ကလေးသူငယ် ဥပဒေအသစ်သည် အ သက် ၁၈ နှစ်အောက်ဟု သတ်မှတ်ထားသဖြင့် ကလေးသူငယ်များအား စောင့်ရှောက်ခြင်း၊ အပြစ်ပေးအရေးယူခြင်းများနှင့် ပတ်သက်ပြီး အလေးထားဂရုစိုက်ရမည့်ကိစ္စများ ရှိလာမည်ဖြစ်ကြောင်း ဇန်နဝါရီ ၁၇ ရက်က ပြုလုပ်သည့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ နည်းဥပဒေရေးဆွဲရေး ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးတွင် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက မိမိတို့အနေဖြင့် ကလေးသူငယ်များ၏ အခွင့်အရေးကို ဖော်ဆောင်ပေးနိုင်ရန် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေကို ပြဋ္ဌာန်းထားပြီးဖြစ်ကြောင်း၊ အစိုးရက ဆောင်ရွက်လျက်ရှိသည့် ကိစ္စများသည် လူ မှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ တရားဥပဒေစိုး မိုးရေးကို ဦးတည်ကြောင်း၊ လက်ရှိဆောင်ရွက်မှုများသည် အနာဂတ် နိုင်ငံတော်အတွက် အမွေကောင်းများ လက်ဆင့်ကမ်းနိုင် ရန်ဖြစ်ပါကြောင်း၊ လက်ဆင့်ကမ်းအမွေယူကြမည့်သူများသည် ကလေးငယ်များပင်ဖြစ် ပါကြောင်း ပြောကြားသည်။
ထို့ကြောင့် အကောင်းဆုံးဖွံ့ဖြိုးတိုးတက်ရေးနှင့် အကောင်းဆုံးအကျိုးစီးပွားများကို ခံစားရရှိစေရန် ကြိုးပမ်းကြခြင်းဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံတွင် လိုအပ်ချက်များပြားသည့်အတွက် အနာဂတ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ရှေ့ဆက်ဆောင်ရွက်ရာ၌ လုပ်ငန်းများ သွက်လက်မှန်ကန်ရန် ထက်ထက် မြတ်မြတ်ရှိရန်နှင့် စွမ်းဆောင်ရည်မြင့်မားပြီး အောင်မြင်ရန်အတွက် ကလေးငယ်များ၏ ဘဝဖွံ့ဖြိုးတိုးတက်ရန် အရေးကြီးပါကြောင်း၊ ထို့ကြောင့် လက်ဆင့်ကမ်းအမွေယူကြမည့် ကလေးသူငယ်များအတွက် အခွင့်အရေးကို ဖော်ဆောင်ပေးနိုင်အောင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေအသစ်ကို ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ကြောင်း၊ ပြောင်းလဲလာ သောခေတ်စနစ်များနှင့်သော်လည်းကောင်း၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂသဘောတူစာချုပ်နှင့် သော်လည်းကောင်း ကိုက်ညီမှုရှိအောင် ရေးဆွဲခဲ့ကြပါကြောင်း၊ အခွင့်အရေးများကို ဖော်ဆောင်ပေးရန် နည်းလမ်းများ ရှိရမည်ဖြစ်ကြောင်း၊ ဥပဒေအတိုင်း လိုက်နာဆောင်ရွက်ပါက ကလေးသူငယ်များအားလုံး သာတူညီမျှ ခံစားရရှိမည်ဖြစ်ကြောင်း၊ တူညီသည့် ဥပဒေအကျိုးကို မတူညီသည့်နေရာဒေသများတွင်ရှိသည့် ကလေးသူငယ်များအားလုံး ပြည့်ပြည့်ဝ၀ တန်းတူခံစားရရှိအောင် နည်းဥပဒေတွင် ပြည့်ပြည့်စုံစုံထည့်သွင်းပေးရန် မှာကြားလို ပါကြောင်း၊ ဥပဒေအသစ်တွင် ကလေးသူငယ်များ၏ အသက်ကို ၁၈ နှစ်အောက်ဟု သတ်မှတ်ထားသောကြောင့် နည်းဥပဒေ ဖော်ဆောင်ရာတွင် ကလေးသူငယ်များအား စောင့်ရှောက်ခြင်း၊ အပြစ်ပေးအရေးယူခြင်း များနှင့်ပတ်သက်၍ အထူးအလေးထားဂရုစိုက်ရမည့်ကိစ္စများ ရှိလာမည်ဖြစ်ကြောင်း၊ ကလေးသူငယ်မွေးစားခြင်းကဏ္ဍနှင့်ပတ်သက်၍ မိမိတို့နိုင်ငံ၏ တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို မသွေဖည်ဘဲ ဆောင်ရွက်ကြရမည်ဖြစ်သည်။
ထို့ပြင် နည်းဥပဒေကို အကောင်အ ထည်ဖော်ရာတွင် ဆောင်ရွက်ရမည့် လုပ် ငန်းစဉ်များ ရှင်းလင်းပြတ်သားစွာပါရှိရန် လည်း လိုပါကြောင်း၊ လုပ်ငန်းစဉ်များ အ ကောင်အထည်ဖော်ရာတွင်လည်း ထုတ်ပြန် ရမည့်အမိန့်ညွှန်ကြားချက်များသည် ဥပဒေ နှင့်ကိုက်ညီမှု ရှိရမည်ဖြစ်ပါကြောင်း၊ နည်း ဥပဒေကို ရေးဆွဲရာတွင် အတွေ့အကြုံများ ပြားသူများ လုပ်ငန်းအဖွဲ့ထဲတွင် ပါဝင်သည့် အတွက်ကြောင့် အတွေ့အကြုံများကို အချင်း ချင်းဖလှယ်ပြီး ပြဿနာရှိနိုင်သည့်ကဏ္ဍများတွင် အကောင်းဆုံးအဖြေရရှိအောင် ပူး ပေါင်းဆောင်ရွက်ပေးကြစေလိုပါကြောင်း၊ ကလေးသူငယ်များသည် မိဘ၊ မိသားစုဝင်များနှင့် ဆက်စပ်ရပ်တည်ရသောကြောင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ နည်းဥပဒေကို ဖော်ဆောင်ရာတွင် ကလေးသူငယ်များနှင့် ဆက်စပ်သောသူများအတွက်ပါ စဉ်းစားပေးရန် တိုက်တွန်းပြောကြားသည်။















