဆေးထိုးပြီး ကလေးတစ်ဦး ဖျားတယ်နာတယ် ဆိုတာကအစ မှတ်ထားတယ်။ ဒီဆေးက ၁၄ နှစ်လုံး သူများနိုင်ငံတွေမှာ သုံးပြီးသားဆေး ဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာလည်း အသစ်တော့မဟုတ်ပါဘူး။ ပိုက်ဆံတတ်နိုင်တဲ့ သူတွေက ဆေးတစ်လုံး သုံးသောင်း၊ လေးသောင်းပေးပြီး အပြင်မှာ ဝယ်တိုက်နေတာ နှစ်ပေါင်းတော်တော်များများ ကြာနေပါပြီ။ ပုဂ္ဂလိက ဆေးရုံတွေမှာလည်း ဒီတံဆိပ်၊ ဒီဆေးပဲရနေတာ ကြာလှပါပြီ။ သို့သော် အခုက လူသန်းနဲ့ချီ တိုက်မှာဖြစ်တဲ့အတွက် အနီးကပ် စောင့်ကြည့်တာ ဖြစ်ပါတယ်။ ဖြစ်လာရင်လည်း အချိန်နဲ့ တစ်ပြေးညီ ကုသမှုပေးသွားဖို့ ပြင်ထားတယ်။ ကာကွယ်ဆေးနဲ့ သက်ဆိုင်ခြင်း ရှိမရှိကိုလည်း စုံစမ်းစစ်ဆေးသွားမှာ ဖြစ်ပါတယ်” ဟု ဒေါက်တာရဲမြင့်ကျော်က ရှင်းပြသည်။

လက်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဗဟိုတိုးချဲ့ ကာကွယ်ဆေးထိုးလုပ်ငန်း အနေဖြင့် ပုံမှန်ကာကွယ်ဆေးထိုး လုပ်ငန်းများတွင် ကာကွယ်ဆေးထိုးခြင်းသာမက ကျန်းမာရေး အသိပညာနှင့် ဝန်ဆောင်မှုများပါ တစ်ပါတည်း တွဲဖက်ဆောင်ရွက်နိုင်ရန် ပြင်ဆင်လျက်ရှိသည်။ နိုင်ငံတကာတွင်လည်း တိုးချဲ့ကာကွယ်ဆေးထိုး လုပ်ငန်းများတွင် ရောဂါကာကွယ်ဆေးထိုး ခြင်းသာမက အခြားဝန်ဆောင်မှု လုပ်ငန်းပါ တွဲဖက်ဆောင်ရွက်မှုများရှိပြီး ထိုသို့ဆောင်ရွက်ခြင်းဖြင့် ကာကွယ်ဆေးထိုး လွှမ်းခြုံမှုများ ပိုမိုကောင်းမွန် လာသည်ကို တွေ့ရသည် ဟုဆိုသည်။ ထို့ကြောင့် မြန်မာနိုင်ငံရှိ တိုးချဲ့ကာကွယ်ဆေးထိုး လုပ်ငန်းများတွင် ရောဂါကာကွယ်ဆေး ထိုးခြင်းသာမက ကလေးငယ်များ၏ ကြီးထွားဖွံ့ဖြိုးမှု၊ ကလေးငယ်များ၌ ဖြစ်ပွားနိုင်သော ကျန်းမာရေး ပြဿနာများ၊ မိခင်များတွင် ဖြစ်ပွားတတ်သော ကျန်းမာရေးပြဿနာများ၊ အာဟာရဖွံ့ဖြိုးမှု၊ မိသားစုစီမံကိန်း၊ သားဆက်ခြားမှု စသည်တို့နှင့် ပတ်သက်၍ ကျန်းမာရေး အသိပညာ မြှင့်တင်မှု လုပ်ငန်းများကို တွဲဖက်ဆောင်ရွက်သွားရန် ပြင်ဆင်နေခြင်း ဖြစ်သည်ဟု သိရသည်။ 

၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၁ ရက်မှစတင်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ပုံမှန်ကာကွယ်ဆေးထိုး ဆေးတိုက် အစီအစဉ်တွင် ရိုတာဗိုင်းရပ်စ် ကာကွယ်ဆေးကို စတင်ထည့်သွင်း တိုက်ကျွေးမည် ဖြစ်သည်။ အလားတူ ဆုံဆို့-မေးခိုင် ပါဝင်သော ကာကွယ်ဆေး (စတုတ္ထအကြိမ်) ကို ထည့်သွင်းထိုးနှံ ပေးသွားမည်ဖြစ်ရာ မိဘများအနေဖြင့် ကလေးများကို ခေါ်ဆောင်ပြီး ကာကွယ်ဆေးထိုး စုရပ်များသို့ သွားရောက်ကာ မပျက်မကွက် ထိုးနှံရန်သာ လိုအပ်မည်ဖြစ်သည်။

 

Most Read

Most Recent